NCA အပစ်ရပ်စာချုပ် အဖွဲ့အားလုံး တပြိုင်တည်း လက်မှတ်ထိုးဖို့ မဖြစ်နိုင်

သမ္မတဦးသိန်းစိန်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်ရပ်ရေးဆွေးနွေးပွဲအတွက် တွေ့ဆုံကြစဉ်။ (စက်တင်ဘာ ၉၊ ၂၀၁၅)

တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး၊ တပြိုင်နက်တည်း ပါဝင် လက်မှတ် ရေးထိုးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူးလို့ တိုင်းရင်းသားခေါင်းဆောင်တချို့က ပြောပါတယ်။ စက်တင်ဘာလ ၉ ရက်နေ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့ပြီး နောက်ပိုင်းအခြေနေတွေအရအခုလို သုံးသပ်မှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာတနိုင်ငံလုံးမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ရှိပြီး အဲဒီထဲက ၁၇ ဖွဲ့ကတော့ NCCT လို့ခေါ်တဲ့ အစိုးရနဲ့အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေး အဖွဲ့အမည်နဲ့ NCA ဆိုတဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်မှာ အဖွဲ့အားလုံး ပါဝင် လက်မှတ်ရေးထိုးနိုင် ရေးကို နှစ်အတော်ကြာ ညှိနှိုင်းလာခဲ့တာဖြစ်ပါတယ်။ NCA စာချုပ်နဲ့ပတ်သက်လို့ အစိုးရနဲ့ မညှိနိုင်ဘဲ ကျန်နေခဲ့တဲ့ အဖွဲ့တွေကတော့ UWSA ဝတပ်ဖွဲ့ ၊ NDAA မိုင်းလားအဖွဲ့ ၊ RCSS/SSA ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီနဲ့ NSCN-K နာဂ အဖွဲ့တွေပဲဖြစ်ပါတယ်။

အစိုးရနဲ့အတူ NCA စာချုပ်ကို ညှိနှိုင်းရေးဆွဲခဲ့ကြတဲ့ NCCT ၁၇ ဖွဲ့ထဲမှာမှ ၆ ဖွဲ့ကို ချန်လှပ်ထားပြီး ကျန် ၁၁ ဖွဲ့နဲ့သာ NCA စာချုပ် လက်မှတ် ရေးထိုးဖို့ အစိုးရဘက်က ဖိတ်ခေါ်ထားပါတယ်။ ကျန်နေတဲ့ ၆ ဖွဲ့ကတော့ တအောင်းပလောင်၊ ကိုးကန့်၊ လားဟူ၊ ရခိုင်အဖွဲ့ ၂ ဖွဲ့နဲ့ ဝအမျိုးသား အဖွဲ့ချုပ်တို့ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး ပါဝင်လက်မှတ်ထိုးနိုင်ရေးကို နှစ်ဘက်စလုံးက မူအားဖြင့် လက်ခံထားဆဲဖြစ်ပါတယ်။

ဒီလိုအခြေနေရှိပေမယ့် စက်တင်ဘာလ ၉ ရက် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံပြီး နောက်ပိုင်း လက်နက်ကိုင်အဖွဲ့အားလုံး အစိုး ရနဲ့ တပြိုင်နက်တည်း လက်မှတ်ရေးထိုးဖို့ဆိုတဲ့ အနေထားဟာ မဖြစ်နိုင်လောက်တော့ဘူးလို့ သုံးသပ်မိကြောင်း KNU အထွေထွေ အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

“အခုက အကုန်လုံးပါပြီး တပြိုင်နက်တည်း လက်မှတ်ရေးထိုးဖို့အတွက်တော့ မဖြစ်နိုင်ဘူးဆိုတာ အခုနောက်ဆုံး သမ္မတနဲ့တွေ့တဲ့ အချိန်မှာတော့ သိရတယ်။ ဒီအပေါ်မှာ တချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က သူတို့ကတော့ အကုန်လုံးမပါရင် မထိုးဘူးဆိုတဲ့ ဆုံးဖြတ် ချက်ပဲ။ တချို့အဖွဲ့တွေကတော့ NCA ကိုလက်ခံတဲ့အဖွဲ့အနေနဲ့ ထိုးသွားမယ်ဆိုရင်လည်း ဒါကတော့ တဖွဲ့ချင်း ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်လာမယ်။ အဲလိုပဲ မြင်တယ်လေ။ ၂၁ ဖွဲ့အကုန်လုံး တခါတည်းပါမှ ထိုးမယ်ဆိုလို့ရှိရင်လည်း အဲဒီရပ်တည်တဲ့ အဖွဲ့ရဲ့သဘောထားအပေါ်မှာပဲ မူတည်တယ်လို့ မြင်တယ်။”

အစိုးရဘက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အဆင့်ခွဲထားပြီး တချို့အဖွဲ့တွေကို ပါဝင်သင့်တဲ့အချိန်ကျမှ NCA စာချုပ်မှာ လာပြီး လက်မှတ်ရေးထိုးစေချင်တဲ့ ဆန္ဒရှိနေတာပါ။ဒါကြောင့် တပြိုင်နက်အားလုံး လက်မှတ်ရေးထိုးဖို့ ဆိုတာ မလွယ်ဘူးလို့မြင်ကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောတာပါ။

