မြန်မာ့မူးယစ်ဆေး နဲ့ အမေရိကန်အစိုးရ

၂၀၁၁ ဒီဇင်ဘာလဆန်းပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ကိုလာပြီးတဲ့နောက်ပိုင်း ဗမာအစိုးရအပေါ်ထားရှိတဲ့ အမေရိကန်သဘောထား ပြောင်းလဲလာပေမယ့် မူးယစ်ဆေးနဲ့ ပတ်သက်တဲ့ လက်ရှိ အမေရိကန်အစိုးရသဘောထားကို လွန်ခဲ့တဲ့ မတ်လထုတ် International Narcotics control Strategy Report အတွဲ (၁) မှာ တွေ့နိုင်ပါတယ်။ အမေရိကန်အစိုးရဟာ ဗမာအစိုးရကို တိုက်ရိုက်ကူညီတာမျိုး မလုပ်ပေမယ့် မြန်မာပြည်မှာ လက်တွေ့လုပ်နေတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး UNODC ကို ငွေကြေးထောက်ပံ့တာမျိုး ရှိပါတယ်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးတိုက်ဖျက်ရေး သဘောတူချက်တွေနဲ့အညီ လုပ်ဆောင်တာမျိုး တာဝန်ရှိတာကို (၂၀၁၁) တနှစ်လုံး မြန်မာအစိုးရ ပျက်ကွက်ခဲ့တယ်လို့ အမေရိကန်က သုံးသပ်ပါတယ်။ မြန်မာအာဏာပိုင်တွေဟာ မူးယစ်ဆေး ဖမ်းဆီးတဲ့နေရာမှာ အတော်အတန်အောင်မြင်တာ တွေ့ရှိပေမယ့် မူးယစ်ဆေးထုတ်လုပ်မှုနဲ့ ရောင်းဝယ်မှုကို မနှိမ်နင်းနိုင်ဘူးလို့ အမေရိကန် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အထူးသဖြင့် ဝ လက်နက်ကိုင်တပ်ဖွဲ့နဲ့ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ ချုပ်ကိုင်ရာနယ်မြေမှာ မူးယစ်ဆေးတိုက်ဖျက်ဖို့ ခက်ခဲတယ်လိုပ ဆိုပါတယ်။ အစိုးရစစ်တပ်ရဲ့ ထိရောက်တဲ့ အကူအညီမရရင် မူးယစ်ဆေးတိုက်ဖျက်နိုင်တဲ့ အခြေအနေမရှိနိုင်ပါဘူး။ ရှမ်းနဲ့ ကယားပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု တိုးပွားလာတာကို အစိုးရက အနည်းအကျဉ်းသာ တုံ့ပြန်နိုင်တာတွေ့ရပါတယ်။ မြန်မာပြည်မှာ စိတ်ကြွဆေးမျိုးစုံ ထုတ်လုပ်ပြီး ထိုင်း၊ တရုတ်နဲ့ အခြားဈေးကွက်တွေကို တင်ပို့နေတုန်း ဖြစ်ပါတယ်။ ဗမာအစိုးရ မထိန်းချုပ်တဲံ အပစ်ရပ်နယ်မြေမှာ ဘိန်းခင်းတွေ ဘိန်းဖြူချက်ရုံတွေနဲ့အတူ စိတ်ကြွဆေးထုတ်တဲ့ အလုပ်ရုံတွေ ရှိတယ်လို့ဆိုပါတယ်။ မကြာမီက ရှမ်းပြည်နယ်မှာ အစိုးရတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ပစ်ခတ်ကြတဲ့အတွက် ဘိန်းစိုက်ပျိုးရာဒေသကို သွားရောက်လေ့လာခွင့် မရခဲ့ဘူးလို့ ဆိုပါတယ်။

ဗမာအစိုးရမှာ ထိထိရောက်ရောက် မူးယစ်ဆေးတိုက်ဖျက်နိုင်တဲ့ အင်အားမရှိဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ ဗမာအစိုးရဟာ လုံခြုံရေးကို အဓိက ဦးစားပေးတာကြောင့် အစိုးရနဲ့လက်တွဲတဲ့ လက်နက်ကိုင်အဖွဲ့တွေ မူးယစ်ဆေးလုပ်ငန်းမှာ ပါဝင်နေတာကို လျစ်လျူရှုထားပါတယ်။ ရဲတပ်ဖွဲ့မှာ မူးယစ်ဆေးတိုက်ဖျက်ဖို့ ငွေအင်အားမရှိတာကလည်း အစိုးရရဲ့ အားနည်းချက်တခု ဖြစ်ပါတယ်။ ဒီအတောအတွင်း ကေအိုင်အေ က ချင်းတပ်ဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ခိုက်တဲ့အတွက် အစိုးရထိန်းချုပ်တဲ့နယ်မြေ ကျဉ်းမြောင်းသွားပါတယ်။ ဒါကြောင့် မြန်မာပြည်ဟာ ကမ္ဘာ့ဘိန်းထုတ်လုပ်မှုမှာ ဒုတိယနေရာက လိုက်နေပါတယ်။ ဗမာအစိုးရမှာ မူးယစ်ဆေးတိုက်ဖျက်ရေးတပ်ဖွဲ့ (၂၆) ဖွဲ့ ရှိပေမယ့် မြို့ကြီးတွေနဲ့ မူးယစ်ဆေးလမ်းကြောင်းမှာ စခန်းချထားပါတယ်။ ပစ္စည်းကိရိယာ၊ ငွေကြေးနဲ့ နည်းပညာမပြည်စုံတဲ့အတွက် အချည်းနှီး ဖြစ်နေပါတယ်။

