FIFA နာမည်ကောင်း ပြန်ရရေး ဥက္ကဋ္ဌသစ် ကြိုးပမ်းမည်

FIFA ဥက္ကဋ္ဌသစ် Gianni Infantino ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)

FIFA ဥက္ကဋ္ဌသစ် Gianni Infantino ။ (ဖေဖော်ဝါရီ ၂၆၊ ၂၀၁၆)

ငွေကြေးအရှုပ်တော်ပုံကြောင့် နာမည်ပျက်ခဲ့ရတဲ့ FIFA ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကို ပိုမို ပွင့်လင်းမြင်သာမှု၊ အရည်အချင်းရှိပြီး၊ တာဝန်ခံမှုရှိတဲ့ အဖွဲ့ကြီးဖြစ်လာစေဖို့ ရည်ရွယ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ နာမည်ကောင်းရအောင် ပြန်လည်ကြိုးပမ်း သွားမယ်လို့ အသစ်ရွေးချယ်ခံခဲ့ရတဲ့ FIFA ဥက္ကဋ္ဌက ကတိပေးလိုက်ပါတယ်။

ခက်ခဲလွန်းတဲ့ ကာလတွေမှာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ကြတဲ့ FIFA အဖွဲ့ဝင်တွေကို ကျေးဇူးတင်ကြောင်းလည်း ပထမဆုံး သတင်းစာရှင်းလင်းပွဲအတွင်း FIFA ဥက္ကဋ္ဌသစ် Gianni Infantino ကပြောဆိုခဲ့ တာပါ။ ဘောလုံး ကစားနည်း ရေပန်း မစားသေး တဲ့ နေရာတွေ အပါအဝင် - ကမ္ဘာပေါ်က နေရာတိုင်း မှာ ဘောလုံးအားကစားကို စိတ်ဝင်စားလာအောင် ကူညီဖို့ FIFA ဝန်ထမ်းတွေ၊ လုပ်ဖော်ကိုင်ဘက်တွေအားလုံးနဲ့ လက်တွဲ လုပ်ဆောင်သွားဖို့ မျှော်လင့် ထားကြောင်းလည်း မစ္စတာ Infantino က ပြောဆိုခဲ့ပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ မစ္စတာ Infantino အနေနဲ့ အကျင့်ပျက်ခြစားမှုနဲ့ ဆက်နွယ်ပြီး ဒါဇင်ပေါင်းများစွာသော တာဝန်ရှိသူတွေအပေါ် ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုတွေ အပါအဝင် FIFA အဖွဲ့ကြီးရဲ့ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ရုရှားနဲ့ ကာတာနိုင်ငံတွေမှာ သီးခြားစီ ကျင်းပဖို့ရှိနေတဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၂ ခုကို အိမ်ရှင်အဖြစ် ကျင်းပခွင့် ပေးလိုက်တဲ့ ကိစ္စဟာလည်း စုံစမ်းစစ်ဆေး ခံနေရတာ ဖြစ်ပါတယ်။ မစ္စတာ Infantino ကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဌသစ် အဖြစ် ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာ ပြုလုပ်တဲ့ အစည်းအဝေး ကနေ သောကြာနေ့က ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

အဓိက မဲအများစုရဖို့လိုအပ်တဲ့ ဒုတိယအကျော့ ရွေးချယ်ပွဲမှာ - အသက် ၄၅ နှစ်အရွယ် အီတလီနွယ်ဖွား ဆွစ်ဇာလန်နိုင်ငံသား Infantino က ထောက်ခံမဲ ၁၁၅ မဲ ရရှိခဲ့ပြီး၊ သူ့ရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ အာရှဘောလုံးအဖွဲ့ချုပ် (AFF) ရဲ့ ဥက္ကဌဖြစ်တဲ့ Sheikh Salman bin Ebrahim Al Khalifa က ၈၈ မဲ ရရှိခဲ့တာပါ။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှာ အကျင့်ပျက်ခြစားမှုနဲ့ ဘဏ္ဍာရေးဆိုင်ရာ လွဲမှားတဲ့ စီမံခန့်ခွဲမှုအတွက် အပြစ်တင်ခံနေရတဲ့ ဥက္ကဋ္ဌ Sepp Blatter ရဲ့ နေရာကို လွှဲပြောင်းယူရမယ့် မစ္စတာ Infantino က - ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ အမည်းစက်ထင်နေတဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ပြန်လည် ဖွဲ့စည်းသွား မယ်လို့ ကတိပေးခဲ့တာပါ။

FIFA ဥက္ကဌသစ်အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ Gianni Infantino ကလည်း - သူဟာ အီတလီ၊ ပြင်သစ်၊ ဂျာမန်၊ အင်္ဂလိပ်နဲ့ စပိန် ဘာသာစကား ၅ ခုကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်သလို၊ ဆွစ်ဇာလန်နိုင်ငံ Fribourg တက္ကသိုလ်မှာ ဥပဒေဘွဲ့ ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အခုလို FIFA ဥက္ကဋ္ဌသစ်အဖြစ် ရွေးချယ်မခံရရင် သူဟာ - ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) မှာ ၂၀၀၀ ပြည့် သြဂုတ်လမှာ စတင် လုပ်ကိုင်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် အောက်တိုဘာလမှာတော့ (UEFA) ရဲ့ အတွင်းရေးမှူးချုပ် ဖြစ်လာခဲ့ပါတယ်။