အပြောင်းအလဲ နဲ့ မီဒီယာ လွတ်လပ်ခွင့်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံရဲ့ နအဖ၊ နဝတ အစိုးရတွေ လက်ထက်က Black List လို့ခေါ်တဲ့ အမည်မည်းစာရင်းမှာ ထိပ်ဆုံးကပါခဲ့တဲ့ သတင်းသမား Bertil Lintner ဟာ သိပ်မကြာသေးခင်က မြန်မာနိုင်ငံထဲကို တရားဝင်သွားပြီးတော့ သတင်းယူခွင့် ရခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိလာပြီဆိုတဲ့ သက်သေပြချက်လား။ Bertil Lintner နှင့် ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးကတော့ မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်ပြီးတော့ ပြောချင်ပါတယ်။ Bertil ။ မြန်မာနိုင်ငံအစိုးရက အခုအခါ ပြည်တွင်းမှာ သတင်းလွတ်လပ်ခွင့်တွေ ပေးနေပြီလို့ဆိုပါတယ်။ နမူနာအားဖြင့် ကြည့်မယ်ဆိုရင်
Bertil Lintner တကယ်တော့ ခင်ဗျားဟာ မြန်မာစစ်အစိုးရ လက်ထက်တုန်းက Black List လုပ်ထားတဲ့ သတင်းထောက်တွေအထဲမှာ ထိပ်ဆုံးကပါတဲ့ ပုဂ္ဂိုလ်ပါ။ အခု ခင်ဗျားကိုတောင်မှ တိုင်းပြည်ထဲကို လာပြီး သတင်းယူခွင့်ပေးတဲ့အထိ သူတို့က လိုက်လျောလာခဲ့ပါတယ်။ ဆိုတော့ ကျနော်က မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့် တကယ်ရှိနေပြီလို့ ကျနော် မှတ်ယူလိုက်ရတော့မလား။

Bertil Lintner ။ ။ ကျနော့် အနေနှင့်က ဒီကိစ္စကို အတိကျပြောဖို့ ခက်ခဲတယ်လို့ပဲ ဆိုချင်ပါတယ်။ သတင်းသမားတွေအကြောင်း ပြောရမယ်ဆိုရင်တော့ ကျနော် သူတို့ကို အများကြီးလေးစားပါတယ်။ သူတို့က အခုအခါ ပထမဦးဆုံးအကြိမ်အဖြစ်နှင့် သူတို့ရေးချင်တာကို အားလုံးလိုလို ရေးခွင့်ရနေပါတယ်။ ဒါပေမဲ့ တချို့ အကဲဆပ်တဲ့ ကိစ္စတွေနှင့် ပတ်သက်လို့ကတော့ ဆင်ဆာလုပ်တဲ့ကိစ္စတွေက အများအပြားရှိနေပါသေးတယ်။ ဥပမာ ဆူပူပုန်ကန်မှုတွေ အပါအဝင် အမျိုးသားလုံခြုံရေး ကိစ္စမျိုးတွေမှာ ဖြစ်ပါတယ်။ ကျနော်ကတော့ နိုင်ငံခြားသားသတင်းထောက် တစ်ယောက်အနေနှင့် မြန်မာပြည်မှာ တပတ်လောက် နေခွင့် ရခဲ့ပါတယ်။ ဒီအတွက်လည်း ကျနော် ကျေးဇူးတင်ပါတယ်။ နောက် သတိပြုမိတာ တစ်ခုကတော့ မီဒီယာဆိုင်ရာ ဥပဒေအဟောင်းတွေက ဆက်ပြီးအသက်ဝင်နေဆဲ ဖြစ်တယ်ဆိုတာပါဘဲ။ မဖျက်သိမ်းရသေးပါဘူး။ ဆိုတော့ အစိုးရက နည်းနည်း လျော့ပေါ့ ပေးလိုက်ပြီဆိုပေမယ့် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ သတင်းလွတ်လပ်ခွင့် ရဖို့အတွက်ကတော့ အတော်လုပ်ယူရပါလိမ့်ဦးမယ်။

