စစ်သွေးကြွတွေရန်က အမျိုးသမီးနဲ့ကလေးတွေကို ကာကွယ်ဖို့ ကုလပန်ကြား

ကုလလူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲသစ် Zeid Ra'ad Zeid Al-Hussein

အစ္စလာမစ် State စစ်သွေးကြွတွေ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကာကွယ်ပေးကြဖို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲသစ် Zeid Ra'ad al Hussein က ပန်ကြားလိုက်ပါတယ်။

အစ္စလာမ်မစ် State စစ်သွေးကြွတွေ လှုပ်ရှားနေတဲ့ နိုင်ငံအားလုံးဟာ သွေးနဲ့ ဖုံးလွှမ်းခဲ့သလို ရန်လိုမုန်းတီးမှုတွေနဲ့ အခြေအနေဆိုးဝါးနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ အကြီးအကဲသစ်အဖြစ် ဂျနီဗာမှာ ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာ မစ္စတာ Zeid က ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီ အစ္စလာမ်မစ် State စစ်သွေးကြွအဖွဲ့ဟာ ဆီးရီးယားအရှေ့ပိုင်းဒေသ အတော်များများကိုရော၊ အီရတ်နိုင်ငံ အနောက်ပိုင်းတခွင်မှာရော နယ်မြေ အပိုင်းအခြားမထားဘဲ အစ္စလန်နိုင်ငံထူထောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ အဓမ္မလူသစ်စုဆောင်းမှုရော၊ လိင်မှုဆိုင်ရာ အကြမ်းဘက်မှုတွေကိုပါ ခံရနိုင်ခြေရှိတဲ့ ကလေးငယ်တွေနဲ့ ပြင်းပြင်းထန်ထန် ကန့်သတ်မှုတွေ လုပ်တာခံရနိုင်တဲ့ အမျိုးသမီးတွေအတွက် အကာကွယ်ပေးနိုင်အောင် ကြိုးစားဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မစ္စတာ Zeid က ကုလသမဂ္ဂ လူ့အခွင့်ရေးကောင်စီကို ပြောပါတယ်။

လက်ရှိမှာ အချိန်မရွေး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှှု၊ မုဒိန်းကျင့်မှှုနဲ့ နှိပ်စက်မှုတွေအပါအဝင် အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုတွေဟာ လူနည်းစုတွေနဲ့ ဘာသာရေးအဖွဲ့တွေအပေါ် ကျူးလွန်နေတာဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ဂါဇာဒေသမှာ အစ္စရေးတွေရဲ့ ၇ နှစ်ကြာ ပိတ်ဆို့ထားမှုတွေကို အဆုံးသတ်ဖို့ ပန်ကြားလိုက်ပါတယ်။ ဂါဇာနဲ့ အနောက်ဘက်ကမ်းက ပါလက်စတိုင်း ဒေသခံတွေအဖို့ အင်အားသုံးပြီး ဝင်ရောက် အခြေချမှုတွေမရှိတဲ့ ပုံမှန်လွတ်လပ်တဲ့ အနေထားမှာ ရှင်သန်နိုင်ခွင့် ရှိရမယ်လို့ ဆိုပါတယ်။

မစ္စတာ Zeid ဟာ ကုလသမဂ္ဂဆိုင်ရာ ဂျော်ဒန်နိုင်ငံ သံအမတ်ကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာရပ်နွယ်ဖွား မူဆလင်တဦး ပထမဆုံး ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး ရာထူးရခဲ့တာလည်းဖြစ်ပါတယ်။