ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ရုတ်သိမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချက်ပြမှုကို ကြည့်နေကြတယ်လို့ အမေရိကန်ပြည်ထောင်စု George Mason တက္ကသိုလ်က လူမှုရေးမနုဿဗေဒ ပညာရှင် ဒေါက်တာ ဂျွန်ဒေလ် (Dr. John Dale) က ဆိုပါတယ်။ အနောက်နိုင်ငံ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု သဘောသဘာဝနဲ့ အလားအလာတွေကို ပါမောက္ခ ဂျွန်ဒေလ် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ ဂျွန်ဒေလ် ခင်များ … မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးစရာတွေကတော့ အများကြီးပါ။ ဒါပေမဲ့ ဒီနေ့ အင်တာဗျူးမှာ ကျနော်အဓိကထားပြီး မေးချင်တဲ့အကြောင်းကတော့ မြန်မာနိုင်ငံမှာ အခုအခါမှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေက အတင်းအလုအယက်ဝင်ဖို့ ကြိုးပမ်းနေကြတယ့်သဘောမျိုး တွေ့ရပါတယ်။ အမေရိကန်ကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဥရောပသမဂ္ဂ၊ ဂျပန်၊ ဗြိတိန်နိုင်ငံတို့ကလည်း ထိုနည်းလည်းကောင်း အလုအယက်ဝင်ရောက်ဖို့ ကြိုးပမ်းနေကြတာကို တွေ့ရပါတယ်။ တချို့ကလည်း ဒါဟာနည်းနည်းစောတယ်။ သိပ်ပြီးတက်ကြွလွန်တယ်လို့ သုံးသပ်နေကြပါတယ်။ ဒီကိစ္စအမြင်အပေါ် ပထမဦးဆုံးပြောပါ။
Prof. John Dale ။ ။ အမေရိကန် ရေနံကော်ပိုရေးရှင်းတွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နံှချင်တာကို ဟိုအစောပိုင်းကတည်းက တွေ့ရပါတယ်။ ဒါကို ကွန်ဂရက်လွှတ်တော်ကို အမြဲတမ်းဖိအားပေးနေပါတယ်။ ဒါပေမဲ့ ကွန်ဂရက်က မြန်မာနိုင်ငံအပေါ် sanction တွေ ပုံစံအမျိုးမျိုးနဲ့ ချမှတ်ခဲ့ပြီးတော့ အခုအခါမှာတော့ ပြုပြင်ပြောင်းလဲရေး လိုလားတဲ့သမ္မတ တက်လာတယ်။ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီ ပါဝင်လာနိုင်တယ် စတဲ့ အပြုသဘောဆောင် တိုးတက်မှုတွေ တွေ့လာရတဲ့အတွက် သမ္မတ အိုဘားမားအစိုးရကလည်း သံတမန်ရေးနည်းလမ်း၊ ဆက်ဆံရေးမူတွေအရ sanction တချို့ကို လျှော့ပေါ့သင့်တယ်လို့ ယူဆလာတာကို တွေ့ရပါတယ်။ Sanction တွေက တခုနဲ့တခု မတူကြတဲ့အတွက် လျှော့ပေါ့ရုတ်သိမ်းတဲ့အခါမှာလည်း နည်းလမ်းတွေက ကွဲပြားပါလိမ့်မယ်။ ဝါရှင်တန်မြို့တော်က sanction policy နဲ့ ပတ်သက်တဲ့ လူတွေကို ကျနော် စကားပြောကြည့်တော့ သူတို့အားလုံးက ဒီကိစ္စအားလုံးအတွက် ဒေါ်အောင်ဆန်းစုကြည် ကို အဓိကထားနေကြတာကို တွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းပြမယ့် အချိန်ကို စောင့်နေကြပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ၊ ဒီမိုကရေစီအတွက်သာမက တိုင်းရင်းသားတွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ ညီညွှတ်ရေးအတွက်လည်း ပြယုဂ်အဖြစ်နဲ့ ယူဆထားကြပါတယ်။ ဒါအပြင် အရေးကြီးတဲ့အချက်တချက်က တရားမျှတတဲ့ ပွင့်လင်းတဲ့ ဈေးကွက်စနစ် ဖြစ်လာရေးအတွက်လည်း အဓိကကျတယ်လို့ မြင်နေကြတာပါ။
ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော် ကြားဖြတ်မေးချင်တာတခုကတော့ အခုန ပါမောက္ခ ဂျွန်ဒေလ် က ပြောတယ် - သံတမန်နည်းအရ ဆက်ဆံရေးမူ၊ အခု ကျင့်သုံးလာတဲ့ အမေရိကန်ဖက်က diplomatic engagement လို့ ဆိုပါတယ်။ ဆိုတော့ တချို့ကလည်း sanction ကြောင့် အပြောင်းအလဲဖြစ်လာတယ်လို့ ပြောနေကြတာ။ ဒီတော့ ပါမောက္ခ ဂျွန်ဒေလ် ပြောတဲ့ diplomatic engagement နဲ့ sanction ဘယ်ဟာက အဓိကကျတယ် ထင်ပါတယ်။ အခုလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းစကို ရောက်လာရတာ။
Prof. John Dale ။ ။ နှစ်ခုစလုံး လိုအပ်တယ်လို့ ထင်ပါတယ်။ အတိတ်ကာလကလည်း constructive engagement အပြုသဘောဆောင် ဆက်ဆံရေးဆိုတာ ရှိခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး။ စီးပွားရေးလုပ်ငန်းတွေကြောင့် အတင်းအဓမ္မ ရွာတွေ ရွှေ့ပြောင်းတာ၊ လူ့အခွင့်အရေး ချိုးဖောက်တာတွေပဲ ရှိလာခဲ့ပါတယ်။ အခုတော့ ကျနော်တို့ဖက်က diplomatic engagement ခေါ်တဲ့ သံတမန်ရေးနည်းအရ ထိတွေ့ဆက်ဆံရေးဆိုတာ လုပ်လာပါတယ်။ ဒီမိုကရေစီကို ဦးတည်တဲ့ အပြောင်းအလဲတွေ လုပ်လာရင် အပြုသဘောတုံ့ပြန်မှုတွေ လုပ်သွားမယ်ဆိုတဲ့ သဘောပါ။ ဒါက တချိန်တည်းမှာ တွန်းလည်းတွန်းတယ်၊ ဆွဲလည်းဆွဲတယ် - pushing and pulling the same time ဆိုတဲ့ သဘောတရားပါ။
ဦးကျော်ဇံသာ ။ ။ အမေရိကန်ပြည်ထောင်စုဟာ သမ္မတ အိုဘားမား တက်လာပြီးကတည်းက အာရှနဲ့ အရှေ့တောင်အာရှဖက်ကို အလေးထားလာတယ်။ မဟာဗျူဟာအရ ပိုပြီးဦးစားပေးလာတယ်။ မြန်မာအိမ်နီးချင်းနိုင်ငံတွေမှာလည်း မဟာဗျူဟာအရ ပိုပြီးလွှမ်းမိုးဖို့ ပိုကြိုးစားလာတာကိုလည်း တွေ့ရပါတယ်။ ဆိုတော့ ဒါဟာ တရုတ်လွှမ်းမိုးမှုကို ထိန်းချုပ်ချင်တယ့်သဘောလည်း ရှိမယ်လို့ ထင်ပါတယ်။ တရုတ်ရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ချင်တဲ့အချက်က အမေရိကန်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအပြောင်းအလဲမှာ ဘယ်လောက်အရေးပါသလဲ ထင်ပါသလဲ။
