ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာရေး နိုင်ငံ့အကဲစမ်းမှုတွေအနက်ပါဝင်

မြန်မာနိုင်ငံမှာ သမ္မတလောင်း အမည်စာရင်းတင်သွင်းမယ့် ရက်ကို တစ်ပတ်လောက် ရှေ့တိုးပြီး မတ်လ ၁၀ ရက်ကို ပြောင်းရွှေ့လိုက်ကြောင်း မတ်လ ၁ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ ကြေညာခဲ့တဲ့အတွက် လတ်တလောမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မသေချာသေးပါဘူး။

NLD အစိုးရတက်လာရင် ဖြည့်ဆည်းရမယ့် မျှော်လင့်ချက်တွေ အများကြီးရှိနေတဲ့အကြောင်းနဲ့ ပတ်သက်လို့ Myanmar’s burden of high expectation (မြန်မာပြည်ရဲ့ မျှော်လင့်ချက် ဝန်ထုပ်ဝန်ပိုး) ခေါင်းစဉ်နဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတခုကို ဝါရှင်တန်မြို့တော် Carnegie Endowment for International Peace (ကာနက်ကီ နိုင်ငံတကာ ငြိမ်းချမ်းရေး) ဌာနမှာ ကျင်းပခဲ့ပါတယ်။ ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ရွေးကောက်ပွဲမှာ မြန်မာနိုင်ငံသားတွေဟာ မျှော်လင့်ချက်တွေ အများကြီးထားပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ကို အကြီးအကျယ် မဲပေးခဲ့ကြပါတယ်။ သူတို့ရဲ့ မျှော်လင်ချက်တွေ မြင့်မားတဲ့အတွက် ဖြည့်ဆည်းပေးဖို့ ခက်ခဲမယ့်အကြောင်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စ၊ မြေသိမ်းယာသိမ်းကိစ္စနဲ့ အားလုံးပါဝင်တဲ့ ဘက်စုံဖွံ့ဖြိုးရေး ကိစ္စတွေအပြင် NLD အစိုးရ ဧပြီလတက်ရင် စိန်ခေါ်မှုတွေဖြစ်တဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ရေး အစရှိတဲ့ ကိစ္စတွေကို ခက်ခက်ခဲခဲ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

ဒီစိန်ခေါ်မှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတ ဖြစ်ရေးဟာလည်း ဆွေးနွေးစရာတခု ဖြစ်ပါတယ်။ Washington တက္ကသိုလ် က ပါမောက္ခ Mary Callahan က ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆွေးနွေးပွဲတွေကို ထောက်ပြပြီး အခုလို ပြောပါတယ်။

"အခုလို ဆွေးနွေးတဲ့အခါမှာ ၅၉ (စ) ကိစ္စဆွေးနွေးတာမျိုး လုံးဝ မတွေ့ပါဘူး။ တပ်မတော်သား အမတ်တွေကပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေးဝန်ကြီးဌာနကပဲဖြစ်ဖြစ်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင်ကပဲဖြစ်ဖြစ် ဖော်ပြတာမျိုး မရှိပါဘူး။ သူရဲ့ မိန့်ခွန်းတွေကအစ အရမ်းရှင်းပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် သစ္စာစောင့်သိပြီး ရာသက်ပန် ကာကွယ်သွားမှာပါ။"

နိုင်ငံခြားသားဖြစ်တဲ့ သားနှစ်ယောက်ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ဟာ အတားအဆီး ဖြစ်နေတာပါ။ ၅၉ (စ) က သမ္မတအရည်အချင်းထဲမှာ ပါဝင်တဲ့ ပုဒ်မ တခုဖြစ်ပြီး သမ္မတ ကိုယ်တိုင် နဲ့ သားသမီးတစ်ဦးဦးဒါမှမဟုတ် သူတို့ ရဲ့ ဇနီးခင်ပွန်းသည်တွေက နိုင်ငံခြားသား ဒါမဟုတ်၊ နိုင်ငံခြား သြဇာခံ မဖြစ်စေရ လို့ ရေးသားထားတာပါ။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်ရေး နဲ့ ပတ်သက်လို့ Open Myanmar Initiative ရဲ့ အကြီးတန်းအကြံပေး ကိုအောင်ဒင်က အခုလို ပြောပါတယ်။

