ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ အင်ဒိုနီးရှားအကူအညီ

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာသုံးသပ်ချက်အစီအစဉ်မှာ အကြမ်းဖက်မှုတွေ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ် ပြန်လည်ငြိမ်းချမ်းရေးအတွက် ကူညီဆောင်ရွက်ပေးနေတဲ့ အင်ဒိုနီးရှားကြက်ခြေနီ အထွေထွေအတွင်းရေးမှုး Mr. Budi Adiputro ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း၊ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာက ။ ။ ပထမဦးဆုံးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ကြက်ခြေနီအဖွဲ့ဟာ အခုမြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာတွေနဲ့ ပတ်သက်ပြီး အကူအညီပေးမယ်ဆိုတော့ ဘယ်လိုပုံစံမျိုးနဲ့ ကူညီမလဲဆိုတာကို နည်းနည်းရှင်းပြပါ။

Mr Budi Adiputro ။ ။ ဒီလ ၉ - ၁၀ ရက်က ကျနော်ဟာ ကျနော်တို့ရဲ့ အင်ဒိုနီးရှားကြက်ခြေနီအဖွဲ့ ဥက္ကဋ္ဌနဲ့အတူ ဗမာပြည်ကို သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံသမ္မတ ဗိုလ်ချုပ်ကြီးဦးသိန်းစိန် က ကျနော်တို့ကို လက်ခံတွေ့ခဲ့ပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥက္ကဋ္ဌနဲ့အတူ ဝန်ကြီးတချို့နဲ့လည်း တွေ့ခဲ့ရပါတယ်။ ဒီလို တွေ့ဆုံခဲ့မှုတွေမှာပဲ ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ကျနော်တို့ အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ဒီမတိုင်ခင်ကတော့ မူစလင်နိုင်ငံ တော်တော်များများက မြန်မာနိုင်ငံကို ဖိအားပေးနေခဲ့ကြတာပါ။ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာတင်မကပါဘူး ပတ်ဝန်းကျင်နိုင်ငံတွေမှာလည်း အများကြီးရှိနေတာပါ။ ကျနော်တို့ကတော့ နှစ်ဖက်စလုံးကို ထောက်ပံ့ပေးပြီးတော့ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေအနေမျိုးရောက်အောင် ပြန်လည်ဖော်ဆောင်ပေးဖို့ အကြံပြုခဲ့ပါတယ်။ ရိုဟင်ဂျာတွေနဲ့ ဒေသခံရခိုင်လူမျိုးတွေကြား သဟဇာတဖြစ်ရေး အစီအစဉ်တရပ်ဖော်ဆောင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါက ကျနော်တို့ရဲ့ အိုင်ဒီယာပါပဲ။
ဦးကျော်ဇံသာက ။ ။ အိုင်ဒီယာကတော့ ဟုတ်ပါပြီ။ လက်တွေ့အကောင်အထည်ဖော်မယ့် နည်းလမ်းလည်းပြောပါအုံး။

Mr Budi Adiputro ။ ။ ပထမအဆင့်က ဒီပဋိပက္ခက လူမျိုးစုအချင်းချင်း ဖြစ်နေတဲ့ ပြဿနာသာဖြစ်တယ်။ ဘာသာရေး ပဋိပက္ခ မဟုတ်ဘူးဆိုတာကို ကျနော်တို့ နားလည်းသဘောပေါက်ဖို့ လိုပါတယ်။ ဒီအခြေအနေမှာ ကျနော်တို့ ဝင်ရောက်စွက်ဖက်ပြီးတော့ ပြေလည်အောင်မဆောင်ရွက်နိုင်ဘူးဆိုရင် ဘာသာရေးပဋိပက္ခအဖြစ်သို့ ကူးပြောင်းသွားမှာကို စိုးရိမ်ရပါတယ်။ ဘာသာရေးပဋိပက္ခသာ ဖြစ်ခဲ့ရင်တော့ တဖတ်နဲ့တဖတ် သတ်လို့၊ ဖြတ်လို့ ဆုံးနိုင်မှာ မဟုတ်တော့ပါဘူး။ ကိုယ့်ဘာသာကိုယ် ကာကွယ်ပြီတော့ ရန်သူကိုသတ်ရတာ ကောင်ကင်ဘုံကိုရောက်တယ်ဆိုတဲ့ ယူဆချက်နဲ့ သတ်နေကြတော့မှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျနော်တို့ ပထမ လုပ်ရမှာက အရေးပေါ်အခြေအနေကို ကျော်လွှာလွန်မြောက်သွားအောင် ကူညီရမယ်။ ကယ်ဆယ်ရေး အကူအညီတွေ ပေးရမယ်။ ကျနော်ကိုယ်တိုင် စစ်တွေကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ ပထမ (၃) လအတွင်းမှာ ကျနော်တို့ဟာ ဘက်လိုက်မှုမရှိဘဲ ကြားဝင်ဆောင်ရွက်ရပါမယ်။ နှစ်ဖက်စလုံးကို အကူအညီ၊ အထောက်အပံ့တွေပေးမယ်။ သူတို့မှာ အစားအစာ လုံလုံလောက်လောက် ရှိစေရမယ်။ ကျန်းမာရေး အထောက်အပံ့တွေ လုံလုံလောက်လောက်ရှိအောင် လုပ်ပေးမယ်။ နေရာထိုင်ခင်းတွေဟာ အခုလက်ရှိထက် အများကြီး ပိုကောင်းအောင် လုပ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမအဆင့် ဖြစ်ပါတယ်။

