[[Zawgyi/Unicode]]
မြန်မာနှစ်သစ်ကူး သင်္ကြန်ပွဲတော် အကျနေ့ဖြစ်တဲ့ ဒီနေ့မှာ ရန်ကုန်တမြို့လုံးနီးပါး ရေကစားသူမရှိသလောက် ခြောက်ကပ်နေပါတယ်။ ပုံမှန်ဆို သင်္ကြန်ရေပက်မဏ္ဍပ်တွေ၊ ရေပက်ခံသူတွေနဲ့ စည်ကားနေတဲ့ နေရာတွေမှာ လူရောကားပါ အသွားအလာမရှိသလောက်ပဲလို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။ အလုံမြို့နယ် ထဲမှာတော့ ဒီနေ့မနက်ပိုင်းက ပေါက်ကွဲမှု နှစ်ခု ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ကပေးပို့တဲ့ သင်္ကြန်အကျနေ့ ရန်ကုန်မြင်ကွင်းကို မစုမြတ်မွန်က တင်ပြပေးထားပါတယ်။
သင်္ကြန်အကျနေ့ဖြစ်တဲ့ ဒီနေ့ ဧပြီလ ၁၄ ရက်နေ့ ရန်ကုန်မြို့မှာ တော်တော်လေး ခြောက်ကပ်နေပါတယ်။ ရန်ကုန်မြို့လယ်က မြို့တော်ဝန်မဏ္ဍပ်နဲ့ တချို့ရပ်ကွက်တွေမှာ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေ အစီအစဉ်နဲ့လုပ်ထားတဲ့ သင်္ကြန်မဏ္ဍပ်တွေ လောက်သာရှိပါတယ်။ ဆူးလေက မြို့တော်ဝန်မဏ္ဍပ်တဝိုက် လုံခြုံရေးတင်းကျပ်ထားတာကို ဒီနေ့ ဖြေလျော့လိုက်တာကြောင့် အဲဒီနားတဝိုက် ရေကစားသူတချို့တော့ရှိတယ်လို့ အဲဒီနားမှာနေသူတယောက်က ခုလိုပြောပြပါတယ်။
“ဒီနေ့စစ်ဆေးတာတွေလျော့တော့ လာကြတာထင်တာပဲ။ ဒါပေမယ့် ဒီနားတဝိုက် ကလူတွေတော့ မဟုတ်ဘူး။ ကိုယ်တွေနားက လူတွေကတော့ရှင်းရှင်းပြောရင် ဒီကောင်တွေလုပ်တဲ့သင်္ကြန်မှာ မပါချင်ဘူး။ ဗုံးကွဲမှာလည်း ကြောက်တယ်။ သူတို့က မထင်ရင်မထင်သလို ဖမ်းခေါ်ခံရမှာလည်း ကြောက်တယ်။ ဘာမှမလုပ်ကြဘူး။ ပုံမှန်တိုင်းပဲ။ သင်္ကြန်ဆိုတာပြောမှသိမှာ။”
ရန်ကုန် မြို့တော်ဝန်မဏ္ဍပ်မှာ ရေကစားတဲ့ မြင်ကွင်းတွေကို စစ်ကောင်စီထိန်းချုပ် ထားတဲ့ မီဒီယာတွေကနေ ထုတ်လွှင့်ပြသခဲ့ပေမယ့် အဲဒီမဏ္ဍပ်မှာ ရေလာကစားတဲ့သူ အရေအတွက်ဟာ ပြီးခဲ့တဲ့နှစ် သင်္ကြန်တွေနဲ့နှိုင်းယှဉ်ရင် သိသိသာသာနည်းတာ တွေ့ရပါတယ်။
ရန်ကုန်မြို့ထဲက သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့တွေရဲ့ အစီအစဉ်နဲ့လုပ်ထားတဲ့ မဏ္ဍပ်တွေမှာလည်း ရေပက်ခံထွက်သူတွေမရှိသလောက် ခြောက် ကပ်နေပါတယ်။ ရန်ကုန်မြို့ထဲမှာ ပုံမှန်သင်္ကြန်ပွဲတော်အချိန်ဆို စည်စည်ကားကားရှိလှတဲ့ ပုဇွန်တောင်မြို့နယ် ရေကျော်အရပ်မှာဆိုလည်း လမ်းပေါ် အသွားအလာလုပ်သူတောင် မရှိသလောက်နည်းတယ်လို့ ရေကျော်မှာ နေသူတယောက်က ပြောပြပါတယ်။
