နယူးဇီလန်ငလျင် ပျောက်ဆုံးသူ အသက်ရှင်ဖွယ် မရှိတော့

နယူးဇီလန်ငလျင် ပျောက်ဆုံးသူ အသက်ရှင်ဖွယ် မရှိတော့

နယူးဇီလန်နိုင်ငံမှာ မနေ့တုန်းက ပြင်းထန်တဲ့ ငလျင်ဒဏ် ခံခဲ့ရပြီးတဲ့နောက် အသက်မသေ ကျန်ရစ်သူတွေကို ရှာဖွေနိုင်ဖို့ မျှော်လင့်ချက်နဲ့ ခရိုက်စ်စ်ချာ့ချ် (Christchurch) မြို့က ပြိုကျထားတဲ့ အဆောက်အဦး အပျက်အစီးတွေကို အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ဒီကနေ့မှာလည်း အပူတပြင်း ဆက်လက် တူးဖော်နေကြပါတယ်။

နိုင်ငံတကာ ဘာသာစကားသင်ကျောင်း တကျောင်းနဲ့ နာမည်ကြီး ရုပ်မြင်သံကြားဌာန တခုတို့ရှိရာ ၅ ထပ် အဆောက်အဦး ပြိုကျခဲ့တဲ့ နေရာက ပျောက်ဆုံးနေသူတွေကို ရှာဖွေနေကြဆဲ ဝမ်းနည်းပက်လက်နဲ့ ငိုယိုနေကြတဲ့ မိတ်ဆွေတွေ၊ မိသားစုတွေကိုတော့ အသက်မသေ ကျန်ရစ်သူတွေကို တွေ့နိုင်မယ့် မျှော်လင့်ချက် မရှိတော့ဘူးလို့ အာဏာပိုင်တွေက ပြောလိုက်ပါတယ်။

ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေက ကျောင်းသား ၁ ဒါဇင်ကျော်ဟာလည်း အဆောက်အဦး ပြိုကျရာက သေဆုံးသူတွေထဲ ပါဝင်နိုင်တယ်လို့ ယုံကြည်နေကြတာပါ။

ဒီကနေ့ ညနေစောင်းအထိ အတည်ပြုနိုင်တဲ့ သေဆုံးသူ အရေအတွက် စာရင်းအရကတော့ ၇၅ ယောက် ရှိပြီး နောက်ထပ် ၃၀၀ လောက်ရဲ့ အခြေအနေကတော့ မသိရနိုင်ပဲ ဖြစ်နေပါတယ်။ ဒီအထဲမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ မြို့အနှံ့ တယ်လီဖုန်းနဲ့ လျှပ်စစ်မီးတွေ ပြတ်တောက်မှုတွေကြောင့် အဆက်အသွယ် ပြတ်နေသူတွေလည်း ပါဝင်နိုင်ပါတယ်။

အခုအခါ အသက်မသေ ရှင်ကျန်သူတွေ ရှိမယ်လို့ မျှော်လင့်ရတဲ့ မြို့လယ်ခေါင်က အဆောက်အဦး တချို့လောက်မှာပဲ ကယ်ဆယ်ရေးတွေ အာရုံစိုက် လုပ်နေတဲ့အကြောင်း ခရိုက်စ်ချာ့ချ် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။