မြန်မာနိုင်ငံတွင်း အရပ်သားအစိုးရလက်ထက် သတင်းရေးသားရယူဖော်ပြမှုကြောင့် သတင်းသမားတွေ အဖမ်း ဆီးခံနေရတာ တရားစွဲဆို ထောင်ချအပြစ်ပေးခံနေရတာတွေကြောင့် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ် ခွင့် အခြေအနေဟာ စိုးရိမ်စရာအခြေအနေရှိနေချိန်မှာပဲ နိုင်ငံတော်သမ္မတကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့ မြန်မာ နိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့သစ်အနေနဲ့ သတင်းမီဒီယာအတွက် ဆောင်ရွက်ပေးနိုင်ဖို့ အတိုင်းအတာ တခုအထိ အကောင်းမျှော်လင့်စရာရှိတယ်လို့တော့ အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်း မီဒီယာကောင်စီ အဖွဲ့ဝင်တွေကပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လို့ သတင်းမီဒီယာတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ကြား ယုံကြည်မှုတည်ဆောက်နိုင်ဖို့ လိုအပ်သလို သတင်းအချက်အလက်ရယူခွင့်ကိုလည်း ဒီထက်ပို လွတ်လပ်ခွင့်ပေးဖို့ အရေးတကြီးလိုအပ်နေပြီလို့လည်း ထောက်ပြပြောဆိုပါတယ်။ မဆုမွန်က အသေးစိတ် စုစည်းတင်ပြထားပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့ သောကြာနေ့ နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတော်သမ္မတ ကိုယ်တိုင် ဖွဲ့စည်းပေး ထားတဲ့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရဲ့ ကတိသစ္စာပြုအခမ်းအနားမှာ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီအဖွဲ့သစ်အနေနဲ့ သတင်းမီဒီယာဥပဒေကို လိုက်နာကြရမှာဖြစ်ပြီး ပြည်သူတွေရဲ့ နားမျက်စိတွေဖြစ်တဲ့ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကို အလေးထားကြဖို့ သမ္မတက တိုက်တွန်းခဲ့ပါတယ်။ ဒါပေမယ့်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ သတင်းမီဒီယာတွေအပေါ် ဒီထက်ပိုပြီး အပြုသဘောဆန်တဲ့ အမြင်သဘောထား ရှိသင့်တယ်လို့ အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီ အဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး (၁) ဦးမြင့်ကျော်က အခုလိုသုံးသပ်ပါတယ်။
“ပြန်ပြောကြတဲ့အကြောင်းထဲမှာ မီဒီယာအပေါ်မှာသံသယရှိတာမျိုးပေါ့နော်။ နောက် သတင်းရယူခွင့်တို့၊ Access to Information တို့ မှာတော့ သူက သံသယနဲ့ချဉ်းကပ်တာမျိုး၊ အမြင်မျိုးရှိတာတော့ သတိထားမိတယ်။ ဒီ ကောင်စီဝင်တွေနဲ့ အဲဒီဝိုင်းတွေမှာ ပြောကြတဲ့ဟာတွေပေါ့နော်။ မီဒီယာကို နည်းနည်းအဆိုးမြင်တဲ့သဘော ရှိတာပေါ့လေ။ အဲဒီသဘောထားမျိုးတွေ့ရတော့ အဲဒါတော့ ကျနော်တို့က သိပ်ပြီးတော့ စိတ်မကောင်းဘူးပေါ့နော်။ နိုင်ငံတော် အတိုင်ပင်ခံနဲ့ အခု ပထမဆုံးအကြိမ် တွေ့ရတယ်။ ဒါလည်း ဘာပဲဖြစ်ဖြစ်ပေါ့လေ-နိုင်ငံတော် အတိုင်ပင်ခံဘက်မှာ အဲလိုအမြင်မျိုးတွေ ရှိသည့်တိုင်အောင် ဒီဟာ ကတော့ အကောင်းဘက်က ဖြစ်ရပ်တခုလို့ ကျနော်တို့ထင်ပါတယ်။ ဒီလိုမျိုး ဂုဏ်ပြုညစာစားပွဲနဲ့ တည်ခင်းဧည့်ခံတယ်ဆိုတာကိုက ကောင်းတဲ့အချက်တခုလို့ ထင်ပါတယ်။ တခြား သူ့အမြင်တွေ ရှိသည့်တိုင်ပေါ့နော်။”
မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တွေကို တည်ခင်းတဲ့ ဂုဏ်ပြုညစာစားပွဲကို ကိုယ်တိုင်တက်ရောက်လာတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်က သတင်းမီဒီယာတွေအပေါ်မှာ သိသိသာသာကို အမြင်ကြည်လင်မှုမရှိဖြစ်နေတဲ့အချက်ကို သတိထားမိပြီး သတင်းမီဒီယာသမားတွေနဲ့ အရပ်သားအစိုးရတို့ကြား ယုံကြည်မှု အတော်လေးကို ပြန်တည်ဆောက်ရမယ့် အနေအထားဖြစ်နေတယ်လို့လည်း မြန်မာသတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်သစ်လည်းဖြစ်တဲ့ အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့ရဲ့ တွဲဖက်အတွင်းရေးမှူး (၂) ဦးလှိုင်းသစ်ဇင်ဝေ ခေါ် သာလွန်ဇောင်းထက်က အခြေအနေကို ပြောပြပါတယ်။
“ကျနော်တို့က ရှေ့ဆက်ဖို့ကို အရင်မပြောခင်ပေါ့နော်-မစဉ်းစားရသေးဘူး။ လောလောဆယ် နောက်ဆုတ် သွားတဲ့အရာတွေ ပြန်ရဖို့တောင် တော်တော်ပြန်လုပ်ယူရမှာ။ ဥပမာဆိုလို့ရှိရင် မနေ့က ဒေါ်အောင်ဆန်း စုကြည်နဲ့ စကားပြောတဲ့အခါမှာ သူက မီဒီယာအပေါ်မှာ အမြင်တော်တော် လွဲနေတယ်။ ဘာကြောင့်လဲဆိုတော့ သူ ပြောတဲ့အထဲမှာ ပါတာပေါ့နော်။ ဥပမာဆိုရင် ဆိုရှယ်မီဒီယာနဲ့ Mainstream media ဆိုတာ တူတယ်လို့- ကျနော်တို့က ပြောတယ်ပေါ့ မတူဘူး၊ Mainstream media ဆိုတာက တာဝန်ယူမှု၊ တာဝန်ခံမှုရှိတယ်။ ဆိုရှယ်မီဒီယာဆိုတာ တာဝန်ခံမှု၊ တာဝန်ယူမှုမရှိဘူးဆိုတော့ သူက အဲဒါကို လက်မခံဘူး။ အဲဒီ အခြေအနေတွေကို သုံးသပ်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က သတင်းမီဒီယာတွေအပေါ်မှာ လုံးဝ အမြင်က မကြည်တော့ဘူးဆိုတာ သေချာတယ်။ အဲဒီတော့ ကျနော်တို့က ဒီလိုမျိုးအခြေအနေဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီအခြေအနေက နောက်ဆုတ်သွားတဲ့အခြေအနေပေါ့နော်။ အရင်တုန်းက ဖက်လှဲတကင်း မီဒီယာတွေနဲ့ရှိခဲ့ပေမယ့် အခုတော့ မီဒီယာတွေအပေါ်မှာ အမြင်မကြည်လင်မှုတွေ ရှိနေတဲ့အတွက်ကြောင့် အရင်ဆုံးတော့ ကျနော်တို့က အဲဒီအမြင်မကြည်လင်မှုကို စပြီးတော့ ဖယ်ရှားဖို့လိုမယ်။ အဲလို ဖယ်ပြီးတော့မှ နောက်ဆုတ်သွားတဲ့အရာတွေကို ပြန်ပြီးတော့ ဆွဲတင်ပြီးတော့ နှစ်ဘက်ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ စလုပ်ရမှာဖြစ်တယ်။”