ဦးကျော်ဇံသာက ။ ။ အပြောလွယ်သလောက် လက်တွေ့ဖြစ်နိုင်ပါ့မလား။ ဒီလုပ်ငန်းတွေအားလုံးကို (၃) လအတွင်း အောင်မြင်အောင် ဆောင်ရွက်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။ ဆက်သွယ်ရေးပြဿနာ၊ သယ်ယူပို့ဆောင်ရေး ပြဿနာ၊ ဟိုဖက်က ပူးပေါင်းဆောင်ရွက်တဲ့ ပြဿနာတွေအားလုံးကို ထည့်ပြီးစဉ်းစားကြည့်မယ်ဆိုရင်။

Mr Budi Adiputro ။ ။ မှန်ပါတယ်။ ကျနော်တို့ဟာ အသေးစိတ် သုံးသပ်ပြီးမှ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပွင့်လင်းမှုမရှိဘဲ၊ သတင်းအချက်အလက်တွေ ပွင့်ပွင့်လင်းလင်း မရရှိနိုင်ဘဲ ကျနော်တို့အနေနဲ့ ဒီလူ့အသိုင်းအဝိုင်းကြားထဲကို လွတ်လွတ်လပ်လပ် ဝင်ရောက်သွားလာခွင့် မရှိဘဲနဲ့ အခြေအနေမှန်ကို ကျနော်တို့ သိနိုင်မယ်မဟုတ်ပါဘူး။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးနောက်မှာတော့ သမ္မတက ကျနော်တို့ကို အဲဒီနေရာတွေ၊ စစ်တွေက စခန်းတွေကို တိုက်ရိုက်သွားခွင့်ပြုခဲ့ပါတယ်။ ကျနော်တို့ ချဉ်းကပ်မှုစနစ်က မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ပစ္စည်းတွေဖြန့်ဝေပေးတဲ့ နေရာမှာ စေတနာဝန်ထမ်းတွေကို အဓိကထား စဉ်းစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူတို့တွေနဲ့အတူ စခန်းတွေကို သွားရောက်ကူညီမယ်၊ အခြေအနေတွေကို စုံစမ်းမယ်၊ ဒုက္ခသည်တွေဘဝကို ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်တွေကို အစိုးရကို အကူအညီပေးသွားမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာက ။ ။ UNHCR လို ကုလသမဂ္ဂအဖွဲ့၊ နိုင်ငံတကာအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဒီအဖွဲ့တွေဟာ မမျှတဘူး။ သူတို့အကူအညီတွေဟာ တဖတ်သတ် ဦးစားပေးတာတွေရှိတယ်။ ဘက်လိုက်တာတွေ ရှိနေတယ်ဆိုပြီ ဗုဒ္ဓဘာသာတွေ၊ ရခိုင်လူမျိုးတွေက ရှုမြင်ကြပါတယ်။ ပြီးတော့ သူတို့ကူညီတဲ့ အကူအညီတချို့ကိုတောင် လက်မခံဘဲ သပိတ်မှောက်ကြတယ်ဆိုတာတွေလည်း ရှိကြပါတယ်။ ဆိုတော့ အင်ဒိုနီးရှား ကြက်ခြေနီအနေနဲ့ ဒီလို အထင်မခံရအောင် ဘာတွေလုပ်မလဲ။ ဒီလို အထင်ခံရနိုင်တယ့် အခြေအနေတွေ မရှိဘူးလား။