Prof. John Dale ။ ။ သိပ်ကိုအရေးပါပါတယ်။ အခု အစိုးရထဲမှာ အရပ်သားအနေနဲ့ ပါနေကြတဲ့ စစ်ဗိုလ်ချုပ်တွေအတွက်လည်း သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျနော့်ရဲ့ အမြင် အမေရိကန် မူဝါဒ ချမှတ်သူတွေရဲ့ အမြင်မှာလည်း မြန်မာတွေဟာ တရုတ်ရဲ့ သြဇာအောက်ကို သက်ရောက်သွားမှာကို မလိုလားဘူးလို့ နားလည်းထားကြပါတယ်။ အစဉ်အလာအားဖြင့်လည်း မြန်မာနိုင်ငံဟာ တရုတ်၊ အိန္ဒိယနဲ့ အနောက်နိုင်ငံတွေရဲ့ သြဇာလွှမ်းမိုးမှုတွေကို ထိန်းညှိပြီးတော့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ထိန်းသိမ်းလာခဲ့တာပါ။ အခုလည်းပဲ အမေရိကန်၊ အိန္ဒိယ စတဲ့နိုင်ငံတွေနဲ့ စီးပွားရေးဆက်ဆံမှုတွေ လုပ်လာလို့ရှိရင် ဘယ်နိုင်ငံတခုရဲ့ လွှမ်းမိုးမှုကို ခံရနိုင်စရာ မရှိပါဘူး။ အမေရိကန်ဖက်ကလည်း သယံဇာတတွေ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံမှာ တရုတ်နဲ့အပြိုင် ရင်းနှီးမြုပ်နှံချင်နေပါတယ်။ အခုတော့ တရုတ်ကပဲ အထူးသဖြင့် လောင်စားစွမ်းအင်ကိစ္စတွေအတွက် မြန်မာသာမက အရှေ့တောင်အာရှမှာ လွှမ်းမိုးနေတာပါ။
ဦးကျော်ဇံသာ ။ ။ တရုတ်ဖက်က ပြန်ကြည့်ရင်ကော မြန်မာနိုင်ငံဟာ ငါတို့နဲ့ လမ်းခွဲသွားပြီ။ တို့လက်အောက်က ထွက်သွားပြီ။ မြန်မာနိုင်ငံအပေါ် အမေရိကန်အပါအဝင် အနောက်အုပ်စုတွေက သြဇာလွှမ်းမိုးနေပြီ။ တဖက်စောင်းနင်း ဖြစ်နေပြီဆိုတဲ့ အမြင်မျိုး ဖြစ်မလာနိုင်ဘူးလား။
Prof. John Dale ။ ။ တရုတ်ကတော့ မြန်မာ့ဈေးကွက်မှာ အပေါ်စီးရထားတဲ့ အနေအထားမှာ ရရှိနေနိုင်တယ်လို့ ထင်ပါတယ်။ ပြန်ဘက်တွေထက်သာတဲ့ အနေအထားကို သူတို့ကဆက်ပြီး ထိန်းထားနိုင်မယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံအတွက် အရေးကြီးတာက ဈေးကွက်ကို ဖန်တီးတဲ့နေရာမှာ စီးပွားရေးအတွက် ကြီးထွားလာရေးကိုသာ ဦးစားမပေးသင့်ပါဘူး။ ဒါဟာ အရေးတော့ကြီးပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး စီးပွားရေးကြီးထွားလာမှုကို ဘယ်လိုဘယ်နည်း ကြီးထွားစေချင်သလဲ။ လူနည်းစုအတွက်သာ မဟုတ်ဘဲနဲ့ အများပြည်သူတွေ အကျိုးရှိအောင် ဖန်တီးကြရမှာဖြစ်ပါတယ်။ အခု တရုတ်က အသာစီးယူထားတဲ့ အခြေခံ အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းတွေဟာ ဒေသခံတွေကို အတင်းအဓမ္မ ရွှေ့ခိုင်းတာ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိနေပါတယ်။ အများပြည်သူ အကျိုးရှိရမယ်ဆိုတဲ့အချက်နဲ့ ဆန့်ကျင်နေပါတယ်။ ဒီလုပ်ငန်းတွေအတွက် အဆုံးအဖြတ်ယူရမှာ ဒေသခံတွေရဲ့ သဘောထားကို ရယူသင့်ပါတယ်။ အန္တရာယ်တွေ ထိခိုက်နိုင်မှုတွေကို ရှင်းပြနိုင်ရပါမယ်။ ထိုက်တန်တဲ့ လျော်ကြေးပေးရပါမယ် စတဲ့ လုပ်ရမယ့်ကိစ္စတွေက အများကြီးပါ။
