NASA စူးစမ်းရေးယာဉ် အင်္ဂါဂြိုဟ်ပေါ် ဆင်းတော့မည်

အင်္ဂါဂြိုလ်ကို စူးစမ်း လေ့လာမယ့် Curiosity အာကာသယာဉ်ကို တနင်္လာနေ့ မနက်အစောပိုင်းမှာ အင်္ဂါဂြိုလ်ပေါ် ဆင်းသက်နိုင်ဖို့ NASA က စီစဉ်ထားပါတယ်။ အလေးချိန် တစ်တန်လောက်ပဲရှိတဲ့ Curiosity လို့ နံမည်ပေးထားတဲ့ နျူကလီးယား စွမ်းအင်သုံး ဒီ အာကာသယာဉ် ဂြိုလ်ပေါ်မှာ သက်ရှိသတ္တဝါတွေ ရှိမရှိ အထောက်အထား ရှာနိုင်ဖို့ လေ့လာစူးစမ်းသွားမှာဖြစ်ပြီး အင်္ဂါဂြိုလ်ရဲ့ ပုံရိပ်တွေနဲ့ အင်္ဂါဂြိုလ်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ရယူဖို့ဖြစ်ပါတယ်။

အဲဒီလို ရယူဖို့အတွက် ပထမအဆင့်အနေနဲ့ အင်္ဂါဂြိုလ်ဆီ ၈ လကြာ သွားရောက်ခဲ့တဲ့ Curiosity ယာဉ် အင်္ဂါဂြိုလ်ပေါ်မှာ ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ဖို့က အရေးကြီးတာပါ။ တနာရီကို မိုင်ပေါင်း တစ်သောင်းနှစ်ထောင်ကျော်နှုန်းနဲ့ သွားနေတဲ့ ဒီအာကာသယာဉ် ဂြိုလ်မျက်နှာပြင်ပေါ်မှာ ကောင်းကောင်းမွန်မွန် ဆင်းသက်နိုင်ရေးဟာ နာဆာရဲ့ အာကာသယာဉ်တွေ ဂြိုလ်ပေါ်ဆင်းသက်ခဲ့တဲ့ သမိုင်းကြောင်းတလျှောက် စိန်ခေါ်မှုအရှိဆုံး လုပ်ရပ်တခုလို့ နာဆာ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

Curiosity အာကာသာယာဉ် အောင်အောင်မြင်မြင် ဆင်းသက်နိုင်ပြီ ဆိုရင်တော့ အင်္ဂါဂြိုလ်ပေါ်မှာ လူတွေ နေထိုင်ခွင့် ရနိုင်မနိုင် လမ်းစကို စတင် ရှာဖွေ ပေးနိုင်မှာ ဖြစ်ပါတယ်။