Mr Budi Adiputro ။ ။ တကယ်ပြောရရင်တော့ ကျနော်တို့ရဲ့ ချဉ်းကပ်မှုက ကုလသမဂ္ဂ ချဉ်းကပ်မှုနဲ့ ခြားနားတယ်ဆိုတာကတော့ သေချာပါတယ်။ တခြားနိုင်ငံတကာ အန်ဂျီအိုတွေနဲ့လည်း မတူပါဘူး။ ကျနော်တို့ ကြက်ခြေနီပါ။ အခြေခံမူကြီး (၇) ချက်ရှိပါတယ်။ အဲဒီအထဲမှာ neutrality ဘက်လိုက်မှုမရှိစေရအချက်က နံပတ် (၁) ဖြစ်ပါတယ်။ ကျနော်တို့ဟာ နှစ်ဖက်စလုံးအတွက် ဝင်ရောက်ဆောင်ရွက်ပေးမှာပါ။ ရိုဟင်ဂျာနဲ့ ဒေသခံရခိုင်တွေပါ ကျနော်တို့ ခွဲခြားထားတာ မရှိပါဘူး။ ညီတူညီမျှ ကူညီမှာဖြစ်ပါတယ်။ ဒီလို ဘက်လိုက်မှုမရှိဘဲ ကူညီရေးဟာ ပြဿနာရဲ့ အဖြေဖြစ်တယ်ဆိုတာကို မြန်မာသမ္မတကြီးကလည်း သဘောပေါက်ပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံက ပြန်လာပြီးတော့ ကျနော်တို့အဖွဲ့ရဲ့ ဥက္ကဋ္ဌဟာ အင်ဒိုနီးရှားမှာရှိတဲ့ အန်ဂျီအိုတွေ၊ နိုင်ငံတကာအန်ဂျီအိုတွေနဲ့ ဂျာကာတာမှာ တွေ့ဆုံခဲ့ပါတယ်။ ကျနော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို ပံ့ပိုးကြဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဆိုတော့ အလံကတော့ အင်ဒိုနီးရှားကြက်ခြေနီအလံပါ။ အင်ဒိုနီးရှား သမ္မတကြီးကလည်း ကျနော်တို့ ကြက်ခြေနီလုပ်ဆောင်ချက်တွေကို ထောက်ခံအားပေးပါတယ်။ ပြန်လည်ထူထောင်ရေးအဆင့်မှာ ကူညီဖို့ နိုင်ငံပေါင်း ခြောက်နိုင်ငံကလည်း စာရင်းပေးထားပြီးပါပြီ။ Semi-permanent House လို့ခေါ်တဲ့ အမြဲတမ်းနေထိုင်နိုင်လို့ရတဲ့ အိမ်အလုံးပေါင်း ၈၀၀၀ တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။ ဒါဟာ နှစ်ဖက်စလုံးအတွက် ဆောင်ရွက်ပေးမှာပါ။

