တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ NMSP ရဲ့ လူထုတွေ့ဆုံပွဲ ကျင်းပဖို့စီစဉ်နေမှုကို တပ်မတော်မှ လူဦးရေ ကန့်သတ်လာတာကြောင့် လူထုတွေ့ဆုံပွဲ ကျင်းပဖို့ ရပ်ဆိုင်းနေပြီး အစိုးရဘက်ကို တင်ပြထားတယ်လို့မွန်ပြည်သစ်ပါတီက သူတွေက ပြောပါတယ်။ လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စတဲ့အဖွဲ့တွေဟာလည်း အလားတူ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဗွီအိုအေထိုင်းအခြေစိုက် သတင်း ထောက် နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီရဲ့ အကြို လူထုတွေ့ဆုံပွဲ ကျင်းပရေးအတွက် စီစဉ်နေဆဲမှာ တပ်မ တော်ကနေ လူအင်အား ကန့်သတ်လာမှုကြောင့် ရပ်ဆိုင်းထားရပြီး လူထုတွေ့ဆုံပွဲဆက်လက် ကျင်းပခွင့် ရရှိရေးအတွက် ြငိမ်းချမ်းရေးကော်မရှင်ကို ဆက်လက်တင်ပြထားတယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှက အခုလိုပြောပါတယ်။
"လူဦးရေများတယ်ဆိုတဲ့ အချက်နဲ့ရပ်ဆိုင်းထားတဲ့အပေါ်မှာ ကျွန်တော်တို့ဆိုင်ရာကို ငြိမ်းချမ်းရေးကော်မရှင်တို့ MR PC တို့ကို ကျွန်တော်တို့တင်ပြထားတာရှိပါတယ်။ ဒီဖြစ်ပျက်နေတဲ့အခြေအနေတွေကိုလေ။ သူတို့ကအဆင်ပြေ အောင်ဘယ်လိုများ ဖြေရှင်းပေးနိုင်မလဲ အဲဒီအပေါ်မှာလဲဘဲ ကျွန်တော်တို့စောင့်ဆိုင်းနေတုန်းပါဘဲ။"
မတ်လ(၁၀)ရက်နေ့မှာ ကော့ကရိတ်မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ သထုံခရိုင်ဌာနချုပ် စခမ်းအတွင်းကျင်းပဖို့ စီစဉ် ထားတဲ့ လူထုတွေ့ဆုံပွဲကို တပ်မတော်ဘက်က လူဦးရေ(၃၀)ထက် မကျော်ရ သတ်မှတ်ညွှန်ကြားလာတယ်လို့ နိုင်ဝင်းလှက ဆိုပါတယ်။
"ကျွန်တော်တို့တပ်စခမ်းမှာဘဲ ဒေသအစုံ အလွှာအစုံ အဖွဲ့အစည်းတွေအစုံပေါ့လေ။ နိုင်ငံရေးပါတီကလူတွေရော လူမှုအသင်းအဖွဲ့ကလူတွေရော ကျွန်တော်တို့တပ်မိသားစုတွေရော(၂၀၀)ကျော်ကျော်လောက်ပေါ့လေ။ တွေ့ဆုံပြီး တော့ ကျွန်တော်တို့NCAထိုးထားတဲ့အကြောင်းတွေ နောက်NCAထိုးပြီးတော့ ဘာရှေ့ဆက်လုပ်ငန်းတွေ ဘာရှိသလဲ ပေါ့။ တက်ရောက်တဲ့လူထုဆီက ဘာတွေတုန့်ပြန်လာမလဲဆိုတာနားထောင်မှာပေါ့လေ။ အဲတာကိုတပ်ဖက်က သူတို့ ကများတယ်ပေါ့ဗျာ။ နှစ်ဆယ် သုံးဆယ်ထက်မကျော်ပါစေနဲ့။ ဒီ(၃၀)ထက်ကျော်ရင်သူတို့ခွင့်ပြုလို့မရဘူး။ အဲဒီလို တားမြစ်လာတယ်ပေါ့လေ။"
မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပမီ တစ်နေရာကို လူထု ၂၅၀ ဦး ဝန်းကျင်ခန့်နဲ့ မတ် လ ၁၀ရက်နေ့ကနေ ၂၇ အထိ တပ်တည်ဧရိယာ နေရာ ၅ ခုမှာ လူထုတွေ့ဆုံပွဲတွေ ကျင်းပဖို့ မွန်ပြည် သစ်ပါတီ ကနေ စီစဉ်ထားတာပါ။
တပ်မတော်ကနေ ညွှန်ကြားလာတဲ့ လူအင်အား(၃၀)ထဲနဲ့ လူထုတွေ့ဆုံပွဲ ကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ဝင်းလှက ဆိုပါတယ်။
မွန်ပြည်သစ်ပါတီဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ (၁၃)ရက်နေ့မှာ အစိုးရနဲ့ NCAလက်မှတ် ရေးထိုးထားတဲ့ လက်နက် ကိုင်အဖွဲ့ တခုဖြစ်ပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) နဲ့ ညှိနှိုင်းသဘောတူချက်အရ သင်္ကြန်မတိုင်မီ ဧပြီ ၆ ရက်နေ့ ရေးမြို့မှာ မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့လျာထားပေမဲ့ ဒီလို လူထု အကြိုဆွေးနွေးပွဲအတွက် လူအင်အား ကန့်သတ်ချက်ကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ဟာ မရေရာသေးတဲ့ အခြေအနေမှာ ရှိနေပါတယ်။
