၄ လကြာပိတ်ထားတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ပြန်ဖွင့်

မြန်မာနိုင်ငံမြိတ်မြို့နဲ့ကပ်လျက် ထိုင်းနိုင်ငံဘက်က ဆင်ခွန်နယ်စပ်ဂိတ်မြင်ကွင်း။ (ဓာတ်ပုံ-CJ)

[[Zawgyi/Unicode]]

ထိုင်း-မြန်မာနယ်စပ် ကုန်စည်စီးဆင်းလည်ပတ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ကို တနင်္သာရီတိုင်းအတွင်း တိုက်ပွဲများဖြစ်နေတာကြောင့် ၄ လကျော်ကြာပိတ်ထားရာကနေ ထိုင်းမြန်မာအာဏာပိုင်တွေ ဆွေးနွေးကြပြီး သြဂုတ်လ ၂ ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာ နယ်စပ်ဂိတ်တခုဖြစ်တဲ့ ဆင်ခွန် (Sin Khon- Maw Daung) နယ်စပ် စစ်ဆေးရေးဂိတ်ကို ၄ လကျော်ကြာ ပိတ်ထားရာကနေ သြဂုတ်လ၂ ရက်နေ့က ထိုင်းမြန်မာ အာဏာပိုင်တွေ ဆွေးနွေးပြီး ပြန်ဖွင့်လှစ်ခဲ့တာပါ။ ဆင်ခွန် နယ်စပ်ဂိတ်ပြန်ဖွင့်လိုက်တာဟာ ထိုင်းဘက်က စီပွားရေးအရပိုပြီးတိုးတက်နိုင်တယ်လို့ အလုပ်သမားရေးလုှပ်ရှားသူ ဦးမိုးကြိုးကပြောပါတယ်။

“ဆင်ခွန်ဂိတ် တရားဝင်ဖွင့်လိုက်တယ်ဆိုတော့ တနင်္သာရီတိုင်းကနေတဆင့် မြန် မာနိုင်ငံက ကုန်စည်ပို့ဆောင်ရေးတွေလည်း လွယ်လာတာပေါ့။ ထိုင်းနိုင်ငံကတော့ကုန်သွယ်စီးပွားမှာတော့ အပေါ်စီးကပဲ ရမြဲရနေမှာပဲ။ အဓိကတော့ လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ စားသောက်ကုန်တွေ၊ စက်သုံးဆီအမျိုးမျိုးတွေက တနင်္သာရီတိုင်းကနေတဆင့် ထိုင်းနိုင်ငံက ပို့ကုန်တွေအနေနဲ့ပေါ့။ လှေလုပ်သားတွေရယ်၊ ခေါင်းရွက်ဗျတ်ထိုးဈေးသယ်တွေအနေနဲ့ကလည်း အသေးစားနဲ့ အလတ်စားကုန်သည်ပွဲစားတွေကလည်း အကျိုးရှိတာပဲ။ ထိုင်းပစ္စည်းကိုမြန်မာနိုင်ငံနေရာအနှံ့အပြား ရောင်းဝယ်ဖောက်ကားမယ့် အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိတာပေါ့။”

မြန်မာဘက်ခြမ်းက မောထောင်နယ်စပ်မြို့နဲ့ ထိုင်းဘက်အခြမ်းက Klong Wan နယ်စပ်မြို့ကို ညီအမမြို့အဖြစ်သတ်မှတ်ထားပြီး မြန်မာဘက်ကအလုပ်သမားတွေ လနဲ့ချီ အလုပ်လုပ်ကိုင်နေထိုင်လို့ရတဲ့ နယ်စပ်ဖြစ်ပါတယ်။ အဲဒီနယ်စပ်ဂိတ်ဘက် ကနေ ထိုင်းနိုင်ငံက လျှပ်စစ်ပစ္စည်းတွေ၊ အစားအသောက် သီးနှံထွက်ကုန်တွေအမြောက်အများ မြန်မာဘက်ကို ပို့ဆောင်နေတာပါ။ အခုလိုဖွင့်လိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာဘက်က အောက်ခြေအလုပ်တွေလုပ်နေတဲ့ အခြေခံလူတန်းစား မြန်မာအလုပ်သမားတွေအတွက်ကတော့ အကျိုးရှိမှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။

“ဒီဘက်ကမ်းမှာရှိတဲ့ အလုပ်သမားတွေအတွက်ကလည်း ထိုင်းပစ္စည်းတွေကို မြန်မာနိုင်ငံကိုပို့ဆောင်ရတဲ့အတွက် ကုန်တင်ကုန်ချ အလုပ်သမားတွေ၊ လှေလုပ် သားတွေ၊ ပင်လယ်နဲ့ရေထွက်ပစ္စည်းလုပ်ငန်းတွေလုပ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ် သမားတွေအတွက်လည်း အကျိုးရှိတာပေါ့။ ပုံမှန်ဝင်ငွေအပြင် အချိန်ပိုလုပ်အားခတွေလည်းရတယ်။ နေ့ဆိုင်း ညဆိုင်းတွေလည်း ခွဲထားတာကိုး။”

ဆင်ခွန်နယ်စပ်ဂိတ်ကို တနင်္လာနေ့က စနေ့နေ့အထိ မနက် ၈ နာရီကနေ ညနေ ၄ နာရီထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကိုဗစ်စည်းကမ်းနဲ့အညီ ကုန်စည်ပို့ဆောင်သွားရမှာဖြစ်ပါတယ်။

မြိတ်မြို့နဲ့ ကပ်နေတဲ့ ဆင်ခွန်နယ်စပ်ဂိတ်ဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံဘက် ကို ဘတ်သန်း ၁,၄၀၀ လောက် တန်ဖိုးရှိတဲ့ ကုန်စည်တွေ နှစ်စဉ် တင်ပို့ရောင်းချ ကုန်စည်စီးဆင်းနေတဲ့ နယ်စပ်ဂိတ်တခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ ဒေသထွက်ကုန်တွေ၊ စားသောက်ကုန်တွေကိုသာ ပို့ဆောင်နေတာဖြစ်ပါတယ်။

#MyanmarThailand #VOABurmese #နယ်စပ်ကုန်သွယ်ရေး #ဆင်ခွန်နယ်စပ်ဂိတ်
==============

[[Unicode]]










==============