ဦးကျော်ဇံသာက ။ ။ ဒါက ပထမအဆင့်ဆိုပါတော့။ ဒုတိယအဆင့်ကို ဆက်ပါအုံး။

Mr Budi Adiputro ။ ။ ဒုတိယအဆင့်ကတော့ အရေးပေါ်အနေအထားကို ဖြေရှင်းပြီးဆောင်ရွက်ရမယ့်အဆင့်ပဲ ဖြစ်ပါတယ်။ ရေ၊ မိလ္လာအခြေအနေတွေ အလွန့်အလွန်ဆိုးဝါးနေပါတယ်။ အစားအသောက် ဝေငှဖြန့်ဖြူးမှုကလည်း သိပ်ညံ့ဖျဉ်းနေပါတယ်။
တိုက်ရိုက်ချဉ်းကပ်ဆောင်ရွက်မှုကို ခွင့်မပြုလို့ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံက အာဏာပိုင်တွေဟာ ဒီလိုအခြေအနေမျိုး သိပ်အတွေ့အကြုံရှိပုံ မရပါဘူး။ မကျွမ်းကျင်ကြပါဘူး။ ကျနော်တို့ အင်ဒိုနီးရှားမှာ ၁၉၉၉-၂၀၀၁ ခုနှစ်အတွင်း ဆိုးဝါးပြင်းထန်ခဲ့တဲ့ ပဋိပက္ခပေါင်း (၇) ခု ဖြစ်ပါွးခဲ့ပါတယ်။ နေရပ်ရင်းစွန့်ခါွပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသူပေါင်း (၂) သန်းခွဲရှိပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ကျနော်တို့ဟာ မြန်မာအစိုးရဆီကို ရောက်လာခဲ့တာပါ။ ပထမအဆင့်မှာ ကယ်ဆယ်ရေးအထောက်အပံ့တွေ ပေးပြီးတော့ သူတို့အခြေအနေ နည်းနည်းပါးပါး သက်သာကောင်းမွန်လာပြီဆိုရင် နေထိုင်စရာ အိမ်ယာတွေ ဆောက်ပေးမယ်။ ပုံမှန်အခြေအနေတွေ ပြန်ဖြစ်လာအောင် ကူညီပံ့ပိုးပေးမယ်။ လူမှုအသိုင်းအဝိုင်းကို လုံလုံခြုံခြုံဖြစ်အောင် လုပ်ပေးမယ်။ တခြားလိုအပ်ချက်တွေကိုပါ ဆောင်ရွက်ပေးမယ်။ ဒါတွေဟာ ကြက်ခြေနီအနေနဲ့ ကျွမ်းကျင်ပြီးသာကိစ္စတွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာက ။ ။ ဒီလို ရုပ်ဝထ္ထုပိုင်း လိုအပ်ချက်တွေဆိုပါတော့ အဲဒါတွေကို ဖြည့်ဆည်းပေးပြီးတဲ့နောက်မှာ တဆင့်တက်ပြီးတော့ ဒီလူ့အဖွဲ့အစည်းနှစ်ခုအကြား သဟဇာတဖြစ်လာအောင် ဘယ်လိုရှေ့ဆက်ဆောင်ရွက်မလဲဆိုတာကို ပြောပါအုံး။

Mr Budi Adiputro ။ ။ သူတို့အနေနဲ့ ဘဝနေမှုအတွက် အနှိမ့်ဆုံးလိုအပ်ချက်တွေ ရရှိနိုင်ပြီဆိုရင် ကျနော်တို့အနေနဲ့ ရှေ့တိုးဆောင်ရွက်ဖို့အခြေအနေ ကောင်းသွားပါပြီ။ ခင်များသိတဲ့အတိုင်းပါပဲ ကျနော်တို့ အင်ဒိုနီးရှားကြက်ခြေနီ ဥက္ကဋ္ဌဟာ တချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံရဲ့ ဒုတိယသမ္မတတာဝန်ကို ထမ်းဆောင်ခဲ့သူပါ။ အာချေး နဲ့ အင်ဗုန် ပြဿနာကို အဓိကကိုင်တွယ် ဖြေရှင်းခဲ့တဲ့ ပုဂ္ဂိုလ်ပါ။ ထိုင်းတောင်ပိုင်း၊ ဖိလစ်ပိုင်တောင်ပိုင်း ပြဿနာတွေကိုလည်း ကိုင်တွယ်ခဲ့ဘူးတဲ့ အတွေ့အကြုံတွေ ရှိပါတယ်။ ဆိုတော့ အခြေခံလိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် သူတို့ နှစ်ဖက်စလုံးနဲ့ ထိုင်ပြီးတော့ ဆွေးနွေးနိုင်မယ့် အခြေအနေကို ရောက်လာပါပြီ။ ဘဝအခြေအနေ အနှိမ့်ဆုံး ပုံမှန်ပြန်ဖြစ်လာရင် ပြဿနာတွေအတွက် ဆွေးနွေးအဖြေရှာဖို့ပဲ ရှိပါတော့တယ်။
ဦးကျော်ဇံသာက ။ ။ အင်ဒိုနီးရှားနိုင်ငံမှာ ဒီလိုပြဿနာမျိုးတွေ။ အဓိက အင်ဗုန်တို့၊ အာချေးတို့မှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေ ကြုံခဲ့ရတုန်းက ဖြေရှင်းခဲ့ရတဲ့ အတွေ့အကြုံတွေလည်း နည်းနည်းပြောပါအုံး။

