ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဟန့်အတား၊ အနှောက်အယှက်၊ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး မတည်မငြိမ် ဖြစ်မှုတွေကြောင့် နောက်ပြန်ဆုတ်၊ မအောင်မမြင် ဖြစ်သွားနိုင်သလားဆိုတာကို မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg (Georgetown University) နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ Prof. Steinberg အခုတလော မြန်မာနိုင်ငံမှာ သိပ်ပြီးတော့ အားတတ်စရာကောင်းတဲ့ သတင်းတွေ၊ အားတတ်စရာကောင်းတဲ့ အသံတွေ မကြားရပါဘူး။ လွန်ခဲ့တဲ့ (၂) နှစ်လောက်လို မျှော်လင့်ချက်ထားတဲ့အသံလည်း မကြားရတော့ပါဘူး။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာလည်း လူတွေက စိတ်တိုင်းမကျ ဖြစ်လာခဲ့တယ်။ တိုင်းရင်းသားတွေနဲ့ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလည်း မအောင်မမြင်။ တိုးလိုးတန်းလန်း ဖြစ်နေပါတယ်။ စာနယ်ဇင်းတွေကို ပိုဖိနှိပ်လာတယ်၊ ဖမ်းဆီးတယ်။ ပြင်းပြင်းထန်ထန် ထောင်ချတယ်။ အရာရာမှာ ဆုတ်ယုတ်မှုတွေသာ ကြားလာရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဟာ ရှေ့ကိုတိုးနေတာမှ ဟုတ်ပါသေးရဲ့လား။ နောက်များပြန်ဆုတ်နေပြီလား။ ဒါကို လူတိုင်း သံသယရှိနေတဲ့ကိစ္စပါ။ ဆရာကြီး ဘယ်လို သဘောရပါသလဲ။
Prof. David Steinberg ။ ။ အမေရိကန်တွေက အောင်မြင်မှုကို ချက်ချင်းလက်ငင်း လိုချင်နေကြတယ်လို့ ကျနော်ထင်တယ်။ အပြောင်းအလဲတွေကို ရုတ်တရက် လုပ်ချင်နေကြတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲဆိုတာ ချက်ချင်းမဖြစ်နိုင်ပါဘူး။ နှစ်ပေါင်း (၅၀) စစ်အုပ်ချုပ်ရေးအောက် နေလာခဲ့ရတာပါ။ ဖွဲ့စည်းပုံဥပဒေကလည်း စစ်တပ်က သူတို့အာဏာချုပ်ကိုင်နိုင်ရေးကို ဦးတည်ရေးဆွဲထားတာ ဖြစ်ပါတယ်။ တဖြည်းဖြည်းချင်းသာ ပြောင်းလဲလာမယ်လို့ ကျနော် ယုံကြည်ပါတယ်။ မီဒီယာ လွတ်လပ်ခွင့်အပေါ် စိုးရိမ်စိတ်၊ တခြားလွတ်လပ်ခွင့်အပေါ် ကြောက်စိတ် စတဲ့ သဘောထားဟောင်းတွေ ကြီးစိုးနေဆဲပါ။ ခြေလှမ်းတိုင်းမှာ၊ နေရာတိုင်းမှာ ရှေ့ကိုကြီးပဲ တိုးနေမှာ မဟုတ်ပါဘူး။ တချို့နေရာတွေမှာ ရှေ့တိုးနေပေမယ့် တနေ့ရာရာမှာ နောက်ကို နည်းနည်းပြန်ရွေ့မှာပဲ ဆိုတာမျိုးကိုလည်း နားလည်းထားရပါမယ်။ တဖြည်းဖြည်းချင်း တိုးတက်မှု ရှိလာတယ်ဆိုတဲ့ အထောက်အထားတော့ တွေ့ရပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်တွေ ဖြစ်ရတာဟာ တစိတ်တပိုင်းအားဖြင့် အလွန်အကျွံမျှော်လင့်ထားမှုကြောင့် ဖြစ်တယ်လို့ ဆိုချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အလွန်အကျွံ မျှော်လင့်ထားမှုကြောင့်ကြီးပဲလို့ ဆိုနိုင်ပါရဲ့လား။ တကယ့်လက်ရှိ အခြေအနေမှာ အမှန်တကယ် ရှေ့မတိုးဘဲ နောက်ဆုတ်နေတာ အများကြီး ရှိပါတယ်။ ဒီအခြေအနေကို ကျနော်တို့ထည့်ပြီး မပြောသင့်ဘူးလား။