"ကျနော်မြင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌ကလည်း သူ သမ္မတဖြစ်ချင်း၊ မဖြစ်ချင်းသည် အရေးမကြီးပါဘူးလို့ ပြောထားတာရှိပါတယ်။ အဓိကက သူ့ရဲ့ပါတီက အစိုးရအာဏာကိုရမယ်။ သူ့ရဲ့ပါတီက ခန့်အပ်လိုက်တဲ့သမ္မတဟာလည်း ပါတီရဲ့မူဝါဒအတိုင်းပဲ တိုင်းပြည်ကိုဆက်ပြီးတော့ အုပ်ချုပ်မယ်၊ အကောင်အထည်ဖော်မယ်။ သူကိုယ်၌ကလည်း ဒီ သူတို့ပါတီကတင်တဲ့ သမ္မတကို အနီးကပ် ညွှန်ကြားနိုင်မယ်ဆိုရင် သူ့အတွက် သမ္မတဖြစ်ချင်း၊ မဖြစ်ချင်းက အရေးမကြီးပါဘူး။ သို့သော်လည်း သူ သမ္မတဖြစ်ရင်တော့ ပိုကောင်းတာပေါ့ဗျာ။ သူ့လိုမျိုး အရည်အချင်း အဘက်ဘက်က ပြည့်စုံနေတဲ့ အမျိုးသမီးခေါင်းဆောင်ကြီးတယောက်က သမ္မတနေရာကို ရမယ်ဆိုရင် သိပ်ကောင်းတာပေါ့။"

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မလာရင် နိုင်ငံခြားရေးဝန်ကြီး ရာထူးနဲ့ အမျိုးသားလုံခြုံရေးကောင်စီမှာ ပါဝင်နိုင်ကြောင်းနဲ့ နောက်ထပ် နည်းလမ်းတခုကတော့ စင်္ကာပူ ဝန်ကြီးချုပ်ဟောင်း လီကွမ်ယု လုပ်ခဲ့သလို သမ္မတကို လမ်းညွှန်တဲ့ ဝန်ကြီးနေရာ ရယူနိုင်ကြောင်းကို Geroge Washington တက္ကသိုလ် ပါမောက္ခ က Christina Fink က အခုလို ပြောပါတယ်။

"သူ့မှာ လုပ်ဆောင်စရာ အခွင့်အရေး ၂ ခုရှိပါတယ်။ တခုကတော့ အစိုးရအဖွဲ့ဝင် ဖြစ်ဖို့ပါ။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် လုပ်နိုင်ပြီးတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ဝင်ထိုင်နိုင်ပါတယ်။ နောက်တခုကတော့ စင်္ကာပူက လီကွမ်ယုလိုမျိုး အကြီးတန်း ဝန်ကြီး နေရာမျိုးပါ။ ဒါလည်း ကာလုံ အစည်းအဝေးတွေကို သမ္မတနဲ့အတူ တက်ရောက်ခွင့်ရမှာပါ။ ဒါပေမဲ့ သူ့မှာ မဲ ပေးခွင့်တော့ ရှိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အစိုးရအထက်ကနေ စီမံခန့်ခွဲမယ် ဆိုရင် နေ့စဉ် ဝန်ကြီးဌာန နိုင်ငံရေးလုပ်ငန်းတွေနဲ့ ရှုတ်မနေဘဲ ကိစ္စကြီးတွေကို အမြင့်ကနေ စီမံနိုင်မှာပါ။"

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က သမ္မတမဖြစ်ရင် သမ္မတအထက်က စီစဉ်ညွှန်ကြားသွားမယ်လို့ သတင်းဌာနတွေကို ပြောကြားထားတာပါ။ အခုလောလောဆယ်မှာတော့ NLD ပြောခွင့်ရ ဦးဝင်းထိန် က ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်အောင် ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး သမ္မတဖြစ်ကို ဖြစ်ရမယ်လို့ သတင်းဌာနတွေကို ပြောဆိုထားပါတယ်။