ရှမ်းတိုင်းရင်းသားများရဲ့ ရပ်တည်မျှော်လင့်ချက်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး နဲ့ ရှမ်းတိုင်းရင်းသား အဖွဲ့အစည်းများရဲ့ သဘောထား၊ ရပ်တည်ချက်၊ မျှော်လင့်ချက်များကို ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းညွန့်လွင် နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS/SSA) ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလတ်တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ စိုင်းညွန့်လွင် ခင်ဗျာ။ အခုလောလောဆယ် ထွက်ပေါ်လာတဲ့သတင်းအရ ရှမ်းတိုင်းရင်းသားပါတီတွေ ဆိုတာထက် နိုင်ငံရေးအင်အားစုတွေအားလုံး ပေါင်းစည်းဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရတယ်။ ဟုတ်ပါသလား။

စိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ်ခင်ဗျာ။ ကျနော်တို့ ၁၅၊၁၆၊၁၇ မှာ ညှိနှိုင်းပြီးတော့ ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီပေါ့ အဲဒါကို ဖွဲ့လိုက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ လောလောဆယ်က ညီညွတ်ရေးကော်မတီဆိုတော့ ပေါင်းစည်းဖို့အတွက် စီစဉ်ပေးရမဲ့သဘောပဲ ရှိသေးတာပေါ့။ တပေါင်းတစည်းထဲ ဖြစ်ပြီလို့တော့ မပြောနိုင်သေးဘူးလား။

စိုင်းညွှန့်လွင် ။ ။ အဲဒီလိုတော့လည်း ပြောလို့မရဘူး။ ပေါင်းဖို့က ချက်ချင်းကျတော့ ခက်တယ်။ ဥပမာအားဖြင့် လက်နက်ကိုင်တပ်တွေနှင့် ကျနော်တို့ပါတီနှင့််ဆို ဘယ်လိုလို့ ပေါင်းလို့ရမလဲ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ တရားဝင်ပါတီတွေ ပေါင်းတာကို မပြောခင် အဲဒီ SSA နှစ်ပိုင်းရှိတာပေါ့ တောင်ပိုင်း မြောက်ပိုင်း။ နှစ်ပိုင်းလုံးဟာ လက်နက်မစွန့်သေးတဲ့အဖွဲ့လို့ ထင်ပါတယ်။

စိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအဖွဲ့တွေနှင့် ပေါင်းစည်းရေး အလားအလာ ဘယ်လိုနေပါသလဲ။ ဘာကို သဘောတူပြီး ညီညွတ်ထားကြပါသလဲ။

စိုင်းညွန့်လွင် ။ ။ အခုလက်ရှိအခြေအနေမှာ ဒီနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေး အခြေအနေ ဆွေးနွေးဖို့ အခြေအနေဆိုက်ရောက်နေပြီ။ ဆိုတော့ လိုင်ဇာမှာ မကြာခင် သူတို့ လက်နက်ကိုင်အဖွဲ့တွေ သွားပြီး ဆွေးနွေးကြမှာပါ။ ညီညွတ်ရေးဆိုတာတော့ မဖြစ်မနေ လုပ်ရမှာပါပဲ။ ပထမဦးဆုံး ကိုယ်နှင့်အနီးစပ်ဆုံး အဖွဲ့အစည်းတွေနှင့် လုပ်ရမယ်။ ပြီးတော့ ကိုယ်နှင့် တဖြည်းဖြည်း လက်လှမ်းမှီသလောက် ရနိုင်သလောက်တော့ ညီညွတ်ရေးက လုပ်ရမှာပါပဲ။ နောက်ဆုံးကြရင်တော့ အစိုးရနှင့် အထိလုပ်ရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု အဲဒီအဆင့်ကို မတက်ခင်မှာ အဲဒီ SSA တောင်မြောက်တို့နှင့် ကျန်တဲ့ တရားဝင် မြေပေါ် နိုင်ငံရေးပါတီတို့နှင့် ရရှိထားတဲ့ ညီညွတ်ရေးက ဘာကို ညီညွတ် ဘာကို သဘောတူပြီး ရရှိထားလဲ ခင်ဗျာ။ ဘာမျှော်မှန်းချက်နှင့် ညီညွတ်မှု ရရှိကြတာလဲ။

