ဦးသိန်းစိန်အစိုးရ နဲ့ ကချင်အမျိုးသားရေး

KIO နဲ့ မြန်မာအစိုးရ ဆွေးနွေးပွဲ

ကချင်ပြည်နယ်မှာ စစ်ဖြစ်တာ (၂) နှစ်နီးပါးရှိပေမယ့် ဦးသိန်းစိန်အစိုးရဟာ ချီးကျူးဂုဏ်ပြုခံရေပါတယ်။ ပြုပြင်ရေးကိုဆက်လုပ်ဖို့ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက ထောက်ခံအားပေးကြပါတယ်။ ဒါပေမဲ့ ဦးသိန်းစိန်အစိုးရ မနိုင်မနင်းဖြစ်နေတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒီအထဲမှာ ကချင်ပြည်နယ်က ပဋိပက္ခဟာ အထင်ရှားဆုံးပါ။ ဒီအကြောင်းကို နယ်သာလန်အခြေစိုက် Transnational Institute က လွန်ခဲ့တဲ့ မတ်လက The Kachin Crisis စာတမ်းကို ထုတ်ဝေပါတယ်။ (၁၇) နှစ်လုံးလုံး အပစ်အခတ်ရပ်စဲခဲ့ပြီးမှ ဦးသိန်းစိန်အစိုးရ တက်လာပြီး သုံးလအကြာမှာ တိုက်ပွဲတွေ ပြန်ဖြစ်ပါတယ်။

ဒေသခံတွေ သိန်းချီပြီး ဒုက္ခရောက်ကြရပါတယ်။ အပစ်အခတ်ရပ်စဲဖို့ ဦးသိန်းစိန်အမိန့်ပေးထားပေမယ့် လေကြောင်းက တိုက်ခိုက်တဲ့အထိ အစိုးရတပ်ရဲ့ စစ်ဆင်ရေး ပြင်းထန်လာပါတယ်။ တဘက်က ပြုပြင်ရေးနဲ့ ငြိမ်းချမ်းရေးကြွေးကြော်ပြီး တဘက်က ထိုးစစ်ဆင်နေတာဟာ အံ့သြစရာ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်စစ်ပွဲဟာ ဦးသိန်းစိန်အစိုးရ တာဝန်ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် လက်ရှိအခြေအနေကို ရောက်လာအောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်ကတည်းက လမ်းခင်းပေးခဲ့တာ ဖြစ်ပါတယ်။ မကြာခင်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေမယ့် အောက်ခြေမှာ အနံှ့အပြား ပစ်ခတ်နေတုန်းပါ။ ဒါကြောင့်မို့ အစိုးရဟာ ပြောသလို လုပ်နိုင်ဖို့အတွက် ပစ်ခတ်မှုကို ချက်ချင်းရပ်ဆိုင်းနိုင်ရပါလိမ့်မယ်။ အတိတ်ကအမှားကို ပြုပြင်ဖို့ ကချင်ပြဿနာမှာ အခွင့်အလမ်းပွင့်နေပါတယ်။

အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တွေ့ဆုံဆွေးနွေးတဲ့ အစဉ်အလာဟာ လွတ်လပ်ရေးရချိန်ကတည်းက ရှိခဲ့ပေမယ့် ရေရှည်ခံတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောင်နိုင်ခဲ့ပါဘူး။ ကချင်လွတ်လပ်ရေးအဖွဲ့ဟာ မဆလခေတ်မှာ (၃) ကြိမ် ဆွေးနွေးခဲ့ပေမယ့် ၁၉၉၄ ကြမှ အပစ်အခတ်ရပ်စဲနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အပစ်ရပ်တဲ့ (၁၇) နှစ်ကာလမှာ စစ်အုပ်စုနဲ့ ခရိုနီတွေဟာ စီးပွားရေးကို ဦးစားပေးပြီး ကချင်တိုင်းရင်းသားအရေးကို လျစ်လျူရှုခဲ့တယ်လို့ ကချင်ဘက်က ဆိုပါတယ်။ စစ်အုပ်စုလက်ဝါးကြီးအုပ်တာကို ဆန့်ကျင်နိုင်သူ KIO ကို စစ်တပ်က ပစ်မှတ်လို့သဘောထားတဲ့အတွက် နိုင်ငံရေးဆွေးနွေးဖို့ စိတ်မကူးတော့တာ ဖြစ်ပါတယ်။ ၂၀၀၉ ဧပြီလကစပြီး အပစ်ရပ်အုပ်စုတွေကို အစိုးရတပ်လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ ကြိုးပမ်းခဲ့ပါတယ်။ အမိန့်မနာခံတဲ့ ကိုးကန့်ကို စစ်ရေးအရ အနိုင်ယူပြပါတယ်။

