သစ်ခိုးထုတ်မှု အရှိန်ရနေဆဲ

လွန်ခဲ့တဲ့ (၂) နှစ်အတွင်း တရုတ်နဲ့ ထိုင်းကို သစ်ခိုးထုတ်မှု (၆၀၀) ကျော် ဖမ်းဆီးနိုင်ပြီး၊ ကျပ်ငွေသန်း (၃၀၀၀) တန်းဖိုးရှိကြောင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီက မကြာမီက ကြေညာပါတယ်။ ဒါပေမဲ့ ယူနန်ကို သစ်ခိုးထုတ်တဲ့ ပမာဏဟာ ကုဗမီတာ (၉) သိန်းနီးပါး ရှိနေပြီလို့ လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ လန်ဒန်အခြေစိုက် EIA-Environmental Investigation Agency ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီအတောအတွင်း သစ်ခိုးထုတ်မှုမှာ ဒေသခံ အစိုးရပါဝင်ကြောင်း ဒေါ်စုက မိုးမောက်မှာပြောလို့ ကချင်ပြည်နယ်အစိုးရက အောက်တိုဘာလ (၁၀) ရက်နေ့က ကြေညာချက်ထုတ်ပြီး ကန့်ကွက်ထားပါတယ်။

တောပြုန်းမှာ စိုးရိမ်လို့ ဗမာစစ်အစိုးရက သစ်တင်ပို့မှုကို လွန်ခဲ့တဲ့နှစ် ဧပြီလမှာ ပိတ်ပင်ခဲ့ပေမယ့် နယ်စပ်က သစ်ခိုးထုတ်မှုဟာ (၃) ဆလောက် ပိုများလာပါတယ်။ အစိုးရသစ်တောဌာန ကိုယ်တိုင်က သတ်မှတ်ချက်ထက်ပိုပြီး ခုတ်လှဲနေပါတယ်။ ဥပမာ ကသာအလုပ်တိုက်နယ်မှာ ကျွန်းပင် (၁၂၀၀၀) ခုတ်ဖို့ မနှစ်က သတ်မှတ်ထားပေမယ့် တကယ်ခုတ်လှဲတာက (၆၀၀၀၀) ဖြစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၁၃ အကြားမှာ သစ်တောဧက (၄) သန်းကျော် ပြုန်းသွားပါတယ်။ နှစ်စဉ်တောပြုန်းတဲ့နှုန်းဟာ ဧက (၂) သိန်းကျော်ရှိရာက ဦးသိန်းစိန်အစိုးရလက်ထက်မှာ (၂) ဆတိုးပြီး ဧက (၄) သိန်းခွဲ ဖြစ်လာပါတယ်။

သစ်တောအားလုံးကို နိုင်ငံပိုင်အဖြစ် သတ်မှတ်ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးဝန်ကြီးဌာနက ကြီးကြပ်အုပ်ချုပ်ပါတယ်။ ဒီဝန်ကြီးဌာနလက်အောက်မှာ သစ်တောဦးစီးဌာနနဲ့ မြန်မာ့သစ်လုပ်ငန်းဆိုတဲ့ အဖွဲ့အစည်းနှစ်ခု ရှိပါတယ်။ သစ်တောသယံဇာတကို သိပ္ပံနည်းကျ ထိန်းသိမ်းစောင့်ရှောက်ပြီး သစ်တောစိုက်ခင်းသစ် တည်ထောင်ဖို့ သစ်တောဦးစီးဌာနက တာဝန်ယူရပါတယ်။ သစ်ထုတ်လုပ်မှု၊ အချောထည်ထုတ်လုပ်မှု၊ သစ်နဲ့ သစ်တောထွက်ပစ္စည်း ရောင်းချမှုကို မြန်မာ့သစ်လုပ်ငန်းကသာ လုပ်ရပါတယ်။ သစ်ထုတ်လုပ်မှုကို မြန်မာ့သစ်လုပ်ငန်းကသာ လုပ်ပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ၁၉၈၈ နောက်ပိုင်း ဈေးကွက်ကျင့်သုံးချိန်ကစပြီး သစ်အချောထုတ်လုပ်မှုမှာ ပြည်တွင်းပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်တွေကို ပါဝင်ခွင့်ပေးပါတယ်။ မြန်မာ့သစ်လုပ်ငန်းက ခွင့်ပြုမှ ပုဂ္ဂလိကတွေ လုပ်ကိုင်ရပါတယ်။

မြန်မာ့သစ်လုပ်ငန်းကသာ ခုတ်လှဲထုတ်လုပ်ခွင့် ရှိတယ်ဆိုပေမယ့် အစိုးရနဲ့ နီးစပ်တဲ့လုပ်ငန်းရှင် ခရိုနီ တစ်ရာလောက်ကို ကန်ထရိုက်ပေးပြီး သစ်ခုတ်ခိုင်းတာ ဖြစ်ပါတယ်။ သစ်ပင်နဲ့ သစ်လုံးကို မြန်မာ့သစ်လုပ်ငန်းဌာနက တံဆိပ်တုံးရိုက်ထားတာမို့ သစ်လုံးခုတ်လှဲတဲ့နေရာကို သိနိုင်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘယ်သစ်ဘယ်ကလာတယ်ဆိုတာ မပြောနိုင်အောင် ရှုပ်ထွေးကုန်တာမို့ မှောင်ခိုလုပ်မယ့်သစ်ကို တရားဝင်ထုတ်မယ့်သစ်တွေနဲ့ အလွယ်တကူ ရောပစ်နိုင်ပါတယ်။ သစ်တောမှာလည်း အဂတိလိုက်စားမှုများပါတယ်။ အမှုထမ်း (၇၀၀) ကျော်ကို အရေးယူကြောင်း လွန်ခဲ့တဲ့နှစ် မေလမှာ သစ်တောဌာနက ကြေညာပါတယ်။ အစိုးရအာဏာစက်ရောက်ဖို့ မလွယ်တဲ့ ပြည်နယ်က သစ်တောတွေကို ထိန်းချုပ်စောင့်ရှောက်ဖို့အတွက် အခက်အခဲ အများကြီး ရှိပါတယ်။

