ကုလအကြံပေး Nambiar မြန်မာခရီးစဉ် အဆုံးသတ်

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို ဆိုက်ရောက်လာစဉ် (၁၄ ဇွန် ၂၀၁၂)

မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရောက်ရှိနေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ သူ့ရဲ့ ခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံအနှံ့ကို သွားရောက်ခဲ့သလို သူဟာ မကြာခင်ကပဲ ရခိုင်ပြည်နယ် သံတွဲမြို့ကို သွားရောက်ပြီးတော့ ပြန်လာခဲ့တာဖြစ်ပါတယ်။ အထူးကိုယ်စားလှယ်အနေနဲ့ ဒေသခံ ဘာသာစုံက ကိုယ်စားလှယ်တွေနဲ့လည်း ရခိုင်ပြည်နယ် သံတွဲမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သူ့ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ် ပထမနေ့ တနင်္ဂနွေနေ့တုန်းကတော့ မောင်တော ဒေသမှာရှိတဲ့ ရခိုင်ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် ကြည့်ရှုခဲ့တယ်လို့ ရခိုင်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့ကနေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံကို သီတင်းတပတ်ကျော်ကြာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ ဒီကနေ့ ရခိုင်ပြည်နယ် သံတွဲမြို့ကို သွားရောက်ပြီး အဲဒီမှာရှိတဲ့ ဘာသာပေါင်းစုံက ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

မစ္စတာ နမ်ဘီယားနဲ့ ဆွေးနွေးဖြစ်တဲ့ အခြေအနေတွေကိုတော့ အဲဒီ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ သံတွဲမြို့ခံ အစ္စလာမ် ဘာသာဝင်တဦးဖြစ်သူ ဦးလှမြင့်က ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့ သံတွဲမှာ ဖြစ်ပျက်ခဲ့တဲ့ ကျနော်တို့ သံတွဲ ဒွါရဝတီမြို့သစ်က မီးရှို့ခံရတဲ့ကိစ္စလေးတွေ၊ ကျနော်တို့ ဟို မြို့တောင်က လှေ ၅ စီး မီးရှို့ခံရတဲ့ကိစ္စလေးတွေ၊ အဲ့ဒါလေးတွေ ကျနော်တို့ တင်ပြခဲ့ပါတယ်။”

မစ္စတာ နမ်ဘီယားဘက်ကတော့ အရင်ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေလိုမျိုး နောက်နောင် မဖြစ်ရလေအောင် ဒေသခံ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေ အားလုံး ညှိနှိုင်းဆောင်ရွက်ကြဖို့ အကြံပေး ပြောဆိုခဲ့တယ်လို့ ဦးလှမြင့်က ဆက်ပြောပါတယ်။

“လက်ရှိ အနေအထားမှာ ကျနော်တို့ သံတွဲမှာ အစ္စလာမ်ရော၊ ဗုဒ္ဓဘာသာရော ဘာသာကြီး ၄ မျိုးပေါ့နော်။ ဘာသာကြီး ၄ ရပ်ရဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ ကိစ္စလေးတွေ၊ သူလည်းပဲ သွားမေးပြီးတော့ သဘောကျတယ်ဆိုတဲ့ကိစ္စလေးတွေ၊ နောက်တခါ ဒီလိုမျိုး အားလုံး ညှိနှိုင်းပြီးတော့ ပြေပြေလည်လည် နေဖို့အတွက်ကိုလည်း သူက တိုက်တွန်းသွားပါတယ်ခင်ဗျ။ သူကလည်း ကျနော်တို့ ဒီလိုမျိုး ပဋိပက္ခဖြစ်စဉ်လေးတွေကို ဒီမှာရှိနေတဲ့ လူအချင်းချင်း ညှိနှိုင်းဆောင်ရွက်မှသာ ပြေလည်နိုင်မယ်ဆိုတဲ့ အကြောင်းလေးတွေ သူ ထည့်ပြောပါတယ်ခင်ဗျ။ အပြန်အလှန် ညှိနှိုင်းမှသာ ကျနော်တို့ ဒီဟာလေးတွေ ပြေလည်နိုင်မယ်။ သူတို့အနေနဲ့ကတော့ တိုက်ရိုက် အမိန့်ပေးလို့ မရပါဘူးဆိုတဲ့ စကားလေး ပြောပါတယ်ခင်ဗျ။”

