ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်လို့ ဆိုကြတဲ့ အမေဇုန်အွန်လိုင်း လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ် Jeff Bezos က သူ့ရည်းစားနဲ့ တရင်းတနှီးနေထိုင်တဲ့ ဓာတ်ပုံတွေ၊ ကိုယ်ရေး ကိုယ်တာ ပေးပို့ထားတဲ့ စာသားတွေကို National Enquirer စာစောင်က ပုံနှိပ်ဖော်ပြမယ် လို့ ခြိမ်းခြောက် ငွေညှစ်ခဲ့ကြောင်း စွပ်စွဲလိုက်ပါတယ်။
ဓာတ်ပုံတွေနဲ့စာသားတွေကို ဘယ်သူထံက ပေါက်ကြားခဲ့သလဲဆိုတာကို စုံစမ်းနေတဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အပျော်ဖတ်စာစောင် National Enquirer ရဲ့ ထုတ်ဝေသူ ကုမ္ပဏီ ဖြစ်တဲ့ AMI အမေရိကန်မီဒီယာက တောင်း ဆိုနေကြောင်းလည်း အမေဇုန် လုပ်ငန်းပိုင်ရှင်က သူ့ရဲ့ Blog စာမျက်နှာမှာ ရေးသားပြောဆိုခဲ့တာပါ။ National Enquirer စာစောင်မှာပဲ ရုပ်မြင်သံကြား သတင်းနဲ့အစီအစဉ်ကြေညာသူတဦးနဲ့ အိမ်ထောင်ရေး ဖောက်ပြန်ခဲ့ ကြောင်း ပြီးခဲ့တဲ့လထဲမှာ ရေးသားဖော်ပြခဲ့တာဟာ မမှန်ကြောင်းနဲ့ နိုင်ငံရေးရည်ရွယ်ချက်တွေ ပါဝင်နေကြောင်း အမေဇုန် အမှုဆောင် အရာရှိချုပ်က တုံ့ပြန်ထားပါတယ်။
Bezos ဟာ အမေဇုန်လုပ်ငန်းသာမက အမေရိကန်သမ္မတ Donald Trump ကို ဝေဖန်တဲ့ အယ်ဒီတာ့အာဘော် တွေကို ဖော်ပြလေ့ရှိတဲ့ Washington Post သတင်းစာကို ပိုင်ဆိုင် သူလည်း ဖြစ်ပါတယ်။ AMI အမေရိကန် မီဒီယာ ပိုင်ရှင် David Pecker ကတော့ သမ္မတ Trump နဲ့ အချိန်အတော်ကြာကတည်းက ရင်းနှီးသူ မိတ်ဆွေ လည်း ဖြစ်ပါတယ်။ ခြိမ်းခြောက်ငွေညှစ်ခံရကြောင်း အမေဇုန် အမှုဆောင်အရာရှိချုပ်ရဲ့ စွပ်စွဲချက်ကိုတော့ AMI ဘက်က တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိသေးပါဘူး။
Your browser doesn’t support HTML5