ဦးကျော်ဇံသာ ။ ။တလောတုန်းက ထင်ပါတယ်။ Bertil ရေးတဲ့ ဆောင်းပါးတစ်ပုဒ်ကို ကျနော် ဖတ်ရပါတယ်။ အဲဒီထဲမှာ Sweden နိုင်ငံကလုပ်တဲ့ Carl Gustav ဆိုတဲ့ Rocket Launcher တွေကို မြန်မာစစ်တပ်က KIA ကချင်တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးပြုနေတယ်လို့ Bertil က ဖော်ပြထားပါတယ်။ ဆိုတော့ အဲလို သတင်းမျိုးဆိုလို့ရှိရင် ဒါ Bertil စောစောကပြောတဲ့ အကဲဆပ်တဲ့ သတင်းတွေထဲမှာ ပါမယ်ထင်ပါတယ်နော်။ ပြည်တွင်းသတင်းထောက်တွေ ရေးရင်။ သူတို့ ပြဿနာတက်မယ် ထင်ပါတယ်။

Bertil Lintner ။ ။ ဟုတ်ပါတယ်။ ဒါကို ကျနော် လိုင်ဇာမှာ ရေးတာပါ။ Sweden ကလုပ်တဲ့ ဒီ Carl Gustav လက်နက်တွေကို အဲဒီမှာ ကျနော်ကိုယ်တိုင် တွေ့ခဲ့တာပါ။ ဟုတ်ပါတယ် ဒီနေရာကို ကျနော်က တရုတ်နိုင်ငံဘက်ကနေဘဲ သွားနိုင်ခဲ့တာပါ။ နယ်စပ်ကနေ တိတ်တဆိတ် ဖြတ်ဝင်ရတာပါ။ တရုတ်ရဲတွေ မသိအောင်လည်း သွားရပါတယ်။ မြန်မာနိုင်ငံထဲကတစ်ဆင့် သွားဖို့ဆိုတာကတော့ လုံးဝမဖြစ်နိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီ မြန်မာနိုင်ငံထဲက သတင်းလွတ်လပ်ခွင့်နှင့် ဆက်စပ်ပြီးတော့ နောက်တစ်ခု မေးချင်ပါသေးတယ်။ အတိုက်အခံဘက်ကကော မီဒီယာနှင့် ဆက်ဆံတာ ရင်းနှီးပွင့်လင်းမှု ရှိပါရဲ့လား။ Media Friendly ဖြစ်ရဲ့လား။ တချို့ပြည်တွင်း မီဒီယာသမားတွေက ဒါကို ငြီးတွားကြတာ ကြားရပါတယ်။ Opposition ဟာ သူတို့ကို သိပ်အလေးမထားဘူး ဆိုတဲ့ သဘောမျိုး။ Bertil ဘယ်လို တွေ့ရပါ သလဲ။

Bertil Lintner ။ ။ သူတို့ပြောတာ မှန်နိုင်ပါတယ်။ သူတို့ဘက်ကလည်း သတင်းလောကနှင့် ဆက်ဆံရေး အတွေ့အကြုံက သိပ်မရှိကြဘူးလေ။ NLD မှာတော့ အပတ်စဉ်ဂျာနယ် ထုတ်နေတာ တွေ့ရပါတယ်။ အစောင်ရေ တစ်သိန်းလောက် ဖြန့်နေတယ်ဆိုတော့ ဒါက အတော်များတဲ့ ပမာဏပါ။ ဒါပေမယ့် NLD ခေါင်းဆောင်ပိုင်းကိုပဲ ပြောရမယ်ဆိုရင်တော့ သူတို့ဟာ သတင်းလောကနှင့် ပြောဆိုဆက်ဆံရတဲ့အခါမှာ သိပ်ပြီး တက်တက်ကြွကြွ မရှိလှပါဘူး။ လူအများစုနှင့် ဆက်ဆံရာမှာ ဒီသဘောပဲ တွေ့ရပါတယ်။ တကယ်တော့ NLD ဟာ စစ်မှန်တဲ့ အတိုက်အခံ တရပ်အဖြစ်နှင့် ထိထိရောက်ရောက် ဆောင်ရွက်နေတာမျိုး မတွေ့ရသေးပါဘူး။ အတိုက်အခံဆိုတာက အစိုးရကို ဆန့်ကျင်ပြီး သူတို့ရဲ့ ကိုယ်ပိုင်မူဝါဒနှင့် ပေါ်ထွက်လာရမှာမျိုး ဖြစ်ပါတယ်။ ဆိုလိုတာကတော့ဗျာ အစိုးရက ဒီလိုလုပ်နေတာကို ထောက်ပြဝေဖန်ပြီး ဘယ်လိုတာ လုပ်သင့်တယ် ဆိုတာမျိုး အကြံပြုရမှာ ဖြစ်ပါတယ်။ အခုအချိန်ထိတော့ NLD က ဒီလိုမျိုး လုပ်နိုင်ဖို့ ပျက်ကွက်နေသေးတာကို