နှစ်ပေါင်း ၇၀ မျှော်လင့်ချက်မဲ့ဖြစ်ခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် NCA တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ဟာ အမျိုးသားညီညွတ်ရေးရဲ့အစ နိဒန်းဖြစ်တယ်လို့ဆိုပြီး NCA မှာ လက်မှတ်ထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို တိုက်တွန်းလိုက်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော့ NCA ဟာ နှစ်ပေါင်း၇၀ကြာ လက်နက်ကိုင်လမ်းစဉ်အစွဲအလန်းတွေကို ဖြတ်တောက်နိုင်ဖို့ တခုတည်းသော အာမခံချက်ပေးနိုင်တဲ့အရာဖြစ်တယ်လို့ ပြောသွားပါတယ်။ ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ NCA လက်မှတ်ထိုးပွဲကို ကိုယ်တိုင် သတင်းသွားရောက်ယူခဲ့တဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ နေပြည်တော်မှာလုပ်တဲ့ ဒီအခမ်းအနားကတော့ မွန်ပြည်သစ်ပါတီ( NMSP)နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) တို့အနေနဲ့ NCA တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးတဲ့ ပွဲဖြစ်ပါတယ်။ လက်မှတ်မထိုးသေးတဲ့ ကျန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လည်း NCA မှာ လက်မှတ်ထိုးကြဖို့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်က ဒီပွဲမှာ တိုက်တွန်း ပြောခဲ့ပါတယ်။
NCA စာချုပ်မှာလက်မှတ်ထိုးဖို့ အဓိက ကျန်နေတဲ့အဖွဲ့အစည်းတွေထဲမှာ လက်ရှိ မြောက်ပိုင်းမှာ အစိုးရတပ်တွေနဲ့ စစ်ရေးတင်းမာမှုရှိနေတဲ့ KIO ကချင်လွတ်လပ်ရေးအဖွဲ့နဲ့၊ တိုင်းရင်းသားလက်နက်ကိုင်ထဲမှာ အင်အားအကြီးဆုံး UWSA ဝတပ်ဖွဲ့တို့ ဖြစ်ကြပါတယ်။ ဒီအဖွဲ့တွေဖက်ကတော့ NCA လမ်းကြောင်းမဟုတ်တဲ့ အခြားငြိမ်းချမ်းရေးလုပ်ငန်းစဉ် နည်းလမ်းကို ရှာမယ်ဆိုပြီး ပြောနေကြပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ကတော့ NCA ငြိမ်းချမ်းရေးလမ်းကြောင်းနဲ့ပတ်သက်လို့ သံသယမထားဖို့နဲ့၊ ဒါဟာ တခုတည်းသော ငြိမ်းချမ်းရေးလမ်းကြောင်းဖြစ်တယ်ဆိုတာကို အခုပွဲမှာလည်း အခိုင်အမာ ထပ်ပြောပါတယ်။
"ဒီနေရာမှာ အချို့အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်အချို့တွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များဟာ လက်နက်ချခိုင်းတယ်ဆိုတဲ့ မှားယွင်းစွာ မှတ်ယူကြမှုတွေ၊ သံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ ဖြစ်ပေါ်နေကြတာကို ကျွန်တော်တို့ တွေ့မြင်နေကြရပါတယ်။ ဒီသံသယစိတ်တွေ၊ မယုံကြည်စိတ်တွေ၊ စိုးရိမ်စိတ်တွေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရဲ့ အဖွဲ့ဝင်များအနေဖြင့် မရှိကြဖို့၊ မထားကြဖို့လည်း ပြောလိုပါတယ်။ "
လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးနေရတဲ့အခြေအနေမှာ KIA ပါဝင်တဲ့ မြောက်ပိုင်းးမဟာမိတ်တပ်တွေအပေါ် တပ်မတော်ဘက်က စစ်ရေး အရှိန် မြင့်နေတာကြောင့် ြ့ဖစ်တယ်လို့ ဝေဖန်မှုတွေရှိပါတယ်။ ဒါပေမယ့်တပ်မတော်ဘက် ကတော့ စစ်ရေးမြင့်တာမရှိကြောင်း၊ သတ်မှတ်နေရာတွေထက်ကျော်လွန်မှုတွေရှိနေလို့ ၂ဖက်ထိတွေ့ရတာဖြစ်တယ် လို့ ဗွီအိုအေမေးမြန်းမှုကို ဒုတိယဗိုလ်ချုပ်ကြီးတင်မောင်ဝင်းကပြန်လည်ပြောဆိုထားပါတယ်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စားလှယ် Mr. Sun Guoxiang ကို လက်ရှိ မြန်မာ့နိုင်ငံငြိမ်းချမ်းရေးမှာ တရုတ်ပါဝင်မှုနဲ့ပတ်သတ်ပြီး ဗွီအိုအေ မေးမြန်းတာမှာ သူက
"တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံဖြစ်လို့ မြန်မာနိုင်ငံရဲ့ကိစွတွေကိုတော်တော်အ လေးထားပါတယ်။ ဂရုစိုက်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်တစိုက်မတ်မတ်ဖြစ်ဖို့ ကျနော်တို့ မေ ျှာ်လင့်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ ကျနော်တို့အထောက်အကုူပြုသွားမှာ ပါ။ ကျနော်တို့ကပေါင်းကူးတံတားဖြစ်ပါတယ်။ ၂ဖက်တွေ့ဆုံဖို့ လုပ်ဆောင်ပေးသွားမှာပါ။ ကျနော် တို့ကြိုးပမ်းမှု အောက်မှာ များပြားတဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်တွေ ပိုမိုစာချုပ်ဖို့ မေ ျှာ်လင့်ပါတယ်။ မြောက်ပိုင်းအဖွဲ့တွေပါဖို့လုပ်နိုင်တာကို တစိုက်မတ်မတ်လုပ်နေပါတယ်။ တိုင်းရင်းသားတွေနဲ့ အစိုးရကြားဆက်လက်တွေ့ဆုံဖို့လိုအပ်ပါသေးတယ်။ ကျနော်တို့ကတိုက် တွန်းနေပါမယ်။ အခက်အခဲကတော့ နှစ်ပေါင်းကြာပြီမို့ တကြိမ်ကြိမ်တွေ့တာနဲ့မရနိုင်ပါဘူး.။ အဖက်ဖက်ကယုံကြည်ပြီး အားလုံးပါဝင်ရေး ဆက်လက်ရပ်တည်ဖို့လိုအပ်ပါတယ်။"
အခု NCA လက်မှတ်ထိုးပွဲမှာ သက်သေအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်ပြီး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်နိုင်ဖို့ ထောက်ခံကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက Mr. Kristian Schmidt က ပြောပါတယ်။
"ပျော်စရာကောင်းတဲ့နေ့ပါပဲခင်ဗျ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ နောက်ထပ် အဖွဲ့၂ ဖွဲ့ ပါလာတာ ကြိုဆိုရမှာပဲခင်ဗျ ။ ဒီလက်မှတ်ထိုးပွဲမှာ သက်သေအဖြစ် ပါဝင်ခွင့်ရတဲ့အတွက် EU ဥရောပသမဂ္ဂ အနေနဲ့ ဂုဏ်ယူပါတယ်။ ၂၀၁၅ တုန်းကလည်း သက်သေအဖြစ် လက်မှတ်ထိုးခဲ့သလို ဒီနှစ်မှာလည်း သက်သေအဖြစ် လက်မှတ်ထိုးပါတယ်။ ဒီအတွက်ဝမ်းသာပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို EU ကဆက်ပြီးတော့ အကူအညီပေးသွားမှာပါ။"
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ နဲ့ လားဟူ ဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ တို့ဟာ ဒီကနေ့မှာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးနိုင်ပြီး ဖြစ်ပေမယ့် ရခိုင်အမျိုးသားကောင်စီANC ကတော့ လက်မှတ် မရေးထိုးနိုင်ခဲ့ပါဘူး။ ကန့်သတ်မှုတွေရှိတာကြောင့်ဆိုပြီး ANC ဖက်က သဘောထားထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်ကိုလက်မှတ်ထိုးထား ဒီကနေ့ထိုးတဲ့ အဖွဲ့ ၂ဖွဲ့အပါ အဝင်ဆို ၁၀ဖွဲ့ရှိပါပြီ။ ဒီကနေ့လက်မှတ်ထိုးတဲ့ အဖွဲ့ ၂ဖွဲ့စလုံးဟာ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့အဖွဲ့ဝင်နှစ်ဖွဲ့ဖြစ်ပေမယ့် နုတ်ထွက်ဖို့စာတင်ထားတယ်လို့ အဲဒီအဖွဲ့တွေကဆိုထား ပါတယ်။
Your browser doesn’t support HTML5