NCA လက်မှတ်ရေးထိုးပြီးရင် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေးသွားဖို့ မျှော်မှန်းထားပေမဲ့ ဒီလို ကန့်သတ်မှု တွေကြောင့် မျှော်လင့်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက အခု လိုဆက်ပြောပါတယ်။
"ကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲထဲပါနိုင်အောင်။ NCAလက်မှတ်ပူပူနွေးနွေးပေါ့လေ ထိုးလာခဲ့တယ်။ အဲဒီမှာလဲဘဲ ကျွန်တော်တို့မျှော်လင့်တဲ့အတိုင်းဖြစ်အလာခဲ့ဘူး။ တခြားနေရာဒေသမှာလဲအဲဒီလိုပါဘဲဆိုတော့ကာ ဒီNCAနဲ့ ကျွန် တော်တို့နဲ့အလားတူ ဘဝတူ တခြား NCAမထိုးနိုင်သေးတဲ့အဖွဲ့တွေအများကြီးကျန်ပါသေးတယ်။ သူတို့က NCA အပေါ်မှာ အယုံအကြည်လျော့လာတယ်သဘောတော့ ဆောင်နိုင်လာနိုင်တယ် အဲဒီလိုဘဲကျွန်တော်တို့ ဖြေချင် ပါတယ်။"
အလားတူ NCA လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကျင်းပမဲ့နေရာကို တပ်မတော်ဘက်က ကန့်သတ်မှုတွေရှိနေတာကြောင့် အကြိုလူထုတွေ့ဆုံပွဲတွေ မကျင်းပနိုင်သေးသလို ရှမ်းလူမျိုး အလိုက် အမျိုးသားအဆင့် နိုင်ငံရးဆွေးနွေးပွဲလဲ မကျင်းပနိုင်သေးပါဘူး။
တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA အနေနဲ့ အကြိုလူထုတွေ့ဆုံပွဲတွေ ဆက်လက် ကျင်းပနိုင်ရေးအတွက် အစိုးရ တပ်မတော်နဲ့ ညှိနှိုင်းနေဆဲလို့ RCSS ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းငိန်းက ပြောပါတယ်။
"ကျွန်တော်တို့ဘက်ကမြင်တာကတော့ ကိုယ့်လူမျိုးရှိတဲ့ ဒေသမှာသာကျွန်တော်တို့လွတ်လွတ်လပ်လပ်နဲ့ ကျယ် ကျယ်ပြန့်ပြန့်လုပ်ခွင့်ရှိတယ် အမြင်ရှိတာကိုး။ ဒါပေမဲ့တပ်မတော်ဘက်က အဲဒီလိုမဟုတ်ဘူးသူကတော့။ သူမြင်တာ ကတော့ကျွန်တော်တို့နဲ့ပြောင်းပြန်။ ဒါကြောင့်မို့ အခုအမြင်မတူနေတဲ့ဟာကို ညှိနှိင်းဖို့ကတော့ ကျွန်တော်တို့ ဘက် က အစိုးရတပ်မတော်အကြီးအကဲတွေနဲ့ အမြင်ခြင်းတူအောင် အလွတ်သဘောတွေ့ဖို့ စီစဉ်ထားတာရှိပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့။"
လက်ရှိ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေအနက်က တောင်ပိုင်းရှမ်းပြည်တပ်မတော်၊ မွန်ပြည်သစ်ပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၊အစရှိတဲ့အဖွဲ့ဟာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပနိုင်သေးသလို လူထုအကြိုဆွေးနွေးပွဲ ကျင်းပရေးမှာ တပ်မတော်ကနေ ဟန့်တားမှုတွေနဲ့ ကြုံနေရ ပါတယ်။
အခုလို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မကျင်းပဖြစ်ရင် လာမယ့် မေလဆန်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ်အစည်းအဝေးအပေါ် သက်ရောက်မှုတွေ ရှိလာ နိုင်တယ်လို့ တိုင်းရင်းသားအရေး လေ့လာသူတွေကနေ သုံးသပ်ပြောဆိုမှုတွေလဲ ရှိနေပါတယ်။
Your browser doesn’t support HTML5