တွေ့ရပါတယ်။ အခုတော့ ပါလီမန်ထဲမှာ ဆွေးနွေးမှုတချို့ရှိတာ တွေ့ရပါတယ်။ ဒါပေမယ့်လည်း တိုင်းပြည်မှာ ရင်ဆိုင်နေကြရတဲ့ ပြဿနာတွေနှင့် ပတ်သက်လို့ အစိုးရရဲ့ မူဝါဒကို ဝေဖန်ထောက်ပြပြီး ကွဲလွဲတဲ့ မူဝါဒမျိုးနှင့် လုပ်နည်းကိုင်နည်းတွေကို တင်ပြတာ ကိုင်တွယ် ရပ်တည်တာမျိုး မတွေ့ရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကောင်းပါပြီ။ ကျနော်တို့ ဒီ နိုင်ငံရေးကိစ္စကို ဆက်လက်ပြီး ဆွေးနွေးကြရအောင်။ ဆိုတော့ အခုအခါမှာ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းကို တကယ်ဘဲ ရွေ့ရွေ့သွားနေပြီလို့ ကျနော်တို့ ယူဆရမလား။ Bertil ထင်ပါသလား။

Bertil Lintner ။ ။ မထင်ပါဘူး။ ခရီးအဝေးကြီးလိုပါသေးတယ်။ တိုင်းပြည်မှာ အင်အားအကြီးဆုံး အာဏာအရှိဆုံး အဖွဲ့အစည်းဟာ စစ်တပ်ဘဲ ဖြစ်နေပါသေးတယ်။ အမျိုးသားလုံးခြုံရေးကိစ္စနှင့် ပတ်သက်လို့ လူမျိုးစုပြဿနာတွေနှင့် ပတ်သက်လို့ ဆက်လက် ဖြစ်ပွားနေဆဲ။ ပြည်တွင်းစစ်နှင့် ပတ်သက်လို့။ ဒီကိစ္စတွေဟာ စစ်တပ်လက်ထဲမှာဘဲ အများကြီးမူတည်နေစဲ ဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ စစ်တပ်ဟာ စီးပွားရေးနှင့် နိုင်ငံရေးမှာလည်း တင်းတင်းကျပ်ကျပ် ပါဝင်ချုပ်ကိုင်ထားဆဲ ဖြစ်တာကို မေ့ထားလို့မရပါဘူး။ သူတို့ ပါတီဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကတဆင့် ချုပ်ကိုင်ကြတာပါ။ ၂၀၁၅ ရွေးကောက်ပွဲကို စောင့်ကြည့်ရမယ်လို့ ဆိုတာတွေလည်း ရှိပါတယ်။ ကျနော်ကတော့ စောင့်ကြည့်စရာ မလိုဘူးလို့ ထင်ပါတယ်။ ကျနော်တို့က ဒီကနေ့ မြန်မာနိုင်ငံအကြောင်းကို ပြောနေကြတာပါ။ လက်ရှိအခြေအနေမှာ စစ်တပ်ဟာ စစ်တန်းလျားကို ပြန်သွားပြီဆိုတာမျိုးကိုတော့ လုံးဝမယုံကြည်နိုင်ပါဘူး။လုံးဝလည်း မဟုတ်ပါဘူး။ သူတို့ဟာ အာဏာရှိနေစဲပါ။ သူတို့ အင်အားသုံးချင်တယ်ဆိုရင်လည်း သုံးနိုင်ပါတယ်။ မကြာခင်ကဘဲ လက်ပံတောင်းမှာ ဆန္ဒပြသူတွေကို အင်အားသုံးခဲ့တာကို ကြည့်ပါ။ တစ်ခါ သူတို့ ကချင်ပြည်နယ်မှာ ဘာတွေလုပ်နေတယ်။ ရာနှုန်းပြည့် ပြည်တွင်းစစ်ကို ဆင်နွှဲနေတာပါ။ စစ်သေနတ်တွေ ရဟတ်ယာဉ်တွေ MR 24 စစ်သေနတ်နှင့် ရဟတ်ယာဉ်တွေကို သုံးပြီး တိုက်ခိုက်နေပါတယ်။ ၁၉၈၀ ဝန်းကျင်က အာဖဂန်စစ်ပွဲမှာ ဆိုဗီယက်တပ်ဖွဲ့တွေ သုံးခဲ့တဲ့ လက်နက်မျိုးတွေပါ။ စစ်ပြေးဒုက္ခသည် တစ်သိန်းလောက် အဲဒီမှာ အကူညီကင်းမဲ့စွာနှင့် နေနေကြရပါတယ်။ ဒါတွေကို ကြည့်ပြီး