ပြည်ဝင်ခွင့် VISA သက်တမ်း ကုန်ဆုံးတဲ့ New York Times သတင်းထောက် တရုတ်နှင်ထုတ်

တရုတ်လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေက သတင်းမီဒီယာတွေကို လိုက်လံ တားမြစ်နေစဉ်။ (ဇန်နဝါရီလ ၂၆၊ ၂၀၁၄)

အမေရိကန်အခြေစိုက် New York Times သတင်းစာက သတင်းထောက်ကို တရုတ်အာဏာပိုင်တွေက ဗီဇာ သက်တမ်း တိုးမပေးတဲ့အတွက် တရုတ်ပြည်က ထွက်ခွာသွားရပြီ ဖြစ်ပါတယ်။ ဒါဟာ တရုတ်အစိုးရ အရာရှိတွေအကြောင်း သတင်းစာမှာ ရေးသား ဖော်ပြခဲ့တာကို ဒဏ်ခတ်တဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ အများက ယူဆနေကြပါတယ်။

သူ့အနေနဲ့ တရုတ်ပြည်က ထွက်ခွာသွားရမှာဖြစ်တဲ့အတွက် စိတ်မကောင်းကြောင်းနဲ့ မကြာခင်မှာ ပြန်လာနိုင်လိမ့်မယ် လို့ မျှော်လင့်ကြောင်း ဘေဂျင်းမြို့ လေဆိပ်က မထွက်ခင် တရုတ်ပြည်ဆိုင်ရာ ဝါရင့်သတင်းထောက် Austin Ramzy က Twitter အကောင့်ကတဆင့် သူ့သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

Austin Ramzy ဟာ တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးမပေးတဲ့အတွက် ၁၃ လအတွင်း တရုတ်ပြည်က ထွက်ခွာသွားရတဲ့ ဒုတိယမြောက် သတင်းထောက်လည်း ဖြစ်ပါတယ်။

New York Times သတင်းစာက ၂၀၁၂ ခုနှစ်တုန်းက တရုတ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဝမ်ဂျားဘောင် မိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီ သတင်းဆောင်းပါးဟာ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်နဲ့ ရေးသားထားတယ် ဆိုပြီး အမျက်ဒေါသထွက်ခဲ့တာကြောင့် New York Times ရဲ့ အင်တာနက် Website ကို တရုတ်ပြည်မှာ ကြည့်ခွင့်မရအောင် အာဏာပိုင်တွေက ချက်ချင်း ပိတ်ပစ်လိုက်ပါတယ်။ အဲဒီနောက် New York Times ရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက်အတော်များများရဲ့ သတင်းထောက်ဗီဇာတွေကိုလည်း သက်တမ်း တိုးမပေးတော့ပါဘူး။