အဂတိလိုက်စားမှု ပပျောက်ရေး ကုလသမဂ္ဂသဘောတူညီချက်ကို ဗမာအစိုးရက အတည်မပြုသေးပါဘူး။ အစိုးရထိပ်တန်း အရာရှိကြီးအချို့ မူးယစ်ဆေးလုပ်ငန်းကရတဲ့ ငွေနဲ့ချမ်းသာနေကြတယ်လို့ ယူဆကြသူတွေ ပြည်တွင်းမှာရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးအပြစ်ပေးတာမျိုး လူသိရှင်ကြား ကြေညာတာမျိုး မရှိတာမို့ အတည်ပြုဖို့ ခက်ခဲတဲ့ ထင်မြင်ချက်ဖြစ်နေပါတယ်။ အောက်ပိုင်းက စစ်ဗိုလ်နဲ့ အစိုးရအရာထမ်းတွေထဲမှာ မူးယစ်ဆေးလုပ်ငန်းနဲ့ ပတ်သက်သူရှိတယ်ဆိုတဲ့ ယုံကြည်စရာသတင်းတွေ ထွက်နေပေမယ့် ဗိုလ်မှူးကြီးအဆင့် အထက်ကအရာရှိကို မူးယစ်ဆေးအမှုနဲ့ စွဲချက်တင်တာမျိုး မရှိသေးပါဘူး။ အစိုးရဟာ နိုင်ငံသားတွေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်နေတာကြောင့် အစိုးရထိန်းချုပ်ရာဒေသက မူးယစ်ဆေးလုပ်ငန်းကို သိရှိဖို့များပေမယ့် မူးယစ်ဆေးလုပ်ငန်း အားပေးတဲ့လမ်းစဉ် မကျင့်သုံးဘူးလို့ ဆိုပါတယ်။

မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းကို ၁၉၈၈ ကစပြီး အမေရိကန်အစိုးရက တိုက်ရိုက်အကူအညီမပေးဘဲ ရပ်ဆိုင်းခဲ့ပါတယ်။ ဒါပေမဲ့ ရန်ကုန်-အမေရိကန်သံရုံးမှာ DEA (Drug Enforcement Administration) ခေါ် မူးယစ်ဆေးနှိမ်နင်းရေး အရာရှိထားပြီး ဗမာအစိုးရနဲ့ ဆက်သွယ်နိုင်အောင် စီစဉ်ထားပါတယ်။ DEA ရုံးဟာ မြန်မာအစိုးရ မူးယစ်ဆေးတိုက်ဖျက်ရေးမှာ ပူးတွဲလုပ်ကိုင်နိုင်ခဲ့ပါတယ်။ ဒီလို ပူးတွဲဆောင်ရွက်မှုကြောင့် ၂၀၀၉-၂၀၁၀ နဲ့ ၂၀၁၁ မှာ မူးယစ်ဆေးနဲ့ ထုတ်လုပ်သူရောင်းဝယ်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဘိန်းအစားထိုး စိုက်ပျိုးရေးကို အကူအညီပေးမယ့် အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

အမေရိကန်တရားရုံးမှာ ၂၀၀၅ က စွဲချက်တင်ထားတဲ့ ဝ ခေါင်းဆောင် (၇) ဦးကိစ္စကိုလည်း ဗမာအစိုးရက အရေးယူဆောင်ရွက်တာမျိုး မလုပ်သေးပါဘူး။ ဒီမိုကရေစီပြုပြင်ရေးလုပ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရနဲ့ အမေရိကန်အစိုးရဟာ မူးယစ်ဆေးကိစ္စမှာလည်း လက်တွဲလုပ်ကိုင်ဖို့ သဘောတူထားကြပါတယ်။ အစိုးရမူးယစ်ဆေးတိုက်ဖျက်ရေး ဗဟိုကော်မတီဟာ အမေရိကန်ဆီက ငွေကြေးနဲ့ပစ္စည်း အကူအညီ တောင်းထားကြောင်း သိရပါတယ်။ ဝ ခေါင်းဆောင်တွေရဲ့ မူးယစ်ဆေးလုပ်ငန်း အာရုံစိုက်ဖို့လည်း အမေရိကန်က တိုက်တွန်းထားပါတယ်။