ထောင်လွတ်ရက်စေ့ မြန်မာနိုင်ငံသား ၁၂၉ ဦး ထိုင်းလွှဲပြောင်းပေး

ထိုင်းနိုင်ငံအတွင်း ထောင်လွတ်ရက်စေ့ မြန်မာအလုပ်အကိုင်ရှာဖွေသူတွေကို ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေက စီစဉ်နေပုံ။ (မတ်လ ၁၊ ၂၀၂၂)

[[Zawgyi/Unicode]]


ထိုင်းနိုင်ငံတောင်ပိုင်းခရိုင် ၁၄ ခုမှာ အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ထဲက လွတ်ရက်စေ့တဲ့မြန်မာနိုင်ငံသား ၁၂၉ ဦးကို ထိုင်းနိုင်ငံ ရနောင်းလူဝင်မူကြီးကြပ်ရေးအချုပ် ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ဘက်ကို မတ်လ ၁ ရက်နေ့ အင်္ဂါနေ့မှာ ပြန်ပို့လိုက်ပါတယ်။ ထိုင်းလူဝင်မှုကြီးကြပ်ရေးကနေ လွှဲပေးခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ် ၁ ယောက်ပါတဲ့အကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်းခရိုင် ၁၄ ခုမှာ အဖမ်းဆီးခံနေရတဲ့ထဲက လွတ်ရက်စေ့တဲ့ မြန်မာ ၁၂၉ ယောက်ကို ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းခရိုင် လူဝင်မူ့ကြီးကြပ်ရေး အချုပ်ကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်း ကော့သောင်းမြို့အာဏာပိုင်တွေလက်ကို ဒီနေ့ အင်္ဂါနေ့မှာ လွှဲပေးခဲ့ပါတယ်။ မြန်မာနိုင်ငံ ပြန်ပို့ခံရသူတွေနဲ့ပါတ်သက်လို့ နေရပ်ပြန်မြန်မာတွေကို အကူညီပေးနေတဲ့ တနင်္သာရီတိုင်း ကော့သောင်းမြို့က ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) - ရွှေ့ပြောင်းအလုပ်သမား အရင်းမြစ်စင်တာ (MWRC) တာဝန်ခံဦးမိုးဝေက အခုလိုပြောပြပါတယ်။

“၁၂၉ ယောက်ပါ။ ယောက်ကျားလေးက ၉၆ ယောက်။ အမျိုးသမီးက ၃၂ ယောက်။ ကလေးက တယောက်ပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း ၁၄ ခရိုင်က ရွှေ့ပြောင်းအလုပ်သမားတွေထဲက အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူတွေရှိတယ်။ ဒီအုပ်စုထဲမှာ တချို့က ထောင်ကလွတ်လာတဲ့သူတွေရှိတယ်။ တချိုက ပြစ်မှုကျူးလွန်သူတွေ ရှိတယ်။ တချို့က အထောက်အထားမရှိသူတွေပါတယ်။ ဒီကြားထဲမှာ အမျိုးသမီး ၃ ဦးက ပြီးခဲ့တဲ့နှစ်က နယ်စပ်ဖြတ်ကျော် မှုမှာ သက်သေအဖြစ် ၉ လကျော်နေရတယ်။ လူကုန်ကူးခံရတဲ့အမှုမှာ သူတို့ကို သက်သေအဖြစ်ထားတာပါ။ ဒီနေ့တော့ သူတို့ကိုပြန်ပို့လာတယ်။ ပြည်နှင်ဒဏ်ပေးလိုက်တဲ့သဘောပဲ။ ပြစ်မှုကျုးလွန်တဲ့သူဆိုရင် ၆ လကနေ ၂ နှစ်အထိ ပြည်ဝင်ခွင့်ပိတ်ခံရတာရှိတယ်။”

ထိုင်းနိုင်ငံကနေ ပြည်နှင်ဒဏ်ပေးလိုက်တဲ့ မြန်မာနိုင်ငံသားတွေကိုတော့ မြန်မာဘက်ခြမ်းမှာကိုဗစ်ကပ်ရောဂါစစ်ဆေးမှုတွေလုပ်ပြီး တချို့ကိုတော့ ကွာရမ်တင်းစင်တာမှာထားတဲ့အကြောင်းကိုလည်းပြောပြပါတယ်။

“ထိုင်းဘက်ခြမ်းကနေ နေ့လယ် ၁၂ နာရီလောက်မှာ အလုပ်သံအရာရှိကိုယ်တိုင်လိုက်ပို့ပေးတယ်။ ဒီဘက်က တာဝန်ရှိသူတွေက လက်ခံကြိုဆိုတယ်။ အပူချိန်တိုင်းတယ်။ ကိုဗစ်နဲ့ ပတ်သက်တာတွေ စစ်ဆေးတယ်။ ကွာရမ်တင်းစင်တာတွေ ပို့တယ်။ တခြားဒေသကို ပို့မယ့် သူတွေကိုတော့ အခုညနေပိုင်းမှာ စိစစ်ပြီး တခါတည်းကားန ြ့ပြန်ပို့ဖို့စီစဉ်နေပါတယ်။”

ထိုင်းနိုင်ငံမှာ ပြစ်ဒဏ်မျိုးစုံကျခံပြီးလို့ လွတ်ရက်စေ့နိုင်ငံခြားသားတွေကို နေရပ်ပြန်မပို့ခင် လဝက အချုပ်တွေမှာ ထားပါတယ်။

ထိုင်းလဝက အချုပ်တွေမှာ လွတ်ရက်စေ့တဲ့မြန်မာနိုင်ငံသားတွေ ထောင်နဲ့ချီ ရှိနေသေးပေမယ့် ကိုဗစ်ကပ်ဘေးကာလမှာ မြန်မာဘက်က စောင့်ကြည့်ရေး စင်တာမလုံလောက်တာကြောင့် နေရပ်ပြန်ပို့နိုင်ရေး ကြန့်ကြာနေပါတယ်။ ဒီအတွက်ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ မြန်မာနိုင်ငံသားတွေကို ထိန်းသိမ်းထားတဲ့ ထိုင်းတောင်ပိုင်းက လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်မှာ ဆန္ဒပြမှုတွေဖြစ်ပြီး ရုန်းရင်းဆန်ခတ်မှုတွေလည်းရှိခဲ့ပါတယ်ရှင်။

#MyanmarMigrants #MyanmarThailand #VOABurmese #ကော့သောင်းမြို့ #ဲမန်မာရွှေ့ပြောင်းအလုပ်သမားများ #လူကုန်ကူးမှု #ထိုင်းမြန်မာ#ဗွီအိုအေ

=============

[[Unicode]]











=============