စိုင်းညွန့်လွင် ။ ။ လောလောဆယ်တော့ သဘောတူထားတဲ့ အချက်မရှိပါဘူး။ လောလောဆယ်တော့။ ဒါ ကျနော်တို့က အခု နိုင်ငံရေးဆွေးနွေးပွဲစမယ်ဆိုရင် ကျနော်တို့ ညှိနှိုင်းမှာပါ။ အပစ်အခတ်ရပ်စဲရေးကိစ္စတွေ စမယ်ဆိုရင် ကျနော်တို့ ညှိနှိုင်းမှာပါ။ ညှိနှိုင်းဖို့အတွက်ကို ဒါ နေရာတခု တည်ဆောက်ထားတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု စိုင်းညွန့်လွင်တို့နှင့် SNLD အခု ကျားဖြူပါတီနှင့် ပေါင်းစည်းရေးကျတော့ကော။ ပိုပြီးတော့ ခရီးရောက်နေပြီလား။

စိုင်းညွန့်လွင် ။ ။ ဟုတ်ပါတယ် ခင်ဗျာ။ ရခိုင်အမျိုးသားတွေကျတော့ ပါတီတခုကိုဖျက်ပြီးတော့ ပါတီတခုနှင့် ပေါင်းတယ်။ အဲဒီလိုမျိုး အခြေအနေတွေက ကျနော်တို့ဆီမှာ အခြေအနေ မပေးသေးပါဘူး။ မပေးသေးပါဘူးဆို လောလောဆယ် အချိန်ကလည်း သိပ်စောင့်နေလို့ မရတော့ဘူး။ ဆိုတော့ အဲဒီနယ်ကပဲ ရှမ်းပြည်ငြိမ်းချမ်းရေး ကော်မတီကနေပြီးတော့မှ ကျနော်တို့ ကျားဖြူနှင့် နိုင်ငံရေးကိစ္စတွေ ညှိနှိုင်းလို့ရမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ကျားဖြူကော SNLD ကော အဲဒီလက်နက်ကိုင် အဖွဲ့အစည်းတွေကော အခြေခံတူညီချက်က ဘာလဲခင်ဗျ။ သူတို့ ဘာလိုချင်ကြတာလဲ အဓိကက။

စိုင်းညွန့်လွင် ။ ။ ကျနော် နားလည်သလောက်ပေါ့။ နည်းနည်းပါးပါး လွဲချင်လည်းလွဲမယ်။ ကျနော်တို့ကတော့ ဒီ ဖယ်ဒရယ် စစ်မှန်တဲ့ ပြည်ထောင်စုတခု တည်ဆောက်ချင်တယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ။ တန်းတူညီရေးပေါ့ အဲဒါတွေလိုချင်တယ်။ အဲဒီ ရည်မှန်းချက်နှင့် သွားနေတာပါ။ ဒီတပ်ပိုင်းမှာတော့ တချို့ ကတော့ ဒီလွတ်လပ်ရေးအထိ သူတို့ မျှော်မှန်းတဲ့ သူတွေ ရှိကောင်းရှိမယ်။ သို့သော်လဲ ဒါတွေကိုတော့ တနေရာမှာပြန်ပြီးတော့ ညိနှိုင်းရမှာပါ။

ဦးကျော်ဇံသာ ။ ။ တပ်ထဲက တချို့ ကတော့ လွတ်လပ်ရေးလိုချင်တဲ့ ဆန္ဒ ဆုပ်ကိုင်ထားသေးတယ်ဆိုတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ ဗိုလ်မှူးကြီးစိုင်းလတ် ဘာပြောချင်ပါလဲ ခင်ဗျာ။