အဲဒီတွေ့ဆုံပွဲကို မစ္စတာ နမ်ဘီယားနဲ့အတူ ရခိုင်ခရီးစဉ်ကို လိုက်ပါသွားကြတဲ့ ပြည်ထောင်စု ဝန်ကြီးတွေဖြစ်ကြတဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်တို့အပြင် ဘာသာကြီး ၄ ခုဖြစ်တဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ဟိန္ဒူနဲ့ ခရစ်ယာန်တို့က ကိုယ်စားလှယ်တွေ၊ မြို့မိ မြို့ဖတွေ တက်ရောက်ကြတယ်လို့ သိရပါတယ်။

မစ္စတာ နမ်ဘီယားနဲ့အဖွဲ့ မနေ့တုန်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အချိန် ပြည်နယ် ဝန်ကြီးချုပ်က လက်ရှိ အခြေအနေတွေကို တင်ပြခဲ့တယ်လို့ ပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်း က ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ဒီမှာ ဝန်ကြီးချုပ်က ဟို ရှင်းလင်းတင်ပြတာပေါ့လေ။ ရခိုင်ပြည်နယ် အစိုးရကနေပြီးတော့ IDP တွေနဲ့ပတ်သက်ပြီး စုံစမ်းထားချက်တွေကိုပေါ့လေ။ အဲ့ဒီလို တင်ပြတဲ့အခါမှာ တင်ပြချက်တွေက ကောင်းပါတယ်။ သူကိုယ်တိုင်လည်း ဒီမှာ လောလောဆယ် တွေ့နေရပြီပေါ့။ သို့သော် ကမ္ဘာက ဒါတွေကို သိမှုတွေမှာ နည်းနည်း အားနည်းနေသေးတယ်။ ဒါတွေကို ကမ္ဘာအနှံ့ သိအောင်လည်း တင်သင့်တယ်လို့လည်း အကြံပြုတယ်ဗျ။ သူက ပြောတာကတော့ ကိုယ့်မှာဆောင်ရွက်ထားချက်တွေဟာ တော်တော်ကိုပေါ့နော် အားခဲပြီးတော့ ဆောင်ရွက်ထားတယ်။"

"ပြည်ထောင်စု အစိုးရကရော၊ ပြည်နယ်အစိုးရကရော ဒါတွေကျတော့ ပြင်ပကမ္ဘာတွေက မသိနေတဲ့အခါကျတော့ ဆန့်ကျင်ဘက်ဖြစ်နေတာပေါ့နော်။ ပြင်ပကမ္ဘာတွေမှာ ကျတော့ အစိုးရကတွေက ဂရုမစိုက်ဘဲထားတယ်၊ နောက် ဟို ဒုက္ခသည်တွေရဲ့ နေရေး၊ ထိုင်ရေး၊ သွားရေး၊ လာရေး စောင့်ရှောက်မှုတွေမှာ လိုအပ်တယ်ဆိုပြီးတော့ အဲ့လိုဖြစ်နေတယ်တဲ့။ တကယ်လက်တွေ့မှာတော့ လုပ်ထားတာ တော်တော်များများ လုပ်ထားပါတယ်ပေါ့နော်။ ဒါကို ကမ္ဘာကသိအောင် လုပ်ဖို့ လိုပါတယ်လို့ အဲ့လိုပဲ သုံးသပ်ပါတယ် မစ္စတာ နမ်ဘီယားကလေ။”

မစ္စတာ နမ်ဘီယား ထောက်ပြသွားတဲ့ ရခိုင်အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ပြင်ပကမ္ဘာက သိအောင် လုပ်ဆောင်ဖို့ အားနဲချက် ရှိနေတာနဲ့ ပတ်သက်လို့လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ်က လုပ်ဆောင်မယ့်အကြောင်း ပြောတယ်လို့ ဦးလှသိန်းက ပြောပါတယ်။