မြန်မာပြည်က ခိုးထုတ်တဲ့သစ်တွေဟာ ယူနန်ပြည်နယ်ထဲရောက်လို့ အခွန်ဆောင်လိုက်တာနဲ့ တရားဝင်သစ် ဖြစ်သွားတယ်လို့ EIA စစ်ဆေးရေးအဖွဲ့က ဆိုပါတယ်။ ၂၀၀၅ ခုနှစ်မှာ ကုဗမီတာ (၁) သန်းအထိ ယူနန်ကို တင်ပို့ကြောင်း သိရပါတယ်။ ၂၀၁၄ ဧပြီလ (၁) ရက်နေ့မှာ သစ်တင်ပို့မှုကို မြန်မာအစိုးရက ပိတ်ပင်လိုက်ပေမယ့် သစ်ခိုးထုတ်မှုဟာ အရှိန်သေမသွားတဲ့အတွက် ယူနန်သား (၁၅၅) ဦး ဖမ်းမိသွားတာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲပြန်ဖြစ်တော့ သစ်ခိုးထုတ်တဲ့လမ်းကြောင်း ပြောင်းသွားပေမယ့် ခိုးထုတ်တဲ့ ပမာဏကတော့ ပြောင်းမသွားပါဘူး။ ကချင်ပြည်နယ်တင်မကဘဲ စစ်ကိုင်းတိုင်း နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအထိ ဝင်ရောက်ခုတ်လှဲကြပါတယ်။ စစ်ကိုင်းတိုင်းက Rosewood (ခေါ်) တမလန်းသား တန်ချိန်နှစ်သိန်းကျော်ကို ၂၀၁၄ မှာ ခိုးထုတ်ပြီး ယူနန်ကို တင်သွင်းတယ်လို့ EIA က ဆိုပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်နဲ့ အစိုးရတပ်ချုပ်ကိုင်တဲ့ နယ်မြေအသီးသီးကိုဖြတ်ပြီး သစ်ကိုသယ်ဆောင်ရတာမို့ အားလုံးနဲ့ အဆင်ပြေအောင် ဆောင်ရွက်နိုင်တဲ့ ကြားပွဲစားတွေကို သုံးရပါတယ်။ တရုတ်တွေ ခိုးထုတ်တဲ့သစ်အားလုံးကို ယူနန်ကိုရောက်အောင် လုပ်နိုင်သူဟာ ကြားပွဲစားတွေ ဖြစ်ပါတယ်။ စစ်ဗိုလ်ကြီးတွေကို ရွှေချောင်းပေးနိုင်ရင် အစိုးရချုပ်ကိုင်တဲ့နယ်မြေကို အလွယ်တကူ ဖြတ်သယ်နိုင်ပါတယ်။ သစ်မှောင်ခိုလုပ်ငန်းမှာ ငွေစက္ကူအတုတွေ များလာတာကြောင့် ရွှေချောင်းကိုသုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မနှစ်ကဆိုရင် တမလန်းသား နဲ့ ပိတောက်သား (၁) တန် ဒေါ်လာ (၁၂၀၀) ကျော် ဈေးရှိပါတယ်။

မြန်မာပြည်က ခိုးထုတ်တဲ့သစ်ကို ယူနန်ရောက်ရင် အခွန်ကောက်တာမို့ အကောက်ခွန်စာရင်းကိုကြည့်ရင် ခိုးထုတ်တဲ့ သစ်ပမာဏကို သိနိုင်ပါတယ်။ သစ်ခိုးထုတ်ရာမှာ ယူနန်နယ်သား အလုပ်လက်မဲ့တွေကို သုံးပါတယ်။ ၂၀၁၄ မှာ သစ်ခိုးခုတ်တဲ့ တရုတ်ပြည်သား အနည်းဆုံး (၁၆၀၀) လောက် ရှိပါတယ်တဲ့။ မှောင်ခိုသစ်ကို လက်ခံတဲ့နေရာမှာ တရုတ်ဟာ နံပတ် (၁) ပါ။ ပြည်တွင်းမှာ ဝယ်လိုအား အလွန်ကြီးမားတာမို့ နည်းမျိုးစုံနဲ့ ဝင်လာတဲ့သစ်ကို တရုတ်က လက်ခံနေပါတယ်။ တရုတ်အစိုးရကတော့ သစ်ခိုးထုတ်ခွင့်ပေးတဲ့ တိုင်းပြည်မှာသာ တာဝန်ရှိပြီး၊ သစ်သူခိုး လက်ခံသူမှာ တာဝန်မရှိတဲ့ပုံမျိုး လုပ်နေကြောင်း EIA စစ်ဆေးရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။