ပါကစ္စတန်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာ ကျိန်ဆို

ပါကစ္စတန် ဝန်ကြီးချုပ်သစ် မစ္စတာ Imran Khan နဲ့ သမ္မတ MAMNOON HUSSAIN

ပါကစ္စတန် Tehreek-i-Insaf PTI ပါတီခေါင်းဆောင် နာမည်ကျော် ခရစ်ကတ်အားကစားသမား Imran Khan ဟာ ဒီကနေ့မှာ ပါကစ္စတန်ဝန်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတယ်။

ပါကစ္စတန်လွှတ်တော်ကနေ သောကြာနေ့မှာ Khan ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်လိုက်တာပါ။ နှစ် ၇၀ ကာလအတွင်း ပဋိပက္ခတွေ၊ စစ်ဖက်က ဝင်ရောက်စွက်ဖက်လေ့ရှိတဲ့အစဉ်အလာကနေ ခွဲထွက်ပြီး ဒါဟာ ဒုတိယအကြိမ်မြောက် ဒီမိုကရေစီနည်းလမ်းကျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အာဏာလွှဲပြောင်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၆၅ နှစ်အရွယ် Khan ဟာ အောက်လွှတ်တော်က ၂၇၂ မဲထဲက၁၇၆ မဲ ရရှိခဲ့တာဖြစ်ပြီးသူ့ရဲ့ ပြိုင်ဘက် ပါကစ္စတန် မူစလင် အဖွဲ့ချုပ် MPL-N က Shahbaz Sharif က ၉၆ မဲသာ ရရှိခဲ့တာပါ။ အတိုက်အခံ ကိုယ်စားလှယ်လောင်းဟာ လာဘ်စားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရတဲ့ ဝန်ကြီးချုပ်အဖြစ် ၃ ကြိမ် ရွေးချယ်ခံရဘူးသူ Nawaz Sharif နဲ့ ညီကို တော်စပ်သူဖြစ်ပါတယ်။

Sharif နဲ့ သူ့မိသားစုဝင်တွေရဲ့နိုင်ငံရပ်ခြားက ပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဆန့်ကျင်ပြောဆိုခဲ့တဲ့ Khan ကို အထူးသဖြင့်အပြောင်းအလဲကို လိုလားနေတဲ့ လူငယ်တွေက ထောက်ခံခဲ့ကြတာကြောင့် သူ့ပါတီအနေနဲ့ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန်မှာ တတိယအင်အားအများဆုံးပါတီဖြစ်တဲ့ ပါကစ္စတန် ပြည်သူ့ပါတီ PPP က တော့ လွှတ်တော် အတွင်း မဲပေးရာမှာ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ အရင်တုန်းကတော့ ပါကစ္စတန်မှာ စစ်တပ်က အာဏာသိမ်း မထားချိန်မှာ MPL-N နဲ့ PPP ပါတီတွေက အာဏာကို တလှည့်စီ ချုပ်ကိုင်ထားတာပါ။ အမေရိကန်နဲ့ ဆက်ဆံရေး အဆိုးရွားဆုံးအချိန်မှာ ပါကစ္စတန် ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ Khan အနေနဲ့ အကြီးမားဆုံး ရင်ဆိုင်ရမယ့် ပြသနာက စီးပွါးရေးကိစ္စဖြစ်သလို စစ်ပွဲတွေဖြစ်ပွါးနေတဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံက ပဋိပက္ခတွေကလည်း ဒေသတွင်း လုံခြုံရေးအတွက် စိန်ခေါ်မှုသစ်တရပ် ဖြစ်နေပါတယ်။

Your browser doesn’t support HTML5

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ကျမ်းသစ္စာကျိန်ဆို