မြန်မာနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာနေပြီဆိုတာ ပြောဖို့ဆိုတာမျိုးက လုံးဝမဖြစ်နိုင်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။ ကချင်ပြည်သူတွေအဖို့ အခုအချိန်ဟာ အရင်ထက်တောင် ပိုဆိုးနေတာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဒီလိုအချိန်မျိုးမှာ မြန်မာနိုင်ငံကို အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက ကူးလူးဆက်ဆံမှုတွေ လုပ်လာကြတယ်။ ဒါဟာ အချိန်စောနေတယ်လို့များ ဆိုနိုင်မလား။ သူတို့ဟာ တရုတ်နိုင်ငံကို Contain လုပ်ချင်လို့ ပိတ်ဆို့ချင်လို့များ ဆန္ဒစောပြီး မြန်မာနိုင်ငံနှင့် ကူးလူးဆက်ဆံ နေကြသလား။ သို့မဟုတ် အနောက်နိုင်ငံတွေ မြန်မာနိုင်ငံနှင့် ဆက်ဆံနေတာဟာ မှန်ကန်တဲ့ လုပ်ရပ်လို့ ထင်ပါသလား။

Bertil Lintner ။ ။ အမေရိကန်ပြည်ထောင်စုရော ဒီ ဥရောပနိုင်ငံတွေပါ မြန်မာနိုင်ငံနှင့် ပတ်သက်လို့ ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ဆိုတာကို အဓိက အလေးထားတယ်လို့ ကျနော်တော့ မထင်ပါဘူး။ သူတို့ရဲ့ မဟာဗျူဟာ အကျိုးစီးပွား Strategic Interests ကတော့ တရုတ်နိုင်ငံကို ထိန်းချုပ်နိုင်ဖို့ ဖြစ်ပါတယ်။ တစ်ခါ သူတို့ရဲ့ စီးပွားရေး အကျိုးအမြတ်အတွက် မြန်မာနိုင်ငံရဲ့ ကြွယ်ဝတဲ့ သဘာဝသံယံဇာတတွေကို စိတ်ဝင်စားကြတာပါ။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာကတော့ လူကြားကောင်းရုံ နှုတ်ကတိ ပေးနေတာပါ။ Lip Service ဘဲဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ အစိုးရအနေနှင့်ကတော့ အနောက်နိုင်ငံတွေနှင့် ဆက်ဆံလို့ရအောင် လိုက်လျောမှုတချို့ကတော့ လုပ်ရမှာပါ။ မြန်မာနိုင်ငံနှင့် ပတ်သက်လို့ တရုတ်ရဲ့ ကြီးစိုးမှုကို စိုးရိမ်တာဟာ ပြည်ပမှာတင်မကပါဘူး။ မြန်မာနိုင်ငံထဲမှာ စစ်တပ်ထဲမှာတောင် မြန်မာနိုင်ငံဟာ တရုတ်နှင့် နီးကပ်လွန်းတယ်။ လွတ်လပ်မှုတောင် အနည်းနှင့် အများဆိုသလို ထိခိုက်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမျိုးတွေ ရှိနေတာပါ။ အမျိုးသားရေးပြဿနာ၊ အရေးပေါ်အခြေအနေတွေနှင့် ပတ်သက်လို့ စစ်တပ်ရဲ့သဘောထားတွေ၊ အနောက်နိုင်ငံတွေနှင့် ဆက်ဆံရေး တိုးမြှင့်ရမယ်ဆိုတဲ့ သုံးသပ်ချက်တွေကို ကျနော် ဖတ်ရပါတယ်။ ဒီအတွက် သူတို့ဟာ အပြောင်းအလဲ တချို့လုပ်ရမယ်ဆိုပြီး အခု အပြောင်းအလဲတွေလည်း ဖြစ်နေတာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အဲဒီလို လုပ်လာတဲ့အတွက် အနောက်နိုင်ငံတွေက မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံမှုတွေ ပိုလုပ်လာတဲ့အတွက် မြန်မာနိုင်ငံအပေါ်မှာ တရုတ်ရဲ့ သြဇာလွှမ်းမိုးမှု အားနည်းလျော့ကျ သွားပြီလို့ထင်ပါသလား။

