ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ARSA အကြမ်းဖက် အဖွဲ့ရဲ့ တိုက်ခိုက်မှု၊ ပြန်လည် နှိမ်နင်းမှုတွေကြောင့် သြဂုတ်လ ၃၀ ရက်နေ့အထိ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဝန်ထမ်း စုစုပေါင်း ၁၅ ယောက် ကျဆုံးခဲ့သလို အကြမ်းဖက်သမား အလောင်း ၃၇၀ ရရှိထားတယ်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။ တခြား ရခိုင်နဲ့ တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေ သေဆုံးခဲ့တာတွေပါ ပေါင်းရင် သေဆုံးသူ ၄၀၀ ဝန်းကျင်ရှိပြီမို့ အခု ဖြစ်စဉ်ဟာ ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ၊ ၂၀၁၆ အောက်တိုဘာ အတွင်း ဖြစ်ခဲ့တဲ့ နယ်ခြားစောင့် တပ်စခန်းသုံးခု အကြမ်းဖက် စီးနင်း တိုက်ခိုက်ခံရမှုနဲ့ ပြန်လည် နှိမ်နင်းခဲ့တဲ့ ဖြစ်စဉ်တွေ တုန်းကထက် သေဆုံးသူ အများကြီး ပိုများတာ တွေ့နိုင်ပါတယ်။ နောက်ထပ်လည်း သေဆုံး၊ ဒါဏ်ရာရသူတွေ အများကြီး ရှိလာနိုင်ပါသေးတယ်။ ဒီလောက် လူအသေအပျောက် များလှတဲ့ အကြမ်းဖက်မှုကြီး ဖြစ်လာတာရဲ့ နောက်ခံ အကြောင်းရင်းတွေက ဘာတွေဖြစ်မလဲ ဆွေးနွေးကြည့်ကြရအောင်ပါ။ ဒီအကြောင်းအချက်တွေကို သိထားမှ နောင် ခုလို ဆိုးရွားတဲ့ အကြမ်းဖက်မှုကြီးမျိုးတွေ ဖြစ်ပေါ်မလာအောင် ကာကွယ် တားဆီးနိုင်မှာမို့ ဖြစ်ပါတယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ်မှာ ရခိုင်တိုင်းရင်းသူ တစ်ယောက် မတရားပြုကျင့် သတ်ဖြတ်ခံရတာကနေ အစပြုပြီး ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားပါတယ်။ သတ်ဖြတ်မှုတွေ မီးရှို့မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်ရင် စစ်တွေခရိုင်ဘက်မှာ ဖြစ်ပွားတာနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တော ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အခြေအနေခြင်း မတူပါဘူး။ စစ်တွေခရိုင်ဘက်မှာက ရခိုင်တိုင်းရင်းသားတွေက လူများစု ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း အဲဒီဒေသက ရခိုင်တိုင်းရင်းသား တစ်ချို့နဲ့ တစ်သိန်းလောက်ရှိမယ့် မူဆလင်တွေ ဒုက္ခသည် စခန်းတွေထဲ ရောက်သွားပါတယ်။ အဲဒီ ဒုက္ခသည် စခန်းတွေဟာ အကျယ်ချုပ်သာသာ သဘောမျိုးပဲ ရှိပြီး ၅ နှစ်ကျော် ကြာလာတဲ့ ဒီကနေ့ အချိန်ထိ မူဆလင် တစ်သိန်းကျော်လောက် ဒုက္ခသည် စခန်းတွေကနေ သူတို့ ရပ်ရွာ ပြန်မသွားနိုင်ကြသေးပါဘူး။
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင် မောင်တောဘက်မှာတော့ အဲလို အခြေအနေမျိုး မဟုတ်ပါဘူး။ အစ္စလာမ် ဘာသာဝင်တွေက လူများစု ဖြစ်ပြီး ရခိုင်နဲ့ တိုင်းရင်းသားတွေက လူနည်းစုပါ။ ၁၀ ရာခိုင်နှုန်းအောက် နည်းတယ်လို့တောင် ခန့်မှန်းရပါတယ်။ ဒါကြောင့် အဲဒီဘက်မှာ ပဋိပက္ခ ဖြစ်ပြီဆို အကြမ်းဖက် ခံရတာ၊ ပြေးရလွှားရတာ လူနည်းစု ရခိုင်နဲ့ တိုင်းရင်းသားတွေပဲ ဖြစ်ပါတယ်။ နောက်ပိုင်း အာဏာပိုင်တွေဟာ အိုးအိမ်စွန့်ပြေးရတဲ့ ရခိုင်နဲ့ တိုင်းရင်းသားတွေကို သူတို့ကျေးရွာ သူတို့ ပြန်အခြေချနိုင်အောင် လုပ်ပေးနိုင်ခဲ့ပြီး နောက်ထပ် တိုင်းရင်းသားကျေးရွာတွေ ထူထောင်နိုင်အောင် ကြိုးစားတာလည်း တွေ့ကြရပါတယ်။