ဦးကျော်ဇံသာ ။ ။ ဆိုပါတော့ ဒါက တရုတ် ရင်းနှီးမြုပ်နံှတာထက် အနောက် ဒီမိုကရေစီနိုင်ငံတွေ ရင်းနှီးမြုပ်နံှတာ ပိုကောင်းမယ်ဆိုတဲ့ သဘောပေါ့။ ဒါပေမဲ့ အနောက်နိုင်ငံတွေအကြားမှာလည်း မြန်မာနိုင်ငံထဲကို သူ့ထက်ငါ အလုအယက် ဝင်ချင်တဲ့သဘော တွေ့နေရပါတယ်။ ဥပမာ အမေရိကန်ကဆို sanction တချို့ကို ထိန်းထားချင်တယ်။ ဒါပေမဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေဗစ် ကမ်မရွန်း () က sanction တွေကို suspend လုပ်လာပါ။ ယာယီရပ်ဆိုင်းလိုက်ပါလို့ ဥရောပသမဂ္ဂကို အကြံပေးနေတဲ့သဘောတွေ တွေ့နေရပါတယ်။ တနည်းအားဖြင့် ပြောရရင် ဗြိတိန်နဲ့ ဥရောပသမဂ္ဂဟာ အမေရိကန်ကို ကျော်တက်ပြီး မြန်မာနိုင်ငံထဲကို အလုအယက်ဝင်မယ့်သဘောလို့ ထင်နေရပါတယ်။
Prof. John Dale ။ ။ အခုလက်ရှိမှာတော့ ဥရောပသမဂ္ဂဟာ အမေရိကန် sanction တွေ မြန်မာနိုင်ငံက ရုတ်သိမ်းဖို့ သိပ်ကိုလိုလားနေပါတယ်။ အမေရိကန်ကပါ သူတို့နဲ့ တပြိုင်နက်တည်း ရုတ်သိမ်းစေချင်ကြတာပါ။ သူတို့က အခုကို ရုတ်သိမ်းချင်ကြတာပါ။ အမေရိကန်ကတော့ ကျနော် အစောက ပြောခဲ့သလိုပါပဲ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းပြလာမယ့်အရေးကို စောင့်နေပါတယ်။ ဒါအပြင် အခုနေအခါမှာ sanction တွေ ရုတ်ပြစ်လိုက်လို့ရှိရင် မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးတွေကို ရှေ့တိုးပါအုံးမလားဆိုတဲ့ စဉ်းစားစရာဖြစ်နေတဲ့အတွက် ချိန်ဆနေကြပါတယ်။ ဒါကို အမေရိကန် မီဒီယာတွေမှာ ခင်များ တွေ့ပါလိမ့်မယ်။ အမေရိကန်နိုင်ငံရေးမှာ ဒီသဘောမျိုး ရှိနေတာ ကျနော်လည်း စူးစမ်းမိပါတယ်။ ဥရောပသမဂ္ဂဖက်ကတော့ ရုတ်သိမ်းမှုကို ဖိအားပေးနေပါတယ်။ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေအချင်းချင်း ပြိုင်ဆိုင်ကြမယ့်အရေးကို ပြောရရင်တော့ ဒါဟာ healthy competition ပါ။ ကောင်းသောယှဉ်ပြိုင်မှုတွေသာ ဖြစ်မှာပါ။ ရေနံကုမ္မဏီတွေ အပြိုင်အဆိုင် ရေနံတူးကြမယ့်ကိစ္စကတော့ ကောင်းတယ်လို့ ကျနော် မဆိုလိုပါဘူး။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုလည်း ဒီကုမ္မဏီတွေက ကာကွယ်ကြမှာမဟုတ်ဘဲနဲ့ သက်ဆိုင်ရာအစိုးရတွေက ကန့်သတ်ထိန်းချုပ်ပေးရမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အမေရိကန်ရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ sanction ဒါတွေက သူတို့ ဥပဒေပြဌာန်းပြီး ချမှတ်ထားတာဖြစ်လေတော့ ဒီ ဥပဒေတွေကို ပြန်လည်ရုတ်သိမ်းဖို့ဆိုတာ လွယ်လွယ်ကူကူ ဖြစ်နိုင်ပါရဲ့လား။ ဥပမာ ကျနော် မှတ်မိတာပြောရရင် Nelson Mandela သူကို အကြမ်းဖက်သမားလို့ သတ်မှတ်ပြီး ပြည်ဝင်ခွင့် မပေးတာ နှစ်ပေါင်းများစွာ။ နောက် သူ Nobel ငြိမ်းချမ်းရေးဆုတွေရ၊ သမ္မတ ဖြစ်လာတဲ့အခါတောင် သူကို ဖိတ်ကြားတာ ကသိကအောက်ဖြစ်ရတယ်ဆိုပြီး အဲဒီတုန်းက နိုင်ငံခြားရေးဝန်ကြီး Condoleezza Rice က ပြောတာကို ကျနော်မှတ်မိပါတယ်။ ဆိုတော့ မြန်မာနိုင်ငံအပေါ် sanction ချမှတ်တာတွေ ရုတ်သိမ်းဖို့ဆိုတာ အမေရိကန်စနစ်မှာ လွယ်လွယ်ကူကူ ဖြစ်နိုင်မလား။
Prof. John Dale ။ ။ ဟုတ်ပါတယ် အစောကပြောခဲ့သလိုပါပဲ sanction တွေဟာ အဆင့်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ ချမှတ်ထားတာပါ။ အဲဒီထဲက တချို့ကိုတော့ ကွန်ဂရက်လွှတ်တော် အဆုံးအဖြတ်နဲ့သာ ပြန်လည်ရုတ်သိမ်းနိုင်ပါတယ်။ တချို့ကိုလည်း သမ္မတအမိန့်နဲ့ လွယ်လွယ်ကူကူ ရုတ်သိမ်းနိုင်ပါတယ်။ တချို့ဆိုရင် အမေရိကန်နိုင်ငံ တနိုင်ငံတည်းမက ကျန်နိုင်ငံတွေနဲ့ ညှိနှိုင်းလုပ်ကြရမယ့်ဟာတွေ ဖြစ်ပါတယ်။ ကွန်ဂရက်ရဲ့ သဘောနဲ့ ရုတ်သိမ်းရမယ့်ကိစ္စတွေမှာတော့ နှစ်ပါတီစလုံးကသဘောတူကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်ပြောချင်တာက ကွန်ဂရက်အနေနဲ့ မြန်မာနဲ့ ပတ်သက်တဲ့ကိစ္စအရပ်ရပ်မှာ အံ့သြဘွယ်ကောင်းလှအောင်ပဲ နှစ်ပါတီ သဘောတူညီတဲ့ သာဓကတွေရှိခဲ့တယ်ဆိုတာပါပဲ။ ဆိုတော့ sanction လျော့ပေါ့ရေးကိစ္စမှာလည်း ကွန်ဂရက်လွှတ်တော်အနေနဲ့ သဘောတူညီမှု ရရှိကြမယ်ဆိုရင် ကျနော်ကတော့ အံ့သြမှာမဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဓိကတော့ တခုပဲပေါ့ခင်များ။ ဒေါ်အောင်ဆန်းစုကြည် မီးစိမ်းပြလာမယ့်အရေးကို စောင့်ကြည့်နေတယ့်သဘောပေ့ါ။
Prof. John Dale ။ ။ သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်နေတယ်လို့ပဲ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က အသက်လည်းကြီးလာပြီးတော့ သိပ်ပြီး ခွန်အားဗလရှိတာ မဟုတ်ဘူး။ ရုပ်ပြခေါင်းဆောင်မျှသာလို့ ပြောတဲ့မြန်မာတွေအများကြီး တွေ့ဘူးပါတယ်။ ဒါပေမဲ့လည်း ရုပ်ပြခေါင်းဆောင်မှုကပဲ အနောက်နိုင်ငံတွေအတွက် သိပ်အရေးကြီးနေပါတယ်။ သိပ်ကို သြဇာလွှမ်းမိုးမှု ရှိနေပါတယ်။ ဒီအချက်ကို မြန်မာပြည်က ခေါင်းဆောင်ကြီးတွေလည်း သိပ်ကိုသဘောပေါက်နေပါတယ်။ Sanction တွေ ရုတ်သိမ်းအောင် သူပဲဆောင်ရွက်နိုင်တယ်ဆိုတာကို သိကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း ဒါကိုသိပါတယ်။ ဒါကြောင့်မို့ ဒီအချက်ကို ရွေးကောက်ပွဲကျင်းပဖို့သာ မဟုတ်ဘဲနဲ့ အရပ်သားလူ့အဖွဲ့အစည်းတွေအတွက် စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းရေး၊ စီးပွားရေး၊ နိုင်ငံရေးအားလုံးအတွက် အသုံးချနေတာပါ။