Bertil Lintner ။ ။ တရုတ်နိုင်ငံရဲ့ လွှမ်းမိုးမှုက အင်မတန်မှ ခိုင်ခိုင်မာမာ ရှိနေစဲပါ။ တရုတ်ကတော့ အခုလောလောဆယ်မှာ စောင့်ကြည့်နေတဲ့သဘောလို့ ကျနော် ထင်ပါတယ်။ မြန်မာနိုင်ငံအတွက် မဟာဗျူဟာအရ သိပ်ကိုအရေးကြီးပါတယ်။ တရုတ်တို့အဖို့ကတော့ လုံးဝ လက်လွတ်လိုက်လို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယနှင့် ဒေသတွင်းနိုင်ငံတွေကို ကုန်တင်ပို့တာအပြင် မြန်မာပြည်မှာ တရုတ်က ရေနံနှင့် သဘာဝဓာတ်ငွေ့ ထုတ်ဖို့ ပိုက်လိုင်းတွေ တည်ဆောင်နေပါတယ်။ ပစ်ပယ်လိုက်လို့ မရပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနှင့် ထိတွေ့ဆက်ဆံမှုတွေ ကြီးထွားလာပြီး သြဇာလွှမ်းမိုးလာတာကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ တရုတ်က စဉ်းစားရမှာပါ။ မြန်မာနိုင်ငံဟာ အနောက်နိုင်ငံတွေနှင့် တရုတ်နိုင်ငံအကြား အာဏာလွန်ဆွဲပွဲ အလယ်မှာ ရောက်နေပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် သိပ်အကဲဆပ်တဲ့ အနေထားပါ။ အစိုးရရဲ့ အဆုံးအဖြတ်ကလည်း သိပ်ကို အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်တို့ အခုဆက်ပြီး တိုင်းရင်းသားလူမျိုးစု ပြဿနာကို ကြည့်ကြပါစို့။ ကချင်ဒေသမှအပ ကျန်တဲ့ တိုင်းရင်းသားအဖွဲ့အစည်း တိုင်းရင်းသားအင်အားစုတွေနှင့် ငြိမ်းချမ်းရေးအလားအလာ ဘယ်လိုမြင်ပါသလဲ။ သူတို့တွေနှင့် တည်ဆောက်ထားတဲ့ အပစ်အခက်ရပ်စဲရေး ဆိုတာကိုကော ဘယ်လောက် ခိုင်ခိုင်မာမာ ရှိနေပြီလို့ မြင်ရပါသလဲ။

Bertil Lintner ။ ။ အပစ်အခက်ရပ်စဲရေး သဘောတူညီမှုဆိုတာကတော့ ပြဿနာရဲ့ အဖြေမဟုတ်ပါဘူး။ ပြေလည်မှုရခြင်းလည်း မဟုတ်ပါဘူး။ ပြဿနာကို ရပ်ဆိုင်းထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြေလည်မှု မရှိဘဲ လုပ်ထားတဲ့ အပစ်အခက်ရပ်စဲရေး ဆိုတာ ငြိမ်းချမ်းရေးတော့ လုံးဝ မဟုတ်ပါဘူး။ ဒါကိုတော့ သိထား ကြရပါလိမ့်မယ်။ အပစ်ရပ်ထားတဲ့ ဒေသတချို့ကို ကြည့်ပါ။ အပစ်ရပ်ပြီး စီးပွားရေး အရောင်းအဝယ်တချို့ ရှိရုံနှင့် နယ်စပ်ဒေသတွေရဲ့ အခြေအနေတွေ ပြောင်းလဲသွားနိုင်မှာလည်း မဟုတ်ပါဘူး။ ဒီတိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင်ခဲ့ရသလဲ ဆိုတဲ့ အကြောင်းအရင်းအတွက် နိုင်ငံရေးအရ ဖြေရှင်းဖို့က ပထမဆုံး လုပ်ရမှာပါ။ ဒါကို မလုပ်ချင်ရင် ဘယ်တော့မှ ပြေလည်မှုလည်း ရနိုင်မှာ မဟုတ်ပါဘူး။ ပြဿနာလည်း မငြိမ်းနိုင်ပါဘူး။ ဒီအချက်ဟာ ပဋိပက္ခကို ဝင်ရောက်စေ့စပ်ပေးမယ်ဆိုတဲ့ ပြည်ပအစိုးရတွေ အဖွဲ့အစည်းတွေရဲ့ အားနည်းချက်လည်း ဖြစ်ပါတယ်။ သူတို့က စီးပွားရေး ဖွံ့ဖြိုးမှုနှင့် လက်နက် စွန့်လွှတ်ဖို့ကိုဘဲ ပြောနေကြတာပါ။ ဒါနှင့် မလုံလောက်ပါဘူး။ နိုင်ငံရေး အခြေခံအဆောက်အအုံ တည်ဆောက်မှုကို ပြန်ပြင်ဖို့ လိုအပ်နေတာပါ။ ဒါကို မပြင်ရင် ceasefire ဆိုတာလည်း ခနောခနဲ့ ပါဘဲ။ နောက်ဆုံးမှာတော့ ပြိုကွဲ ရမှာပါ။ ကချင်ကို ကြည့်ပါ။ သူတို့ဟာ အပစ်ရပ်ပြီး ၁၇ နှစ် စောင့်ခဲ့ပါတယ်။ ဘာမှဖြစ် မလာပါဘူး။ နောက်ဆုံးစစ်တပ်က ပြန်တိုက်တော့ ပြည်တွင်းစစ် ပြန်စလာတာပါဘဲ။ နိုင်ငံရေးအရ ဖြေရှင်းဖို့ မကြိုးစားရင်တော့ ကျန်နေရာတွေမှာလည်း ဒီလိုဘဲ ဖြစ်လာပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခုလို ဖြစ်နေတဲ့ ကိစ္စနှင့် ပတ်သက်ပြီးတော့ တိုင်းရင်းသားတချို့က ဘာပြောလဲဆိုရင် နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာဖို့ မလိုလားတာဟာ စစ်တပ်လား။ အစိုးရလား။ တချို့ကလည်း ဒါဟာ မြန်မာ၊ ဗမာလူမျိုးတချို့ ကိုယ်တိုင်က နိုင်ငံရေးတန်းတူခွင့် တိုင်းရင်းသားတွေကို မပေးချင်ဘူးလို့ ပြောနေကြတာကိုလည်း ကြားရပါတယ်။ Bertil ဘယ်လိုမြင်ပါသလဲ။ ဒါဟာ စနစ်လား။ လူတစ်စုလား။ စစ်တပ်လား။ သို့မဟုတ် Society လား။

Bertil Lintner ။ ။ လူမျိုးတစ်မျိုးရဲ့ စိတ်နေသဘောထားနှင့်တော့ တကယ်တမ်း ဘာမှမဆိုင်ပါဘူး။ နိုင်ငံရေးအရ ဖြေရှင်းဖို့ပြောနေတာဟာ နိုင်ငံရေးစနစ်နှင့်ဘဲ ဆိုင်ပါတယ်။ လုပ်ရမှကလည်း တိုင်းရင်းသားတွေ အားလုံး မျက်နှာချင်းဆိုင် ဝိုင်းထိုင်ပြီး အလုပ်ဖြစ်မယ့် အဖြေရှာဖို့ ဖြစ်ပါတယ်။ ၁၉၄၈ ဗြိတိသျှ လက်အောက်က လွတ်လပ်ရေးရပြီးကတည်းက ဖြစ်လာတဲ့ ပြည်တွင်းစစ်က ရပ်ဆဲသင့်ပါပြီ။ နိုင်ငံတွင်း နေရာ တစ်ခုနှင့်တစ်ခုကြား တန်းတူအခွင့်အရေး မရှိတာ၊ မျှတမှုမရှိတာကို အစိုးရနှင့် နိုင်ငံတကာက လျစ်လျူရှုထားလို့လည်း မရပါဘူး။ ဖွ့ဲစည်းပုံ ဥပဒေအရ ကွဲလွဲမှု ရှိနေပါတယ်။ မြန်မာနိုင်ငံဟာ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ခုအဖြစ်နှင့် ဆက်လက်ရှင်သန် ရပ်တည်ချင်တယ်ဆိုရင်တော့ ညီညွတ်မျှတတဲ့ နိုင်ငံတော်တည်ဆောက်ပုံ State Structure တစ်ရပ်က အမှန်တကယ်လည်း လိုအပ်နေပါတယ်။