“ဒါနဲ့ပတ်သက်ပြီးတော့ ဝန်ကြီးချုပ်ကလည်း ဒါလေးတွေတော့ လုပ်ဖို့ ဆိုပြီးတော့ ပြောပါတယ်။ လုပ်သင့်တဲ့ကိစ္စပါပဲဆိုပြီးတော့ ဒါလေးတွေနဲ့ပတ်သက်ပြီးတော့ နောက်ပိုင်းမှာ ကမ္ဘာကသိအောင် တချို့ စာအုပ်စာတမ်းလေးတွေ ဖြန့်ချိဖို့ လုပ်နေကြတယ်ဆိုတာ သိရပါတယ်ခင်ဗျ။”

တနင်္ဂနွေနေ့တုန်းကတော့ မစ္စတာ နမ်ဘီယားနဲ့အဖွဲ့ဟာ ရခိုင်ရွာတချို့နဲ့ ဒုက္ခသည်စခန်းတွေကို သွားရောက် လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

“မနေ့ကတော့ တခါ မောင်တောဒေသမှာရှိတဲ့ ရခိုင်ကျေးရွာတွေပေါ့နော် မီးရှို့ခံရတဲ့ကျေးရွာတွေ သွားကြည့်ပါတယ်။ အဲ့ဒီက ပြီးလို့ရှိရင် ကျနော်တို့ ဒီ ပေါက်တောမြို့နယ်မှာရှိတဲ့ ဘင်္ဂါလီ IDP တွေထားတဲ့ အိမ်တွေအပြင် ဒုက္ခသည်စခန်းကို သွားကြည့်ပါတယ်။ အဲ့ဒီကပြီးတဲ့အခါတော့ ပြီးသွားပါတယ်။”

မစ္စတာ နမ်ဘီယားနဲ့အဖွဲ့ဟာ ဒီကနေ့ သံတွဲကနေ ရန်ကုန်မြို့ကို ပြန်လည် ထွက်ခွာလာပြီ ဖြစ်ပါတယ်။ မစ္စတာ နမ်ဘီယားအနေနဲ့ သံတွဲမြို့က အခြေအနေတွေကို အချိန် အကန့်သတ်ရှိတာကြောင့် ကိုယ်တိုင် သွားမလေ့လာနိုင်ခဲ့ပေမဲ့ ဒီကနေ့ သူနဲ့ တွေ့ဆုံစဉ် ဒေသခံတွေဘက်က တင်ပြလာတဲ့အချက်တွေကို အကောင်အထည် ဖော်နိုင်ဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က သံတွဲမှာ ၂ ရက်နေထိုင်ပြီး လိုအပ်တာတွေကို ကူညီ လုပ်ဆောင်ပေးဖို့ စီစဉ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက် လည်ပတ်နေတဲ့ မစ္စတာ နမ်ဘီယားဟာ ဒုသမ္မတ စိုင်းမောက်ခမ်း၊ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်း၊ အမေရိကန် သံအမတ်ကြီး ဒဲရက်ခ် မစ်ချဲ (Derek Mitchell) တို့အပြင် တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း
တွေ့ဆုံခဲ့တယ်လို့ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ နမ်ဘီယားအနေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အခု ရခိုင်ပြည်အပါအဝင် မိတ္ထီလာမြို့၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နဲ့ ကေအိုင်အို ကချင်ဌာနချုပ်ရှိရာ လိုင်ဇာမြို့တို့ကိုလည်း သွားရောက်ပြီး ကေအိုင်အို ခေါင်းဆောင် အတော်များများနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ၆ ကြိမ်မြောက်အဖြစ် လာရောက်တဲ့ သူ့ရဲ့ ဒီခရီးစဉ်ဟာ စက်တင်ဘာလကုန်ပိုင်းမှာ စတင်မယ့် ၆၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံမတိုင်ခင် မြန်မာနိုင်ငံက အခြေအနေတွေကို လာရောက် လေ့လာတဲ့ ခရီးစဉ် ဖြစ်တယ်လို့လည်း ကုလသမဂ္ဂက ထုတ်ပြန်တဲ့ ကြေငြာချက်ထဲမှာ ဖော်ပြထားပါတယ်။