Netherlands နိုင်ငံ ယူထရက်ချ် (Utrecht) မြို့က ရထားတစင်းပေါ်မှာ တနင်္လာနေ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့ သေနတ်သမားကို နာရီပေါင်းများစွာ လိုက်လံရှာဖွေခဲ့တဲ့နောက် သံသယရှိသူကို ရဲတွေ ဖမ်းမိခဲ့ပါပြီ။ ဒီပစ်ခတ်မှုမှာ ၃ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တာပါ။
သံသယရှိသူဟာ အသက် ၃၇ နှစ်အရွယ် တူရကီနိုင်ငံဖွား Gokmen Tanis ဖြစ်မယ်လို့ ယူဆရကြောင်း ရဲက အစောပိုင်းမှာ ဓါတ်ပုံနဲ့ တကွ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ထုတ်ပြန်ခဲ့တဲ ဓါတ်ပုံထဲမှာ ပါးသိုင်းမွှေးတွေနဲ့ လူတယောက်ကို တွေ့ရပြီး သူဟာ နက်ပြာရောင် ခေါင်းဆောင်းပါတဲ့ အင်္ကျီကို ဝတ်ဆင်ပြီး ခုံမှာ ထိုင်နေတာဖြစ်ပါတယ်။
အာဏာပိုင်တွေက ယူထရက်ချ်မြို့မှာ အကြမ်းဖက်အဆင့်ကို အမြင့်ဆုံးအဖြစ် ချက်ချင်း ထုတ်ပြန်ခဲ့ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုအတွက် အမြဲ အဆင်သင့် ဖြစ်ဖို့ Netherlands ဝန်ကြီးချုပ် Mark Rutte ကပြောပါတယ်။
ဒါပေမယ့် တူရကီမှာ ရှိတဲ့ Tanis ရဲ့ဆွေမျိုးတွေကတော့ အခုပစ်ခတ်မှုဟာ မိသားစုပြဿနာရဲ့ အစိတ်အပိုင်းတခု ဖြစ်နိုင်ချေရှိကြောင်း တူရကီသတင်းဌာန Anadolu သတင်းမှာ ဖေါ်ပြထားပါတယ်။
သံသယရှိသူဟာ အရင်ကလည်း Netherlands နိုင်ငံမှာ အဖမ်းခံခဲ့ရ ဘူးသူတဦးဖြစ်ကြောင်း ဒေသဆိုင်ရာ အစိုးရရှေ့နေက ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။
Netherlands နိုင်ငံက လေဆိပ်တွေ၊ ပလီဝတ်ကျောင်းတွေမှာ လုံခြုံရေးတွေ တိုးမြှုှင့်ချထားလိုက်သလို ယူထရက်ချ် မြို့က ကျောင်းတွေကို ပိတ်ထားပြီး ဒေသခံတွေ အိမ်ပြင် မထွက်ကြဖို့ အာဏာပိုင်တွေက အကြံပေးထားပါတယ်။ သံသယရှိသူကို ဖမ်းမိခဲ့တဲ့ နောက် လုံခြုံရေး အဆင့်ကို အဆင့် ၄ အဖြစ် လျှော့ချခဲ့ပါတယ်။
Your browser doesn’t support HTML5
ဓါတ်ရထားပစ်ခတ်မှု မသင်္ကာရသူကို Netherlands ရဲဖမ်းဆီး