Mr Budi Adiputro ။ ။ အင်ဒိုနီးရှားအခြေအနေကတော့ မြန်မာနဲ့ အတော်လေးကွဲလွဲပါတယ်။ မြန်မာနိုင်ငံနဲ့စာရင် ကျနော်တို့ဆီက ပွင့်လင်းမှုရှိပါတယ်။ အဲဒီ ပဋိပက္ခတွေဖြစ်ပွားခဲ့တဲ့ ၁၉၉၉-၂၀၀၂ အခြေအနေမှာ မြန်မာနဲ့ ကွဲလွဲပါတယ်။ မြန်မာနိုင်ငံကတော့ တံခါးပိတ်ထားတဲ့ နိုင်ငံဖြစ်နေပါတယ်။ သတင်းအချက်အလက်တွေက သိပ်ကိုကန့်သတ်ဟန့်တားခံနေရပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ ကြက်ခြေနီဥက္ကဋ္ဌက မြန်မာသမ္မတကြီးနဲ့ တွေ့ဆုံတဲ့အခါ သတင်းအချက်အလက်တွေ ဖွင့်ပေးဖို့ အထူးမေတ္တာရပ်ခံခဲ့တာပါ။ လူတိုင်းက အခြေအနေကို အမှန်အတိုင်း သိလာရတယ်ဆိုရင် ပြေလည်အောင် ဘာလုပ်ရမယ်၊ ဘာလုပ်သင့်တယ်ဆိုတာကို သဘောပေါက်လာကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအခြေအနေကလည်း တံခါးပိတ်အခြေအနေကနေ အတော်လေး ပွင့်လင်းပြီးတော့ ပြုပြင်ပြောင်းလဲဖို့ အားထုတ်လာပြီ ဖြစ်ပါတယ်။

ဦးကျော်ဇံသာက ။ ။ သတင်းလွတ်လပ်ခွင့်ဆိုလို့ ဒီနေရာမှာ မေးချင်တာတခုက အခု ရခိုင်ဖက်မှာဖြစ်ခဲ့တဲ့ အရေးအခင်းတွေနဲ့ ပတ်သက်ပြီးတော့ အပြင်က မီဒီယာတွေဆီကတဆင့် ကြားခဲ့ရတဲ့အခြေအနေနဲ့ အခု အင်ဒိုနီးရှားကြက်ခြေနီ ကိုယ်စားလှယ်အဖွဲ့အနေနဲ့ ကိုယ်တိုင်သွားပြီးတော့ တွေ့မြင်ခဲ့ရတဲ့ အတွေ့အကြုံ ဘယ်လိုကွာခြားပါသလဲ။ ပြည်ပသတင်းတွေ၊ မီဒီယာတွေထဲမှာ ဖော်ပြတာကတော့ တဖတ်သတ် နှိပ်စက်ညဉ်းဆဲမှုတွေ၊ သတ်ဖြတ်မှုတွေ ရှိနေတယ်ဆိုပြီးတော့ ရေးနေကြတာကိုလည်း တွေ့မယ်လို့ ထင်ပါတယ်။

Mr Budi Adiputro ။ ။ ကျနော် သိပါတယ်။ သတင်းဆိုတာ ဒီလိုပါပဲ။ လူနည်းစုနဲ့ လူများစုတွေကြား ဖြစ်ပွားတဲ့ ပြဿနာတိုင်းမှာ တဖတ်စောင်းနှင်းထောက်ခံမှုတွေကို တွေ့ရတတ်စမြဲဖြစ်ပါတယ်။ အင်ဒိုနီးရှားက အင်ဗုန်ပြဿနာမျိုးမှာ ကြုံခဲ့ရတာနဲ့ အတူတူပါပဲ။ ၂၀၀၁-၂၀၀၂ မှာ ဖြစ်ခဲ့တဲ့ အင်ဗုန်ပြဿနာအခြေအနေက ပိုဆိုးပါတယ်။ လူပေါင်း ၅၀၀၀ ကျော် သေဆုံးပြီးတော့ မိသားစု ၃၀၀၀၀ ကျော် နေစရာ၊ စားစရာမရှိ ဖြစ်သွားခဲ့တာပါ။ အဲဒီတုန်းက ပိုဆိုးတာက ပဋိပက္ခဟာ လူမျိုးနွယ်ပဋိပက္ခကနေ ဘာသာရေးပဋိပက္ခအဆင့်ကို ကူးပြောင်းသွားခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အခြေအနေ ပတ်သက်ပြီးတော့ ကျနော် သိသလောက်ပြောရရင် နိုင်ငံတကာက ပြောနေတဲ့ အခြေအနေဟာ လုံးဝဥဿုံမမှန်ပါဘူး။ အားလုံးအမှားကြီးတော့ မဟုတ်ပါဘူး။ ဒေသခံတွေနဲ့ တခြားလူတွေနဲ့ ဖြစ်တဲ့ပဋိပက္ခတိုင်းမှာ ဒေသအာဏာပိုင်တွေက ဒေသခံလူအဖွဲ့အစည်းတွေကိုပဲ ထောက်ခံတတ်ကြပါတယ်။ ရိုဟင်ဂျာတွေရဲ့ အခြေအနေကလည်း ပြတ်ပြတ်သားသား မရှိပါဘူး။ ဒါမျိုးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀-၅၀ လောက်က အင်ဒိုနီးရှားမှာ ဖြစ်ပွားခဲ့ပါတယ်။ တရုတ်လူမျိုးတွေနဲ့ ဖြစ်ခဲ့တာပါ။ တရုတ်လူမျိုးတွေက အဲဒီတုန်းက အင်ဒိုနီးရှားနိုင်ငံသားတွေ မဟုတ်ကြပါဘူး။ တဖြည်းတဖြည်းချင်း တရုတ်လူမျိုးတွေနဲ့ သဟဇာတဖြစ်စွာ နေထိုင်ရမယ်ဆိုတာ လူတိုင်းသဘောပေါက်လာကြပါတယ်။ ဒီလိုဖြစ်လာအောင် အချိန်အများကြီး ယူရပါလိမ့်မယ်။ ၁ နှစ်၊ ၂ နှစ်အတွင်း ဖြစ်ထွန်းလာနိုင်တဲ့ အခြေအနေကတော့ လုံးဝမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်တခု မေးချင်တာကတော့ ဒီလို နှစ်ဖက်စလုံး ဘဝအခြေအနေ၊ စောစောကပြောခဲ့သလို အနှိမ့်ဆုံးအဆင့် ပြန်လည်ပုံမှန်ဖြစ်ဖို့အတွက် ငွေကြေးအကုန်အကျ ဘယ်လောက်ရှိမယ်လို့ ခန့်မှန်းထားပါသလဲ။

