မြန်မာပြည်ရောက် ကုလအကြံပေး Nambiar ကချင်ပြည်နယ်သွားမည်

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar ကချင်ပြည်နယ်မှာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံစဉ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗွီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပါတယ်။ သူဟာ မနက်ဖြန် အင်္ဂါနေ့မှာ ကချင်ပြည်နယ်ကို သွားရောက်မှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်မြို့နေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က သတင်းပေးပို့ထားပါတယ်။

မစ္စတာ ဗွီဂျေး နမ်ဘီယားဟာ ဘယ်သတင်းဌာနကိုမှ တရားအသိပေးခြင်းမရှိဘဲ မြန်မာနိုင်ငံကို ရောက်လာတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူဘယ်နေ့က ရောက်တယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်နှစ်ရက်ကြာမယ်ဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ် အခုချိန်မှာ မသိနိုင်သေးဘဲ ဖြစ်နေတာပါ။

ဒါပေမဲ့ မနက်ဖြန်မှာတော့ ကချင်ပြည်နယ် လိုင်ဇာမြို့ကို မစ္စတာ နမ်ဘီယား လာမယ်ဆိုတဲ့အကြောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းက တာဝန်ရှိသူက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

“လာမှာတော့ ဟုတ်တယ်လေ။ သူကတော့ရောက်ပြီ။ ဟို လိုင်ဇာကို သွားမယ်လို့ သိရပါတယ်။ ကျနော်တို့က ဒီလောက်ပဲသိထားတယ်။ တစ်ရက်ပဲ ပေးထားတယ်ဗျ။ ဒီလာမယ်။ လိုင်ဇာသွားမယ်။ ပြန်မယ် အဲ့လိုပဲ သိရတယ်။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကင်တားနား သူ့ရဲ့ ၁၀ ရက်ကြာ ခရီးစဉ်အတွင်း သွားရောက်ဖို့ ကြိုးစားပေမယ့် သွားခွင့်မရခဲ့တဲ့ လိုင်ဇာမြို့ကို မစ္စတာ နမ်ဘီးယား သွားရောက်တာလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ KIO အဖွဲ့အတွင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမယ်လို့ ယူဆရပေမဲ့ တကယ်တမ်း တွေ့မတွေ့ဆိုတာကိုတော့ ကချင်ပြည်နယ် အစိုးရအဖွဲ့တာဝန်ရှိသူက အတည်ပြု ပြောဆိုခြင်း မရှိပါဘူး။

ဒါပေမဲ့ မစ္စတာ ကင်တားနား မြန်မာနိုင်ငံက ထွက်ခွာသွားပြီး ရက်ပိုင်းအတွင်းမှာ မစ္စတာ နမ်ဘီးယား အခုလို လာရောက်တာ ဖြစ်တဲ့အတွက် ဒါဟာ ထူးခြားမှုရှိတဲ့ ခရီးစဉ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ သြဂုတ်လ ၂၅ ရက်နေ့၊ တနင်္ဂနွေနေ့တုန်းကတော့ မြန်မာနိုင်ငံ ငြိမ်ချမ်းရေးစင်တာမှာ ပြုလုပ်တဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ အဲဒီမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ပြည်တွင်း၊ ပြည်ပက NGO တွေ တင်ပြလာတဲ့ အကြံပြုချက်တွေကို ကုလသမဂ္ဂအနေနဲ့ အသိအမှတ်ပြုကြောင်း မစ္စတာ နမ်ဘီးယား က ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဆွေးနွေးပွဲကို USAID က တာဝန်ရှိသူတချို့အပြင် ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဝင်းထွန်းတို့အပြင် ပြည်တွင်းနဲ့ နိုင်ငံတကာက NGO အဖွဲ့အစည်းပေါင်း ၃၀ ကျော် တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ မစ္စတာ နမ်ဘီးယားအနေနဲ့ မြန်မာနိုင်ငံကို ၆ ကြိမ်မြောက် လာရောက်ခြင်းလည်း ဖြစ်ပါတယ်။ အခုနှစ် အစောပိုင်းတုန်းက မိတ္ထီလာမြို့မှာ ဘာသာရေးဆန်တဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်ပြီး မကြာခင် မတ်လ ၂၁ ရက်ကနေ ၂၅ ရက်နေ့အကြား မြန်မာနိုင်ငံကို နောက်ဆုံး လာရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့အတွင်းက အဆင့်မြင့် အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။