[[Zawgyi/Unicode]]
စစ်ကိုင်းဒေသ စစ်ကောင်စီနယ်မြေရှင်းလင်းမှု အရပ်သားထိခိုက်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် အင်တိုင်းတောင်ရွာကို စစ်ကောင်စီက နယ်မြေရှင်းလင်း ဝင်ရောက်ပစ်ခတ်တာကြောင့် လူသုံးဦးသေဆုံးပြီး အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေဦးမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အစပ်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။ ရန်ကုန် သတင်ပေးပို့ထားပါတယ်။
စစ်ကိုင်းတိုင်း ဒေသကြီး ခင်ဦးမြို့နယ် အင်တိုင်း တောင်ရွာကို မေ ၂၀ ရက် ညနေပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းပစ်ခတ်တာကြောင့် လူ သုံးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နေအိမ်တွေကို မီးရှို့တာကြောင့် အိမ်ခြေ ၂၀၀ နီးပါး မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။
“ခင်ဦးမြို့နယ် အင်တိုင်းတောင်ရွာကိုဝင်ပြီး တောက်လျှောက်ရှို့သွားတာ။ ဒီနေ့ ညနေ ၄ နာရီလောက်မှာ။ အိမ်ခြေ ၁၅၀ - ၂၀၀ နီးပါးလောက်ပါသွားတယ်။ တိုက်ပွဲမဖြစ်ဘူး။ ဘာတိုက်ပွဲမှမဖြစ်ဘူး။ ဒီတိုင်း သက်သက် မီးရှို့တာ။ ရွာကိုဝင်တယ်။ မီးရှို့တယ်။ ဘာမှမလုပ်တော့ဘူး။ ပြောမယ်ဆိုရင် ရွာလုံးကျွတ်ကို မီးရှို့တာ။ ကျေးရွာသားတွေက တယောက်မှ မရှိတော့ဘူး။ အကုန်ထွက်ပြေးရတာ။ သူတို့လာပြီဆိုကတည်းက အကုန်ထွက်ပြေးရတာ။ မထွက်ပြေးရင် ပစ်သတ်တယ်။ ပစ်သတ်ပြီး မီးနဲ့ရှို့တယ်ဆိုတော့ တယောက်မှ မနေရဲတော့ဘူး။”
မေ ၁၉ ရက် နေ့လယ်ပိုင်းကလည်း ဒီပဲယင်းနဲ့ ရေဦးနယ်စပ် ရေဦးမြို့နယ် တာတိုင်းကျေးရွာ မူးကျွန်း (မူးမြစ်ရေလယ်ကျွန်း)မှာ စစ်ကောင်စီလက်နက်ကြီး ပစ်ခတ်လို့ စစ်ပြေးဒုက္ခသည် ၅ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရရတယ်လို့ ဒေသခံတဦးကပြောပါတယ်။
“မနေ့ကဆိုတော့ ၁၉ ရက်နေ့ပေါ့နော်။ ၁၉ ရက်နေ့လယ်၂ နာရီ ၃ နာရီလောက်မှာ သူတို့ (စစ်ကောင်စီ) ပစ်ခတ်လို့ ဒီပဲယင်း ရေဦးနယ်စပ် ပေါက်သာ နဲ့ အရှေ့ဘက်ကမ်း တာတိုင်နဲ့ကြား မူးကျွန်းထဲမှာ လှမ်းပစ်ခံရတာ။ ခြုံလေးတွေတို့ တဲလေးတွေတို့ သစ်ပင်ရိပ်အောက်မှာ သူတို့ရှောင်ကြတိမ်းကြတဲ့ စစ်ရှောင်ကို လှမ်းပြီးတော့ ပစ်ခံရတာ။ သေဆုံးတာ ၅ ဦးရှိသွားပြီ။ ၅ ဦးက ထိခိုက်ဒဏ်ရာတွေနဲ့ ကုသစဲလို့ပြောပေမယ့် ကုသဖို့ရာခက်ခဲတယ်။ ပိတ်မိနေတယ်။”
ဒီပဲယင်း ရေဦး ခင်ဦး မြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက နယ်မြေရှင်းလင်းတာတွေလုပ်နေပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဒေသခံတွေက ပြောပါတယ်။ သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာလည်း တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကနီနယ်ထဲမှာဆိုရင်လည်း မေ ၁၆ ရက်ကတည်းက နယ်မြေရှင်းလင်းရေးဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး၊ မေ ၂၀ ရက်နေ့ အထိ နေအိမ်တွေကို မီးရှို့ခံနေရပါတယ်။ စစ်ကောင်စီတပ်ဟာ ချင်းတွင်းမြစ်ဘေးက ကျေး ရွာတွေကို နယ်မြေရှင်းလင်းနေတာဖြစ်ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေဘက်ကတော့ ကျောက်စိမ်းနဲ့ရိက္ခာတင် သင်္ဘောတွေ ဖြတ်သန်းသွားလာဖို့ နယ်မြေစိုးမိုးမှု လုပ်ဆောင်နေတာလို့ ယူဆနေပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေပြီး နေအိမ်တွေ မီးရှို့ခံနေရတဲ့အတွက် ကျေးရွာတော်တော်များများက ထောင်နဲ့ချီတဲ့ အရပ်သားတွေ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရပါတယ်။ ဒီရက်ပိုင်းအတွင်း မိုးရွာသွန်းတာကြောင့် ဒုက္ခသည်တွေ အခက်ပိုကြုံနေရတယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5
#MyanmarViolence #SagaingFighting #VOABurmese #စစ်ကိုင်းတိုင်း #အင်တိုင်းတောင်ရွာ #ဗွီအိုအေ #စစ်ကောင်စီမီးရှို့
============
[[Zawgyi/Unicode]]
============