ဗိုလ်မှူးကြီးစိုင်းလတ် ။ ။ ကျနော်တို့ အရင်တုန်းကတော့ ကျနော်တို့ လွတ်လပ်ရေးကို တောင်းဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် အဲဒီကိစ္စကတော့ ကျနော်တို့ ပြည်သူလူထုတွေအားလုံး ဆန္ဒပေါ်မှာ မူတည်ပါတယ်။ ဆိုတော့ အခုကျနော်တို့ ပြည်သူလူထုတွေအားလုံး လိုနေတဲ့ ရည်မှန်းချက်ကတော့ ဒီစစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုတရပ်ကို ကျနော်တို့ ပူးပေါင်းပြီးတော့ တည်ဆောက်ဖို့ကိစ္စကိုပဲ အများရဲ့ ဆန္ဒနှင့်အညီ ကျနော်တို့ ပူးပေါင်းဆောင်ရွက်သွားဖို့ ကျနော်တို့ ဆုံးဖြတ်ချက်ချခဲ့ ပြီးပါပြီ။ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို အတူတကွဖော်ဆောင်သွားကြဖို့ ကျနော်တို့ အဲဒီအခြေခံပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ဖွဲ့စည်းရခြင်းပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူးတို့က ငြိမ်းချမ်းရေးကောင်စီနှင့်တော့ မကြာခဏ ဆွေးနွေးတွေ့ဆုံတာတွေ ရှိတယ်လို့ တော့ကြားရပါတယ်။ တိုင်းရင်းသားအင်အားစုတွေနှင့်။ ငြိမ်းချမ်းရေးကောင်စီက ပုဂ္ဂိုလ်တွေရဲ့ သဘောထားကတော့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကို သူတို့ ကောင်းကောင်းမွန်မွန် သဘောတူညီမယ်။ ညှိနှို်င်းဆွေးနွေးဖို့ ဆန္ဒရှိတယ်လို့ ကျနော်တို့ ကြားရပါတယ်။ သို့သော်လဲပဲ နောက်ကွယ်မှာ တကယ်အဆုံးအဖြတ်ပေးရမဲ့ တပ်မတော်လိုဟာမျိုး တခါ ကြံ့ခိုင်ဖွံ့ ဖြိုးရေးပါတီလို အဖွဲ့အစည်းမျိုးကတော့ တိုင်းရင်းသားတွေ တောင်းခံနေတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝတဲ့ စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုဆိုတာကိုတောင် များလွန်းတယ်။ ဒီအတွက် သံသယမကင်း ဖြစ်နေရပါတယ်။ အဲဒါကိုကော ညှိနှိုင်းလို့ရမယ်လို့ ထင်ပါသလား။

ဗိုလ်မှုးကြီးစိုင်းလတ် ။ ။ အဲဒါကတော့ ညှိနှိုင်းဆွေးနွေးတဲ့အရေးပဲ ဖြစ်ပါတယ်။ ကျနော်တို့ ထပ်မှန်ပြီးတော့ ညှိနှိုင်းဆွေးနွေးရပါမယ်။ အဲဒီ ကျနော်တို့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အဲဒီ အရေးကို ကျနော်တို့ အပြည့်အဝ တခါချက်ချင်းကြီးနှင့် ရယူနိုင်မှာ မဟုတ်သလို ဒီညှိနှိုင်းဆွေးနွေးတယ်ဆိုတာ အပြန်အလှန်ညှိနှိုင်းဆွေးနွေးပြီးတော့ တိုင်းပြည်ရဲ့ လိုအပ်ချက်တွေကို ကျနော်တို့ တဖြည်းဖြည်းနှင့် ပြုပြင်ပြောင်းလဲလို့ ရသွားပါလိမ့်မယ် ဆိုတဲ့ ယုံကြည်ချက်နှင့် ကျနော်တို့ အစိုးရက ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ထဲမှာ ပါဝင်ခဲ့ရခြင်းပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဗိုလ်မှူးပြောသလိုပဲ ငြိမ်းချမ်းရေးဆွေးနွေးတယ်ဆိုတာ အပြန်အလှန်ညှိနှိုင်း ဆွေးနွေးရတာဖြစ်တယ် ဆိုတာမှန်ပါတယ်။ အဲဒီတော့ အဲဒီလိုပဲ အပြန်အလှန် ညှိနှိုင်းဆွေးနွေးရင်းနှင့် နှစ်ဖက် ဟိုဖက်ဒီဖက် နည်းနည်းစီ ဈေးစစ်ကြရတာ။ အပေးအယူ လုပ်ကြရတာလည်း ရှိပါတယ်။ အဲဒီတော့ ဗိုလ်မှူးတို့ဖက်က ဘယ်လောက်ထိ အပေးအယူ လုပ်နိုင်မလို့ ထင်ပါသလဲ။ အပေးအယူ လုပ်လို့ကော သဘောတူညီမှု ရနိုင်မယ်လို့ ထင်ပါသလား သူတို့နှင့်။

ဗိုလ်မှူးကြီးစိုင်းလတ် ။ ။ အမှန်တော့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကိစ္စမှာ ပြည်သူလူထုရဲ့ ဆန္ဒက အဓိကကျပါတယ်။ ဆိုတော့ အခု ပြည်သူလူထုရဲ့ အသံ ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း အားလုံးကလည်း အရေးထားပြီးတော့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါလိမ့်မယ်လို့ ဒီလိုမျိုး စိတ်ဓာတ်တွေ ရှိကြတယ်ဆိုရင်တော့ ဒီတိုင်းပြည် ပြုပြင်ပြောင်းလဲတဲ့နေရာမှာ မခက်ပါဘူးလို့ ကျနော်တော့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးစိုင်းညွန့်လွင်တို့အနေနှင့် ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။ အဲဒီတော့။

စိုင်းညွန့်လွင် ။ ။ အခုကတော့ အဖွဲ့စည်းအသီးသီးက သူ့ offer လေးတွေ ပြောနေကြတာပဲ။ သူ့သဘောထားကို သူပြောနေတာတွေ ရှိသေးတယ်။ ဒီနေ့ ဒီအချိန်ထိ ကြံ့ခိုင်ရေးနှင့်လည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးခွင့် မရသေးပါဘူး။ တပ်မတော်နှင့်လည်းပဲ တွေ့ဆုံဆွေးနွေးခွင့် မရသေးပါဘူး။ တပ်မတော်ရော ကြံ့ခိုင်ရေးကော သူ့သဘောထား သူ့ဟာသူ သီးခြားရှိနေသေးတယ်။ ကျနော်တို့အနေနှင့်လည်း ကျနော်တို့ သဘောထား သီးသန့်ရှိနေပါသေးတယ်။ ကျနော် မျှော်လင့်တာကတော့ တွေ့ဆုံဆွေးနွေးခွင့် ရမယ်ဆိုရင်တော့ အတိုင်းအတာတခုထိတော့ ပြေလည်အောင်တော့ ကျနော်တို့ ဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီ တပ်မတော်၊ ကြံ့ခိုင်ဖွံ့ဖြိုး ပါတီတို့နှင့် ဆွေးနွေးပွဲ ဖြစ်နိုင်မယ်လို့ မျှော်လင့်တာလား။

စိုင်းညွန့်လွင် ။ ။ ဖြစ်အောင်လို့တော့ ကျနော်တို့ ကြိုးစားရမှာပါ။

ဦးကျော်ဇံသာ ။ ။ အခု အာဏာပိုင်တွေကပြောတယ်။ သူတို့က အပစ်အခတ်ရပ်စဲရေး ပင်လုံချုပ် လုပ်ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီဆွေးနွေးပွဲတွေမှာ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲကောင်စီ အပြင် စောစောကပြောတဲ့ ကြံ့ခိုင်ဖွံ့ရေးပါတီတို့ တပ်မတော်က ကိုယ်စားလှယ်တွေ ပါလာလိမ့်မယ်။ သူတို့နှင့်လည်း ဆွေးနွေးခွင့်ရမယ ်ထင်ပါသလား။

စိုင်းညွန့်လွင် ။ ။ မပါလို့မရဘူး ခင်ဗျာ။ မပါပဲနှင့် ကျနော်တို့ နိုင်ငံရေးပြဿနာက မပြီးနိုင်ဘူး။ ဒီအတိုင်းပဲ မဆွေးနွေးပဲ နေခဲ့လို့ပဲ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ အခုဆိုရင် ဒီဟာကို စွန့်လွှတ်ရမှာပဲ။ ကျနော်တို့ ပြည်တွင်းထဲက အဖွဲ့အစည်းတွေပဲ ဆွေးနွေးရမှာပဲ။ သဘောတူညီချက်တခု ရအောင်တော့ ကျနော်တို့ ညှိနှိုင်းရမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သဘောတူညီမှုရအောင် ညှိနှိုင်းမယ်ဆိုလို့ရှိရင် ဟိုဖက်ကလည်း တင်းမယ်။ ဒီဖက်ကလည်း တင်းမယ် ဆိုရင်တော့ မဖြစ်ဘူးပေါ့ခင်ဗျာ။ အဲဒီတော့ နှစ်ဖက်လုံး ဟိုဖက်နည်းနည်း ဒီဖက်နည်းနည်း လျော့ကျပါ ညှိကျပါ Compromise လုပ်ကြပါဆိုရင် ရှမ်းတိုင်းရင်းသားတွေဖက်က လုပ်ဖို့ အဆင်သင့်ရှိပါရဲ့ လား ။

