[[Zawgyi/Unicode]]
ထိုင်း မြန်မာနယ်စပ် သောင်ရင်းမြစ်တလျှောက်မှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေ အခုရက်ပိုင်း မိုးဒဏ်လေဒဏ်ကြောင့် ဒုက္ခရောက်နေကြပါတယ်။ ကပ္ပလီပင်လယ် ဘက်ကနေ မြန်မာနိုင်ငံဘက်ကို အင်အားကောင်း မုန်တိုင်းငယ်တခု ဦးတည် ရွေ့ လျားနေချိန် သောင်ရင်းမြစ်ကမ်းက စစ်ဘေးဒုက္ခသည်တွေ မိုးကြီး လေကြီးဒဏ်ခံ နေရတဲ့အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လေးကေ့ကော်ဒေသက စစ်ပြေးဒုက္ခသည်အများစု ခိုလှုံနေကြရတဲ့ သောင်ရင်းမြစ်တလျှောက် ယာယီဒုက္ခသည်စခန်းတွေဘက်မှာ မတ်လ ၂၀ ရက်၊ တနင်္ဂနွေညနေပိုင်းမှာ မိုးရွာသွန်းတဲ့အရှိန်ကြောင့် စခန်းတွင်း ရေဝင်ပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။ ညလုံးပေါက် မိုးကြီးလေကြီးတဲ့ ဒုက္ခတွေ ကြုံကြရတယ်လို့ ဒုက္ခသည်တွေကို ကူညီပေးနေသူတဦးက ပြောပါတယ်။
“အခု လောလောဆယ်တော့ အဲဒီ အချိန်အခါမဟုတ် မိုးရွာတဲ့အတွက်ကြောင့် အမိုးအကာတွေပေါ့နော်၊ အရင်က တာလပတ်နဲ့မိုးထားတာဖြစ်တဲ့အတွက် အခုက အဲဒီတာလပတ်ကို လေတိုက်တော့ လွင့်ထွက်သွားတယ်လေ။ အောက်မှာက မိုးရွာတော့ ရေဝင်တာလည်းရှိတော့ အဲဒီမှာ အခင်းလိုမယ်။ ပြီးရင် အဲဒီ အမိုးတွေအတွက် လိုမယ်ပေါ့နော်။ မနေ့ကကြည့်လိုက်တော့ မိုးကြောင့် ရေတောထဲမှာနေရတာ ညလုံးပေါက်ပဲ။ မိုးရွာတဲ့အချိန်မှာဆိုလို့ရှိရင် အဲဒီနေတဲ့ စစ်ဘေးရှောင်အဖွဲ့တွေကတော့ လုံးဝနေလို့မရဘူး။ အိပ်လို့လည်း မရဘူး။ ဘာဖြစ်လို့ အိပ်လို့ မရ လဲ ဆိုတော့ သူတို့နေရာက လေတိုက်တယ်။ လေတိုက်တော့ အဲဒီနေရာက ထိတယ်။ သူတို့မိုးထားတဲ့ အဲဒီတာလပတ်တွေလည်း လန်ပြန်ပြီးတော့ သူတို့နေတဲ့အခင်းဆိုရင်လည်း ရေတွေဆင်းလာတယ်လေ၊ အပေါ်က တောင်ပေါ်ရေတွေဆင်းလာပြီး သူတို့ဆီကို ရောက်ပြီးတော့ အဲဒီမှာ အိုင်ထွန်းပြီးမှ မနက်ပိုင်းမှ ရေက ဖြည်းဖြည်းချင်းကျသွားတယ်၊ ချောင်းထဲကိုဆင်းသွားတယ်။”
ယာယီစစ်ဘေးဒုက္ခသည်စခန်း ၅ ခုရှိတဲ့အထဲက Site 1 camp မှာတော့ တနင်္ဂနွေနေ့ ညက မိုးဒဏ်ကို တော်တော်လေး ခံလိုက်ရပါတယ်။ Site 2 camp ဘက်မှာတော့ မနေ့ကစပြီးတော့ မိုးရွာပေမယ့် အခက်အခဲသိပ်မရှိခဲ့ဘူးလို့ အဲဒီစခန်းမှာ နေထိုင်သူတဦးက ပြောပါတယ်။
“ကျမတို့ စစ်ရှောင်စခန်းမှာတော့ မိုးရွာတာပဲရှိတယ်။ မိုးဒဏ် လေဒဏ်တော့ မရှိဘူးပေါ့နော်။ အခု ကျမတို့နေတဲ့ နေရာမှာ မိုးတော့အုံ့တယ်။ အခု အခြေအနေကတော့ ကျမတို့ဘက်မှာတော့ တိုက်တာခတ်တာတော့ အသံပဲကြားရတယ်။”
