[[Zawgyi/Unicode]]
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီကနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းကို KIA က မိုင်းခွဲ တိုက်ခိုက်ခဲ့တဲ့နောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ထိခိုက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာ ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။
ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ အပတ်ကစတင်ပြီး တိုက်ပွဲတွေ ကြို့ကြားဖြစ်ပွားခဲ့တာပါ။ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဘွမ်နမ်ခေါ် မိုးကားရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ခဲ့ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။
“ ၉ နာရီနည်းနည်းကျော်ကျော်လောက်က ဖြစ်တယ်။ တနာရီကျော်ကျော်လောက်တော့ ကြာတယ်။ ဖားကန့်နေလို့ရှိရင် ဒီ အနောက်မြောက်ပေါ့။ ကောင်ဆန်နဘေးမှာ မိုးကားရွာပေါ့။ အဲဒီမှာ တိုက်ပွဲဖြစ်တယ်။ ပြီးရင်နမ့်မှော်ဘက်မှာလည်း သေနတ်သံအနည်းငယ်ကြားတယ်။ အဲဒီစစ်ကြောင်းက အခုချိန်ထိ ရှိနေတုန်း။ မိုးကာရွာ၊ ဘွမ်နမ်ကျေးရွာဆိုတဲ့နေရာမှာ။ ဒီဘက်မှာတော့ အခုက စစ်ကြောင်းက ၃ကြောင်းလောက် ထိုးထားတယ်ဆိုတော့ တိုက်ပွဲတော့ ခပ်စိပ်စိပ်တော့ ဖြစ်နေတာပဲ အခုတလော။ ”
အခြားဒေသခံတယောက်ကတော့ ဒီမနက်ဖြစ်ပွားတဲ့တိုက်ပွဲဟာ စစ်ကောင်စီစစ်ကြောင်းကို KIA က မိုင်းခွဲတိုက်ခိုက်တဲ့နောက် စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ဒီပစ်ခတ်မှုမှာ ကလေးတဦး ထိခိုက်ကြောင်း ပြောပါတယ်။
“ ကောင်ဆန်လမ်း ဘွမ်နမ်မှာဖြစ်တယ်ဗျ။ ကလေးတယောက်ဒဏ်ရာရသွားတယ်။ သူတို့ ဒီနေ့မနက်အစောကြီး သူတို့နေတဲ့စခန်းလည်းမဟုတ်ဘူး။ ကုမ္ပဏီမှာနေတာလေ။ သူတို့ နေတဲ့ကုမ္ပဏီက အစောကြီးထွက်တယ်။ ထွက်တော့ ကောင်ဆန်လမ်းဘက်ကိုထွက်သွားတယ်။ ဘွမ်နမ်လမ်းဘက်ကို ထွက်သွားတယ်။ စစ်ကြောင်းသွားနေတဲ့အချိန် မိုင်းနဲ့ ခွဲလိုက်တာ အဲဒီအချိန်ထိသွားတယ်ဗျ။”
ဖားကန့်ဒေသက လူမှုကူညီရေးလုပ်ငန်းကို ဆောင်ရွက်နေသူတဦးကတော့ လက်နက်ကြီးထိမှန်တဲ့ကလေးကို ဖားကန့်ဆေးရုံပို့ဆောင်ထားကြောင်း ပြောပါတယ်။
“လက်နက်ကြီး ကျတယ်လို့ ပြောတယ်။ ၁၅ နှစ်အရွယ်ကလေးက မိုင်းစ ၂ စထိတယ်တဲ့။ နှစ်နေရာထိတယ်။ လက်မောင်းတချက်။ ဗိုက်တချက်မှာ ထိတယ်။ ဖားကန့်ဆေးရုံပို့ထားတယ်လို့ ပြောတယ်။ ၁၅ နှစ်အရွယ် ယောက်ျားကလေးတဲ့။”
ဖားကန့်မြို့နယ်အတွင်းမှာ ဒီလ ၂၀ ရက်နေ့လောက်က စတင်ပြီး တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာပါ။
ဒီလ ၂၃ ရက်နေ့ကတော့ ကရင်ချောင်ကျေးရွာတံတားထိပ်မှာ ဆိုင်ကယ်စီးလာတဲ့ အရပ်သားတဦးကို စစ်ကောင်စီတပ်က ရပ်ခိုင်းရာမှာမရပ်တဲ့အတွက် သေနတ်နဲ့ပစ်ခတ်လို့ သေဆုံးခဲ့ကြောင်း ကချင်သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ အကြမ်းဖက်နှိပ်ကွပ်ခံရတဲ့နောက် တက်ကြွလှုပ် ရှားသူအတော်များများဟာ KIA ထိန်းချုပ်ရာနယ်မြေထဲ ခိုလှုံခဲ့ကြပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့ခဲ့ကြပါတယ်။ အဲဒီနောက် ကချင်ဒေသနဲ့ အနီးက စစ်ကိုင်းတိုင်းတခွင်မှာ စစ်ကောင်စီနဲ့ ဒေသခံတွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလိုဖြစ်နေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်တဖွဲ့ချင်းကို ကမ်းလှမ်းထားပေမယ့်လည်း KIA ဘက်ကတော့ ဒါကို ပယ်ချထားပါတယ်။
Your browser doesn’t support HTML5
===============
[[Unicode]]
===============