စိုင်းညွန့်လွင် ။ ။ မှန်ပါတယ်။ အဲဒါ ကျနော်တို့ဖက်ကတော့ ကျနော် တက်နိုင်သလောက်ကတော့ ပြောထားတာတော့ ဒီဆွေးနွေးပွဲ သွားမယ်ဆိုရင် စိတ်ကောင်း စေတနာကောင်းထားမယ်။ ထားရမယ်။ ပြီးရင် တိုင်းပြည်အတွက် ပထမ ဦးစားပေးထားရမယ်။ ဒီအချက်တွေနှင့်တော့ ကျနော်တို့ ဒီလိုအခြေခံတွေနှင့် သွားလို့ရှိရင်တော့ အောင်မြင်မှာပါ။ ဒါပေမဲ့လဲ နှစ်ဖက်စလုံးက အဲဒီလို အခြေခံတွေ ရှိဖို့လိုပါတယ်။ နှစ်ဖက်စလုံးက အဲဒီလို အခြေခံတွေ ရှိမှပဲ အလုပ်ဖြစ်မှာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် ဘာကြားရသလဲဆိုတော့ ဒါဟာ စစ်တပ်ပိုင်းက ကြားရတဲ့သတင်းတခုပါ။ ရှမ်းတိုင်းရင်းသားတွေကို ကြည့်လိုက်ရင် တိုင်းရင်းသားတွေကို ကြည့်လိုက်မယ်ဆိုရင် သူတို့ဟာ ဒီမိုကရေစီအရေးထက် ဖယ်ဒရယ်အရေးကိုပဲ ပြောနေကြတယ်ဆိုတဲ့ စကားတခွန်း ကျနော်ကြား ရပါတယ်။ တဆင့်စကားပေါ့လေ။ ကျနော် တိုက်ရိုက်အင်တာဗျူးမှာ ထွက်လာတဲ့စကားတော့ မဟုတ်ဘူး။ အဲဒီ ကိစ္စကိုကော ဘယ်လို ပြန်ပြောချင်ပါလဲခင်ဗျာ။

စိုင်းညွန့်လွင် ။ ။ ကျနော်တို့ကတော့ ကျနော်တို့ လူကြီးတွေပြောခဲ့တာပေါ့။ ဒီမိုကရေစီ အရေးနှင့် တိုင်းရင်းသားအရေးဟာ ဒင်းကားတခုထဲက ခေါင်းနှင့်ပန်းလိုပဲ တဖက် တဖက်တည်း ဖြစ်ပါတယ်။ အဲဒီလိုမျိုးပါပဲ။ ဒီမိုကရေစီ မရှိပဲနှင့်လည်း ကျနော်တို့ လိုချင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု မဖြစ်နိုင်ပါဘူး။ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်မယ်ဆိုရင် ဒီမိုကရေစီက မလွဲမသွေ ရရမှာပါ။ ဒါကြောင့် ကျနော်တို့က ဖယ်ဒရယ်ပြည်ထောင်စု ဖြစ်ဖို့အရေးရယ် ဒီမိုကရေစီအရေးရယ်ကို တပြိုင်နက် ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဗိုလ်မှူး ကျနော် နောက်ဆုံးတခု မေးချင်တာကတော့ KIA က အပစ်အခတ်ရပ်စဲရေး ပြည်လုံးကျွတ်လုပ်မယ်ဆိုတာကို သူတို့က လက်မှတ်မထိုးဘဲ အပစ်အခတ်ရပ်စဲရေးဆိုတာ နိုင်ငံရေး သဘောတူညီမှုရရင် နိုင်ငံရေးအရ ပြေလည်ရင် အလိုလို ဖြစ်လာမှာပဲ။ အဲဒါကြောင့် နိုင်ငံရေး သဘောတူညီမှုက ပိုအရေးကြီးတယ်။ အပစ်အခတ်ရပ်စဲရေးက သိပ်အရေးမကြီးဘူး။ တနည်းအားဖြင့် နိုင်ငံရေး သဘောတူညီမှုရဖို့က ပထမလို့ သူတို့က ပြောပါတယ်။ ဗိုလ်မှူးတို့ ဘယ်လို သဘောရပါသလဲ ဒီကိစ္စကို။

ဗိုလ်မှူးကြီးစိုင်းလိတ် ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ ဒီလက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ရတာ အဓိက အကြောင်ရင်းကတော့ နိုင်ငံရေးပြဿနာ ဖြစ်နေပါတယ် ဆိုတာ အားလုံးကလည်း လက်ခံကြပါတယ်။ ဒီနိုင်ငံရေး ပဋိပက္ခတွေကို ကျနော်တို့ ဖြေရှင်းနိုင်မှသာလျှင် ဒီလက်နက်ကိုင် ပြဿနာတွေကို ကျနော်တို့ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနိုင်ငံရေးကိစ္စ ဖြေရှင်းဖို့အတွက် အပစ်အခက်ရပ်စဲရေးတွေ အပြန်အလှန်ယုံကြည်မှုတွေ တည်ဆောက်နိုင်ဖို့ဆိုလည်း နိုင်ငံရေးဆွေးနွေးပွဲမှာ ကျနော်တို့ ဘယ်လိုပုံ ဘယ်လိုနည်းနှင့် ပါဝင်နိုင်ကြမလဲဆိုတာလည်း ကျနော်တို့ ပြန်လည်စဉ်စားသုံးသပ်ဖို့လည်း လိုအပ်ပါလိမ့်မယ်လို့ ကျနော်တို့ အဲဒီလိုပဲ ထင်ပါတယ်။