အစိုးရတပ်လက်အောက်ခံ မလုပ်ချင်သူဟာ ကိုးကန့်လို ဇာတ်သိမ်းသွားမယ်လို့ တိုင်းရင်းသားအဖွဲ့တွေကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံရေးဆွေးနွေးလိုတဲ့ ကချင်ပါတီသုံးခုကို ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခွင့်ပိတ်လိုက်ပါတယ်။ ရွေးကောက်ပွဲကို မနှောက်ယှက်ပေမယ့် KIO ကို သောင်းကျန်းသူအဖြစ် အစိုးရသတင်းစာက ဖော်ပြလာပါတယ်။ ညှိနှိုင်းလို့မရတဲ့ အခြေအနေရောက်လာတဲ့အခါ စစ်ဖြစ်ပါတော့တယ်။ ရှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့နဲ့လည်း တိုက်ပွဲဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရဟာ အခြားတိုင်းရင်းသားအဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ပေမယ့် ကချင်ကိစ္စမှာ သြဇာမရှိပုံ ရပါတယ်။ အချုပ်ပြောရရင်တော့ စစ်အုပ်စုအကျိုးစီးပွားနဲ့ ကချင်တိုင်းရင်းသားအရေးဟာ ကချင်ပြည်နယ်မှာ ထိပ်တိုက်တွေ့နေပါတယ်။ လိပ်ခဲတည်းလည်းဖြစ်လေ ကချင်ပြည်သူတွေ ဒုက္ခရောက်လေ ဖြစ်နေပါတယ်။

အပစ်အခတ်ရပ်စဲတဲ့နေရာမှာ ပြန်လည်ထူထောင်ဖို့အတွက် ဦးသိန်းစိန်အစိုးရမှာ အသုံးစရိတ် မရှိပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းတွေဟာ နိုင်ငံခြား အကူအညီနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။ နိုင်ငံရေး မဆွေးနွေးရင် အပစ်ရပ်တာဟာ အချည်းနှီးသာဖြစ်ကြောင်း ကချင်အရေးက သင်ခန်းစာပေးနေပါတယ်။ ဦးသိန်းစိန်အစိုးရဟာ တိုင်းရင်းသားအဖွဲ့ အတော်များများနဲ့ အပစ်အခတ်ရပ်စဲနိုင်ပေမယ့် ကချင်စစ်ဆင်ရေးကတော့ လျှော့သွားတာ မဟုတ်ဘဲ ပိုပြီးပြင်ထန်လာတာကို တွေ့ရပါတယ်။

ဒါကြောင့် တိုင်းရင်းသားအရေးကို နိုင်ငံရေးအရ အဖြေမပေးနိုင်မချင်း လက်နက်ကိုင်ဆောင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိရမယ်လို့ KIO နဲ့ အခြားတိုင်းရင်းသားအဖွဲ့တွေက ကြေညာထားတာ ဖြစ်ပါတယ်။ တိုင်းရင်းသားအရေးကို လွှတ်တော်အပြင်မှာ ဘယ်လိုဆွေးနွေးမလဲ၊ လက်ရှိ နိုင်ငံရေးစနစ် ပြင်ဆင်နိုင်တဲ့ အရိပ်လက္ခဏာ ရှိပါသလား၊ ဒီမိုကရေစီ ကျင့်သုံးဖို့အတွက် လက်ရှိ အခြေခံဥပဒေကို ပြင်ဆင်နိုင်မလား စတာတွေကို တိုင်းရင်းသားအဖွဲ့တွေက သိချင်ကြပါတယ်။ အစိုးရ၊ စစ်တပ်နဲ့ တိုင်းရင်းသားအဖွဲ့တွေ ဆွေးနွေးညှိနှိုင်းဖို့ လိုပါတယ်။ နိုင်ငံရေးအရ ဖြေရှင်းဖို့မကြိုးပမ်းဘဲ ကိုယ်ကျိုးစီးပွားရေးကိုသာ ဦးစားပေးနေရင်တော့ တိုင်းရင်းသားပဋိပက္ခ သက်ဆိုးရှည်ဖွယ်ရှိကြောင်း နယ်သာလန်အခြေစိုက် Transnational Institute က သုံးသပ်ထားပါတယ်။