သတင်းမီဒီယာကောင်စီအဖွဲ့အနေနဲ့တော့ မြန်မာ့သတင်းမီဒီယာလောက ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့သတင်း သမားတွေအရေး ဒီထက်ပို စွမ်းစွမ်းတမံလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပေမဲ့ အသင်းအဖွဲ့လိုက် လက်တွေ့ အကောင်အထည်ဖော်နိုင်မှုကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ မြန်မာ့သတင်းမီဒီယာကောင်စီအဖွဲ့ က ဦးမြင့်ကျော်က ပြောပါတယ်။
“လတ်တလောအခြေအနေ….. ဒီအဖြစ်အပျက်တွေပေါ်မှာမူတည်ပြီးတော့ မီဒီယာကလည်း ရိုက်ခတ်မှုတွေရှိတယ်။ တရားစွဲဆိုမှုတို့၊ မီဒီယာ ရေးသားဖော်ပြမှုတို့ စသဖြင့် အဲဒီဟာတွေက တခါတလေ တချို့ဟာတွေမှာ အစိုးရလည်း ရှိတယ်ပေါ့နော်။ အဲဒီမှာ …အဖွဲ့အစည်းတွေလည်းရှိတယ်။ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကတော့ ပိုပြီးများတဲ့ကာလလို့ ပြောရမယ်ထင်တယ်၊ မီဒီယာအတွက်ပေါ့နော်။ …ဆိုတော့ ကောင်စီ ဒီအခုသက်တမ်းမှာတော့ ပါဝင်လာတဲ့သူတွေထဲမှာလည်း မီဒီယာနဲ့ပတ်သက်လို့ ပိုပြီး အတွေ့အကြုံရှိတဲ့လူတွေလည်း ပါလာတာပေါ့နော်။ သို့သော်လည်း ကောင်စီဆိုတာ တဦးတယောက်တည်း လုပ်တဲ့အဖွဲ့အစည်းမဟုတ်တော့ အများနဲ့ ဘယ်လောက်ထိ စုစုစည်းစည်းနဲ့လုပ်နိုင်မလဲဆိုတာတော့ တကယ် ပေါ်ထွက်လာလိမ့်မယ်လို့ ကျနော် ထင်တယ်လေ။ လောလောဆယ်မှာတော့ ပိုပြီးတော့ အကောင်းဘက်ကနေ ရှုမြင်တယ်၊ သို့သော်လည်း အများကြီးတော့လည်း အားလုံး ဟိုဒင်းဖြစ်မယ်လို့တော့ ပြောဖို့ကတော့ နည်းနည်းစောသေးတယ် လို့တော့ထင်တယ်။”
သတင်းမီဒီယာဥပဒေ ပုဒ်မ ၁၃ အရ သမ္မတအမိန့်နဲ့ အခုအသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ မြန်မာသတင်းမီဒီယာ ကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် ဟံသာဝတီဦးအုန်းကြိုင်က တာဝန်ယူပြီး သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ပေါင်း ၂၉ ဦး ပါဝင်ပါတယ်။ မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌအပါအဝင် အစိုးရဝန်ကြီးတွေပါ တက်ရောက်ခဲ့ကြတာပါ။
လက်ရှိ Reuters သတင်းထောက်နှစ်ဦး ထောင်ချခံထားရတာအပါအဝင် မြန်မာသတင်းသမားအချို့ ဖမ်းဆီး တရားစွဲဆိုခံနေရတဲ့ အနေအထားကြောင့် မြန်မာ့သတင်းမီဒီယာ လွတ်လပ်ခွင့် အနေအထားဟာ စိုးရိမ်စရာ အနေအထားဖြစ်နေတယ်လို့ နိုင်ငံတကာသတင်းမီဒီယာလွတ်လပ်ခွင့် စောင့်ကြည့်တဲ့အဖွဲ့တွေက ဝေဖန်ပြောဆို နေပြီး အရပ်သားအစိုးရလက်ထက်မှာ သတင်းအချက်အလက်ရယူခွင့်၊ သတင်းဖော်ပြခွင့်ကတော့ သိသိသာသာကို လွတ်လပ်မှုကင်းပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရချိန်လည်းဖြစ်တယ်လို့ သတင်းသမားတွေ ကတော့ သုံးသပ်ပြောဆိုနေကြပါတယ်။
Your browser doesn’t support HTML5