မတ်လ ၂၁ ရက်၊ ဒီကနေ့ ညနေပိုင်းအခြေအနေ အရတော့ မိုးအုံ့ပြီး လေတိုက် တာနဲ့ မိုးဖွဲကျတာလောက်ပဲ ရှိသေးတယ်လို့ စစ်ဘေးရှောင်တွေရဲ့ အခက်အခဲကို ကူညီသူလည်းဖြစ်၊ စစ်ဘေးရှောင်စခန်းတွေရဲ့ စာရင်းပြုစုသူလည်းဖြစ်တဲ့ ဆရာလားဝါးက ပြောပါတယ်။ တိုက်ပွဲဒဏ်ကြောင့် ကိုယ့်ရဲ့နေအိမ်ကို စွန့်ခွာပြီး ထွက်ပြေးလာကြရတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာ၊ အိုးခွက်ပန်းကန်နဲ့ အိပ်ယာခင်း စတဲ့ လိုအပ်ချက်တွေရှိနေကြပါတယ်။ အခု ရာသီဥတု အခြေအနေကြောင့်လည်း ကျန်းမာရေးအပါအဝင် ရေအခက်အခဲတွေရှိနေတယ်လို့ ပြောပါတယ်။
“ဒီ စစ်ဘေးရှောင် ၅ ခုထဲမှာ အခုလိုက်ပြီးတော့ စာရင်းကောက်ရင်း လိုက်ကြည့်နေတဲ့အချိန်မှာ သူတို့ရဲ့လိုအပ်ချက်က ကျန်းမာရေးပိုင်းနဲ့ ပတ်သက်တာတွေပဲ။ အခု ကိုဗစ်ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း အခု ရာသီတုပ်ကွေးရောဂါ ဖြစ်နေတယ်။ နှာစေး၊ ချောင်းဆိုးတာတို့၊ ဝမ်းပျက်ဝမ်းလျှောတာတို့။ အခုဆို ကလေးတွေ အဖြစ်အများဆုံးက နှာခေါင်းသွေးယိုတာ တွေ့တယ်။ လူကြီးပိုင်းမှာဆိုရင်တုပ်ကွေး၊ ဝမ်းပျက်ဝမ်းလျှောရောဂါလည်း ဖြစ်တယ်။ လူဦးရောဂါအပိုင်းမှာဆို အခု အမျိုးမျိုးတွေ တွေ့ရတယ်။ ဘာဖြစ်လို့လဲဆို သူတို့က ကမ်းနားမှာ စစ်ဘေးရှောင်နေရတဲ့အတွက် ချောင်းကရေတွေ သုံးရပြုရတဲ့အတွက် ချောင်းရေက မိုးရွာတော့လေ ရေက မသန့်မရှင်းဘူး။ သူတို့အတွက် သောက်ရေသန့်တွေ လိုအပ်နေတယ်။”
အခုလိုအခက်အခဲတွေကြောင့် တချို့ကတော့ နေရပ်ကို ပြန်သွားကြပြီး ကျန်တဲ့ ဒုက္ခသည်တွေကလည်း နေရပ်ပြန်နိုင်ဖို့ လုံခြုံအေးချမ်းမယ့်အချိန်ကို မျှော်လင့်နေကြပါတယ်။
“ကျမတို့ကလေ လေးကေ့ကော်ဘက်မှာ မနေတော့ဘူး။ ကျမတို့ ရွာဘက်မှာ ပြန်ပြောင်းလာပြီရှင့်။ ကိုယ့်ဌာနေ နေတဲ့နေရာမှာပဲ အရဲစွန့်ပြီး ပြန်လာလိုက်တာ။ အဲဒီမှာ နေလို့အဆင်မပြေဘူး ဆိုတော့ ကျမတို့လည်း နေရာရှာပြီးတော့ ရွှေ့လိုက်တယ်လေ။ ကိုယ်နေတဲ့ရွာကိုပဲ အခြေအနေကြည့်ပြီးတော့ ပြန်လာရတာပေါ့။”
ကရင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေး KNLA တပ် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ အိုးအိမ်စွန့် ထွက်ပြေးနေကြရပါတယ်။ မြန်မာနိုင်ငံဘက်က သောင်ရင်းမြစ်တလျှောက်မှာရှိတဲ့ ယာယီဒုက္ခသည်စခန်း ၅ ခုမှာတင် လူဦးရေ ၁ သောင်းကျော်တဲ့အထိ ရှိပါတယ်။ နေရေးစားရေး ခက်ခဲနေကြချိန်မှာ ရာသီဥတုဒဏ်ကြောင့်ပါ ထပ်ပြီး ဒုက္ခရောက်နေကြပါတယ်။ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ကို အင်အားကောင်း မုန်တိုင်းငယ်တခု ရွှေ့လျားနေတဲ့အတွက် မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။ အဲဒီ မုန်တိုင်းငယ်ရဲ့ အရှိန်ကြောင့် မိုးရွာသွန်းတာ၊ လေပြင်းတိုက်တာ၊ မိုးထစ်ချုန်းရွာတာနဲ့ မြစ်ငယ်၊ ချောင်းငယ်၊ တောင်ကျချောင်းတွေမှာ လျှပ်တပြက်ရေကြီးတာ၊ ကုန်းမြင့်တောင်တန်း ဒေသတွေမှာ မြေပြိုတာတွေဖြစ်နိုင်လို့ ကြိုတင်သတိပြု နေထိုင်ဖို့ကိုလည်း မိုးလေဝသဌာနက သတိပေးထားပါတယ်။
Your browser doesn’t support HTML5
============
[[Unicode]]