“အရင်ကရေကျော်က အများကြီးစည်တာပေါ့နော်။ ခုကတော့ ဘာမှမရှိတော့ဘူး။ ကိုဗစ်ဖြစ်ပြီး သင်္ကြန်နားပြီးကတည်းက ရှေ့နှစ်တွေတုန်းက သင်္ကြန်ထွက်တဲ့သူ အနည်းအကျဉ်းရှိသေးတယ်လေ။ ခုက လုံးဝကို မရှိသလောက်ဖြစ်နေတာ။ မြို့ ထဲတွေဘာတွေတောင် ဘာမှမရှိသလောက်ပဲ။ ဖြတ်တဲ့ကားတွေတောင် မရှိသလောက်ပဲ။ သိပ်မထွက်ကြဘူး။”
ရေကျော်လမ်းမပေါ်မှာရှိတဲ့ ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (YMBA) အဆောက်အဦးမှာ ဗုဒ္ဓဟူးနေ့ညက ပေါက်ကွဲခဲ့တဲ့အတွက် ဘေးဝန်းကျင်က လူနေအိမ်တချို့ ပေါက်ကွဲမှုအရှိန်နဲ့ အနည်းငယ် ထိခိုက်ပျက်စီးမှုတချို့ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့သူ တချို့ကပြောပါတယ်။
ဒီနေ့လည်း အလုံမြို့နယ်မှာ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။ ကမ်းနားလမ်းနဲ့ ကွင်းကျောင်းလမ်းဒေါင့်က မြန်မာ့စီးပွားရေးဘဏ် နားမှာ ပေါက်ကွဲမှုတခုနဲ့ အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ နောက်တနေရာမှာ တခုဖြစ်ခဲ့တယ်လို့ ပေါက်ကွဲရာနားမှာ ရှိနေသူက ဗွီအိုအေကို ပြောပြပါတယ်။
သင်္ကြန်ကာလ ရန်ကုန်မြို့မှာ ဖောက်ခွဲတိုက်ခိုက်မယ့်သူတချို့ကို ဖမ်းဆီးရမိထားတယ်လို့တော့ စစ်ကောင်စီက ဧပြီ ၁၃ ရက်နေ့ က သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်လှုပ်ရှားသူတွေကလည်း စစ်ကောင်စီကလုပ်တဲ့ မဏ္ဍပ်တွေမသွား၊ သင်္ကြန်ပွဲတော်မှာ ပါဝင်ဆင်နွဲတာမလုပ်ဘဲ တော်လှန်သင်္ကြန် ဆိုပြီး ဆန့်ကျင်ကြဖို့ ဆော်သြထားပါတယ်။ မြို့ခံအများစုကလည်း လုံခြုံရေးအခြေ အနေကြောင့်ရော စိတ်ပျော်စရာ မရှိတာကြောင့်ပါ ဒီနှစ်သင်္ကြန်ကို ဆင်နွဲခြင်းမရှိတာလို့ ပြောကြပါတယ်။
သင်္ကြန်အချိန်ဆို ရန်ကုန်မြို့မှာ ပုဂ္ဂလိကမဏ္ဍပ်တွေအပြည့်နဲ့ အစည်ကားဆုံးနေ ရာလို့ ပြောနိုင်ခဲ့တဲ့ အင်းယားလမ်းမှာလည်း ဘာမဏ္ဍပ်မှကို မတွေ့ရဘူးလို့ အရင်က ကိုယ်ပိုင်မဏ္ဍပ်ထိုးခဲ့သူတဦးကပြောပြပါတယ်။