Mr Budi Adiputro ။ ။ ပထမတချက်ကတော့ ကျနော်တို့ဟာ လခြမ်းနီနဲ့ OIC (Organization of the Islamic Conference) နိုင်ငံတကာ အစ္စလာမ်အဖွဲ့အစည်းတို့နဲ့ မကြာခဏ စုဝေးပြီးတော့ ဒီအခြေအနေတွေကို ချမှတ်ရေးဆွဲကြမှာပါ။ အရေးကြီးတာကတော့ ပထမ (၃) လကနေ (၆) လအတွင်း ဆောင်ရွက်ရမယ့်ကိစ္စတွေမှာ ကယ်ဆယ်ရေးအဆင့်ပါ။ အဲဒီကာလအတွင်း ကျနော်တို့ အကဲခတ်ခန့်မှန်းရေးအဖွဲ့ဟာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ စာနာမှုအထောက်အပံ့ညှိနှိုင်းရေး အရာရှိ UNHCR, ICRC တို့နဲ့ ညှိနှိုင်းပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာကို ညှိနှိုင်းကြမှာပါ။ ကျနော်တို့အဖွဲ့က ၄၀ ရာခိုင်နှုန်း၊ ကျန်တဖွဲ့စီက ၂၀ ရာခိုင်နှုန်း စသဖြင့်ပေါ့။

ဦးကျော်ဇံသာ ။ ။ ဒီလို ပူးပေါင်းဆောင်ရွက်ကြမယ့်အဖွဲ့တွေထဲမှာ Red Crescent ခေါ်တဲ့ လခြမ်းနီအဖွဲ့၊ OIC လို့ခေါ်တဲ့ နိုင်ငံတကာအစ္စလာမ်အဖွဲ့အစည်းတွေ ပါဝင်နေလေတော့ အဲဒီအဖွဲ့တွေကရော နှစ်ဖက်စလုံးကို ကူညီဖို့ သဘောတူညီကြပါသလား။ ဗုဒ္ဓဘာသာတွေဖြစ်ကြတဲ့ ရခိုင်လူမျိုးတွေကိုရော ကူညီကြမလားဆိုတာကို သိချင်ပါတယ်။

Mr Budi Adiputro ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ဟာ ကာတာ လခြမ်းနီ၊ အရှေ့အလယ်ပိုင်းလခြမ်းနီ အကြီးအကဲ၊ OIC က လက်ထောက်အထွေထွေအတွင်းရေးမှူးတို့ဟာ ဆော်ဒီအာရေးဗီယားမှာ OIC ညီလာခံမတိုင်ခင် တွေ့ဆုံကြပြီးမှာ မြန်မာသမ္မတနဲ့ တွေ့ဆုံကြတာပါ။ ဘက်မလိုက်ရေးကို သူတို့လက်ခံကြပါတယ်။