၂၀၁၆ ဧပြီ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရတက်လာတဲ့အခါ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ လျော့ပါးစေရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကနေ တဆင့် နှစ်ဖက် အသိုင်းအဝိုင်း အဆင်ပြေပြေ နေထိုင်နိုင်ရေး၊ ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းနိုင်ရေး အစရှိတဲ့ အစီအစဉ်တွေ ချမှတ်ခဲ့ပြီး သူကိုယ်တိုင် ဦးဆောင်တဲ့ ကော်မရှင် တစ်ရပ်ကိုပါ ထူထောင် ခဲ့ပါတယ်။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ အကောင်အထည် မဖော်နိုင်သေးခင် အောက်တိုဘာ ၉ ရက်နေ့မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဌာနချုပ်နဲ့ ကင်းစခန်း ၂ ခု စုစုပေါင်း သုံးနေရာကို ဒေသခံ မူဆလင် ရွာသားတွေက အကြမ်းဖက် ဝင်ရောက် စီးနင်း တိုက်ခိုက် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။ လက်နက်တချို့ကိုလည်း လုယူသွားပါတယ်။ ဒီ စီးနင်း တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က တန်ပြန် နှိမ်နင်းခဲ့သလို အဲလို နယ်မြေ စိုးမိုးရေး လုပ်စဉ် လူ့အခွင့်အရေး ချိုးဖေါက်တာတွေ ရှိတယ် ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စွတ်စွဲခြင်းကိုလည်း ခံခဲ့ရပါတယ်။
အောက်တိုဘာ အကြမ်းဖက်မှု နောက်ပိုင်း မောင်တော ဒေသမှာ ည မထွက်ရ အမိန့်ထုတ်ပါတယ်။ စစ်ဆေးမှုတွေလည်း ပိုများလာလို့ နဂိုကတည်းကမှ တမြို့နယ်ကနေ တမြို့နယ် ကျော်ဖြတ်ခွင့် မရှိ၊ ကန့်သတ်ခံထားရတဲ့ မူဆလင်တွေ တနေရာကနေ တနေရာ သွားလာရ ခက်ခဲကုန်ပါတယ်။ အကြောက်တရား လွှမ်းမိုးရုံမက အသက်မွေးဝမ်းကျောင်း နဲ့ ကုန်သွယ်စီးပွား ကူးလူးသွားလာရေး ထိခိုက်ကုန်ပါတယ်။
အောက်တိုဘာလ မတိုင်ခင်က မူဆလင် အတော်များများ ရေလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။ အောက်တိုဘာ ဖြစ်စဉ်နောက်ပိုင်း အာဏာပိုင်တွေက ငါးထွက်ဖမ်းခွင့် မပေးပဲ ရေလုပ်ငန်းကို ပိတ်ပင်လိုက်ပါတယ်။ နောက်ပိုင်း ရေယာဉ်တွေကို မှတ်ပုံတင်ခိုင်းပါတယ်။ ဒါတင်မက လှေထိုးသားတွေကိုပါ မှတ်ပုံတင်ခိုင်းပါတယ်။ ခက်တာက သက်သေခံ ကတ်ပြား လုပ်မထားတဲ့ မူဆလင်တွေ လှေထိုးသားအဖြစ် မှတ်ပုံမတင်နိုင်တော့ ငါးဖမ်းလုပ်ငန်းနဲ့လည်း အသက်မွေးဝမ်းကျောင်း မလုပ်နိုင်တော့ပါဘူး။ တပြိုင်နက်တည်း လှေပိုင်ရှင် ရခိုင်တွေရော၊ ဟိန္ဒူတွေပါ လှေသားမရှိ လှေမထွက်နိုင်တော့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ငါးဖမ်းလုပ်ငန်း တစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။ နယ်စပ် ကုန်သွယ်ရေးလည်း ဒီနည်းအတိုင်းပါပဲ။ သက်သေခံ ကတ်ပြားမရှိတဲ့ မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်ဘက် မသွားနိုင်၊ ကုန်မကူးနိုင်တော့ နဂိုကတည်းကမှ ပမာဏ နည်းနည်းပဲ ရှိတဲ့ နယ်စပ် ကုန်သွယ်ရေးလည်း လုံး၀ နီးပါး ကျဆင်းသွားစေပါတော့တယ်။ ပြောရရင် ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်စဉ်အပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက လူများစု မူဆလင်တွေရဲ့ အခြေအနေဟာ လွတ်လပ်မှု မရှိရုံမက စီးပွားရေးအရပါ နလံမထူနိုင်တဲ့ အခြေအနေ ရောက်သွားခဲ့တယ်ဆိုရင် မမှားပါဘူး။
အခြားတဖက်မှာတော့ အကြမ်းဖက်သမားတွေဟာ ပိုပိုပြီး ဆင်းရဲမွဲတေလာနေတဲ့ သေမထူး နေမထူး မူဆလင်တွေကို စည်းရုံးပါတော့တယ်။ အနုနည်းနဲ့ ရရင်ရ မရရင် ကိုယ့်လူမျိုးတူ ဘာသာတူတွေကိုလည်း အကြမ်းဖက် စည်းရုံးပါတယ်။ အရင်က ရှိခဲ့တဲ့ အစိုးရ အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို သတ်ဖြတ်တာ၊ အစိုးရနဲ့ ပူးပေါင်းသူ၊ အစိုးရကို သတင်းအမှန် ပြောတဲ့သူတွေကို လုပ်ကြံတာမျိုး အထိ လုပ်လာတာ မတွေ့ချင် မမြင်ချင်မှ အဆုံးပါပဲ။ ခက်တာက အကြမ်းဖက်သမားတွေရဲ့ အဲဒီ လုပ်ရပ်ကို အာဏာပိုင်တွေဘက်က မဟန့်တားနိုင်တာပါ။ အဲလို အကြမ်းဖက်ခံရတဲ့ မူဆလင်တွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို အာမခံချက်ရှိရှိ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက်လည်း မူဆလင် အများအပြား အကြမ်းဖက်သမားတွေရဲ့ စည်းရုံးသိမ်းသွင်းမှုအောက် ရောက်သွားရတယ်လို့ မှန်းဆ နိုင်ပါတယ်။
ဒီလိုနဲ့ပဲ သေနတ် တစ်လက်နှစ်လက်၊ ဓားတွေ၊ လှံတွေ၊ လောက်လေးဂွတွေ၊ လက်လုပ်မိုင်းတွေလောက် အသုံးပြုနိုင်တဲ့ လူအုပ်ကြီးကို လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့၊ မောင်တောဒေသမှာ ကင်းလှည့်စစ်ရေယာဉ်တွေ၊ စစ်ကားတွေ၊ လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေပါ ပိုင်ဆိုင် အသုံးပြုနိုင်တဲ့ လုံခြုံရေး တပ်ဖွဲ့ကို အံတုဖို့ စေခိုင်းနိုင်တဲ့ အခြေအနေ ရောက်သွားစေခဲ့ပါတယ်။ ဒါတွေကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အုပ်ချုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေဟာ အောက်တိုဘာ နောက်ပိုင်း အကြမ်းဖက်မှုတွေ နောက်ထပ် မဖြစ်ပွားအောင် လုပ်သင့်လုပ်ထိုက်တာတွေကို မလုပ်ခဲ့ကြရုံမက လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီး အမှားမှားအယွင်းယွင်း လုပ်ခဲ့ကြလို့သာ အကြမ်းဖက်သမားတွေ အနေနဲ့ အဲဒီဒေသက မူဆလင်ရွာသားတွေကို စည်းရုံးနိုင်ခဲ့တာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။
Your browser doesn’t support HTML5