“ခုချိန်က မဏ္ဍပ်ဆောက်ခွင့်က အရမ်းလွယ်တာ။ အဆင့်ဆင့်တွေမရှိဘူး။ မဆောက်ချင်တာက ကိုယ်ကဆောက်ပြန်ရင်လည်း ဒလန်လို့ပြောခံရမယ်။ ကိုယ်တွေနဲ့ ဒီလူတွေနဲ့ ဘာပတ်သတ်မှုမှမရှိလည်း အဲလိုထင်ခံရမယ်။ ဘယ်သူမှတော့ ဒီကာလထဲ ပျော်မနေဘူးလေ။ ဒီသင်္ကြန်မှီ စီးပွားရှာသူတွေရှိပါတယ်။ ဒါတွေကိုလည်းကြည့်ဖို့ကောင်းတာပေါ့။ တချို့က ဘာမှလည်းမလုပ်၊ အွန်လိုင်းပေါ်တက်ပြီး ဖောင်းထုတာများပါတယ်။ တကယ်ကော သူတို့နေကြသလားဆိုမနေဘူး။ ပြည်ပ သင်္ကြန်မှာ သီချင်းတက်ဆို ပျော်မြူး ဈေးရောင်းတော့ လှူတာဖြစ်တယ်။ အမတို့ဆီ အဲလိုလုပ်ကြည့်။ တကယ်ရတာ လှူရင်တောင် တဘက်က အဖမ်းခံရမယ်။ တဘက်ကကျတော့ ဒလန်ဆို အသတ်ခံရမယ်။ ခုတော့မလုပ်ဘူး။ အိမ်မှာပဲ သူငယ်ချင်းတွေခေါ် မုန့်စား၊ ရေလောင်းတယ်။”
ရန်ကုန်မြို့ နေရာအများစုက သင်္ကြန်အချိန်လို့တောင် မပြောနိုင်လောက်အောင် ခြောက်ကပ်နေတယ်လို့ တော်တော်များများက ပြောပြကြပါတယ်။ အရင်လို ပုံမှန်ရေကစားသူတွေမရှိဘဲ ကလေးငယ်တွေလောက်သာ ရေကစားကြတာတွေ့ ရတယ်လို့ လှိုင်သာယာမြို့နယ်မှာ နေသူတယောက်ကလည်း ဗွီအိုအေကိုပြောပါတယ်။
“သင်္ကြန်ကတော့အေးဆေးပဲ။ လူကိုမရှိတာ။ သိပ်သွားသွားလာလာမရှိဘူး။ တချို့ အတွင်းလမ်းထဲမှာ ကလေးတွေလောက်ပဲ ရှိတယ်။ ကလေးတွေဆော့တာပေါ့လေ။ ၈နှစ် ၁၀ နှစ်သေးသေးလေးတွေ လမ်းထဲ ဆော့တာပေါ့လေ။ ကျန်တာ အပြင်မထွက်ကြဘူး။ ကောင်မလေးတွေဆို နယ်ပြန်တယ်။ ကောင်လေးတွေဆို သင်္ကန်းစည်းကြတာများတယ်။ လုံခြုံရေးကတော့ ပုံမှန်လှည့်ကင်းပတ်နေတာကတော့လေ။”
သင်္ကြန်ကာလမှာ တချို့ကတော့ အပန်းဖြေခရီးထွက်ကြပါတယ်။ ရန်ကုန်မြို့က နာမည်ကြီးဟိုတယ်တချို့နဲ့ ဘားနဲ့ကလပ်တွေမှာလည်း သြင်္ကန်ပွဲတော်ကို သီးသန့်အစီအစဉ်တွေ လုပ်တာရှိပါတယ်။ သင်္ကြန်ကာလမှာ အစဉ်အလာအားဖြင့် ကောင်းမှု ကုသိုလ် အဓိကထားလုပ်လေ့ရှိတာမို့ တချို့ကတော့ မိသားစုလိုက် ကိုယ့်အိမ်ရှေ့မှာပဲ မုန့်လုပ်စားတာ၊ စတုဒီသာလုပ်ပြီး လှူဒါန်းတာ၊ ရဟန်းသံဃာတွေကို ဆွမ်းလောင်းကြတာတွေနဲ့ မိသားစု တွေ့ဆုံရေပက်ကြတာမျိုးပဲ ရန်ကုန်မှာ လုပ်နေကြပါတယ်။
Your browser doesn’t support HTML5
============
[[Unicode]]
============