“အခု ကျနော်တို့ သမ္မတနဲ့တွေ့တဲ့အချိန်မှာ သမ္မတကနေပြီးတော့ အကုန်လုံးပါရေးမူဆိုတာ လက်ခံတယ်။ ဒါပေမယ့် ပါဝင်ရမယ့် အနေအထားက တူတာမဟုတ်ဘူး .. ဒါကိုပြောတာဖြစ်ပါတယ်။ တပြိုင်နက်တည်း လက်မှတ်ရေးထိုးဖို့ပါတာထက် ပါဝင်သင့်တဲ့နေရာကနေ စပြီး ပါတာက ပိုပြီးတော့ လက်တွေ့ကျတယ်ဆိုတဲ့ သဘောအပေါ်မှာကျနော်တို့ကအဲဒါ ပြန်လည်ပြီးတော့ အခုလာမယ့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ထိပ်သီးခေါင်းဆောင်တွေ ပြန်ထိုင်မယ် ထိုင်ပြီးလို့ရှိရင် ဆုံးဖြတ်မှာပေါ့။ တဖွဲ့ချင်းရဲ့ဆုံးဖြတ်ချက်ပေါ်မှာလည်း မူတည်တာကိုး နော့။”

စက်တင်ဘာ၂၄ ကနေ ၂၆ ထိလုပ်မယ့် တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံကို ထိုင်းနိုင်ငံချင်းမိုင်မှာ ပြုလုပ်သွားဖို့ ရှိပါတယ်။ NCA စာချုပ်မှာ လောလောဆယ် လက်မှတ်မထိုးနိုင်သေးတဲ့ အဖွဲ့တွေအတွက် လာမယ့်ကာလမှာ ပြုလုပ်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်နိုင်ခွင့်ပေးဖို့နဲ့ အာမခံချက်ရဖို့ကို အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပဒိုစောကွယ်ထူးဝင်းက ပြောတာပါ။

“တဖွဲ့ချင်းက ဆုံးဖြတ်မယ်။ ဒီ NCA ကိုလက်ခံသလား။ လက်ခံပြီးလို့ရှိရင် အကုန်လုံးပါမှ ထိုးမလား၊ အဲဒါက နောက်တဆင့် တက်ရမယ့် ကိစ္စပဲ။ ဒါပေမယ့် အကောင်အထည်ဖေါ်တဲ့နေရာမှာ အကုန်လုံးပါဝင်ရေးမူကို မရဘူးဆိုလို့ရှိရင် ဘာမှ မထိုးတော့ဘူးဆိုတဲ့ သဘောတော့ မဟုတ်ဘူး။ လက်မှတ် ရေးထိုးနိုင်ခြင်းမရှိသေးတဲ့ အဖွဲ့တွေကလည်း နိုင်ငံရေးမှာ တွေ့ဆုံဆွေးနွေးခွင့်မှာ ပါဝင်လာရမယ်။ စစ်ရေးအရ အာမခံချက်ရှိရမယ်၊ လူမှုရေး အာမခံချက် ရှိရမယ်။ ဒါတွေကို ဆိုလိုတာပေါ့ နော်။”

NCA စာချုပ် လက်မှတ်ထိုးရေး-မထိုးရေးနဲ့ ပတ်သက်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့သဘောထားကိုအထွေထွေအတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်းက ခုလိုပြောပါတယ်။

“KNU သဘောထားကတော့ NCA အခုရလာတဲ့ အတည်ပြုမူချောပေါ့။ အဲဒီ NCA ကိုလက်ခံတယ်။ အဲ့မှာ လက်မှတ်ရေးထိုးမယ့် လက်နက်ကိုင် အဖွဲ့အစည်းနဲ့ ပတ်သက်ပြီးတော့ အကုန်လုံးဆိုတဲ့ NCCT ထဲမှာပါတဲ့ ၁၆ ဖွဲ့ ၊ နောက်ပြီးတော့ ABSDF ပါဆို ၁၇ ဖွဲ့.. ဒီအပေါ်မှာ ရပ်တည်ပြီးတော့ အသေတော့မကိုင်ဘူး၊ နည်းလမ်းရှာမယ်။ သူတို့ပါလာနိုင်တဲ့အဆင့်က ပါလာနိုင်ဖို့အတွက်ကိုပေါ့။ နည်းလမ်းရှာမယ် ဆိုတာ နှစ်ဘက်စလုံးက သဘောထား ရှိထားပြီးသားဖြစ်တယ်လေ။”

NCA တနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေးဆိုတဲ့ သဘောအတိုင်း လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးမှသာ အဓိပ္ပါယ် ပြည့်ဝတဲ့ စာချုပ်ဖြစ်လာမှာပေါ့လို့ ယူဆထားတဲ့ အဖွဲ့တွေရှိသလို NCA ကို လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် ပုဒ်မ ၁၇ (၁)လို့ လူသိများတဲ့ မတရားအသင်း ကြေညာခံထားရတဲ့ အခြေနေအောက်ကနေ လွတ်မြောက်ပြီး လုပ်စရာတွေကို ရှေ့ဆက်လုပ်သွားနိုင်မယ်လို့ ယူဆနေကြတဲ့ အဖွဲ့တွေ ရှိနေပါတယ်။