Prof. David Steinberg ။ ။ လက်တွေ့မှာ ပြဿနာတွေ အမှန်တကယ် ရှိနေပါတယ်။ ဒါကို အငြင်းပွားစရာ မရှိပါဘူး။ လူနည်းစုပြဿနာတွေ မပြေလည်သေးပါဘူး။ အခြေခံကျတဲ့ကိစ္စတွေ ရှင်းရအုံးမှာပါ။ ရိုဟင်ဂျာပြဿနာ၊ တိုင်းရင်းသားပြဿနာတွေ၊ မီဒီယာလွတ်လပ်ခွင့် တရားစီရင်ရေးပြဿနာ။ ဒါတွေကလဲ လွတ်လွတ်လပ်လပ် မရှိသေးပါဘူး။ အဆင့်တိုင်းမှာ စွမ်းအင်နှိမ့်ကျတယ့် ပြဿနာတွေကလည်း ရှိနေဆဲပါ။ အယူအဆချင် မတူကွဲပြားချက်နဲ့ ပြုပြင်ပြောင်းလဲရေးကို မလိုလားတဲ့ အစိတ်အပိုင်းတွေတောင် လူ့အဖွဲ့အစည်းကြားမှာ ရှိနေပါသေးတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ရထားရှေ့တိုးအောင်လုပ်ဖို့ ခက်နေပါတယ်။ သိပ်မြန်မြန်တိုးရင် မလိုလားတဲ့ အစိတ်အပိုင်းတွေက နောက်ပြန်တွန်းကြမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှေ့ကို ရွေ့နေတယ်ဆိုတာကိုတော့ ပြည်တွင်းကရော၊ ပြည်ပကပါ တွေ့မြင်နေကြပါတယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မလိုလားတဲ့ အစိတ်အပိုင်းတွေဆိုတာ လူ့အဖွဲ့အစည်းအတွင်းမှာသာမက အာဏာရတဲ့ အသိုင်းအဝိုင်းမှာကို ရှိနေတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။ ဒီပြုပြင်ပြောင်းလဲရေးကို လုံးဝမလိုလားဘူး။ အဲဒါကြောင့် ဒီဟာကို ရပ်တန့်စေချင်တယ်။ ဟန့်တားစေချင်တဲ့ လူတွေတောင် ရှိနေကြတယ်လို့ လူတွေက ပြောကြပါတယ်။ ဆရာကြီး ဘယ်လို သုံးသပ်လိုပါသလဲ။
Prof. David Steinberg ။ ။ မှန်ပါတယ်။ အုပ်ချုပ်ရေးယန္တရားတိုင်းမှာ အစိုးရရဲ့ မူဝါဒပေါ်လစီတွေကို သဘောမတူတွေ ရှိနိုင်ပါတယ်။ ဒီလူတွေမှာ ဘယ်လိုအာဏာတွေ ရှိနေသလဲဆိုတာက နောက်ကိစ္စတခုပါ။ သူတို့အနေနဲ့ အစိုးရရဲ့ လုပ်ရပ်ကို ဘယ်လောက်အထိ နှေးကွေးနိုင်စေသလဲဆိုတာက သီးခြားပြဿနာပါ။ အရာအားလုံးဟာ အဆင်ပြေပြေနဲ့ ရှေ့ကိုပဲ တိုးတက်နေမယ်ဆိုတာက စင်လုံးချော လူ့အဖွဲ့အစည်းပါ။ ဘယ်နိုင်ငံ ဘယ်လူ့အဖွဲ့အစည်းမှ အဲဒီလို စင်လုံးချော၊ ခြောက်ပစ်ကင်း မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။ အခု အာဏာရတဲ့ အစိတ်အပိုင်းထဲက မလိုလားသူတွေက သူတို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးကို ဘယ်လောက်ဆန့်ကျင်သလဲဆိုတော့ သမ္မတတောင်မှ ဘာမှရှေ့တိုးပြီး ဘာမှမလုပ်နိုင်ဘူးဆိုပြီးတော့ ဝေဖန်သူတွေက ပြောကြပါတယ်။
Prof. David Steinberg ။ ။ သူတို့ဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို ရပ်တန့်အောင် လုပ်နိုင်တယ်လို့ ကျနော် မထင်ဘူး။ တချို့ကဏ္ဍတွေကိုတော့ နှေးကွေးအောင် လုပ်ကောင်းလုပ်နိုင်ကြမှာပါ။ ဒါပေမဲ့ ဒီလို ဝေဖန်ရေးသားမှုတွေဟာ တခြားအစိတ်အပိုင်းတရပ်ကို အခြေခံပြီး လုပ်နေကြတာပါ။ အခု အစိုးရတက်လာတာကို မလိုလားကြပဲ။ NLD အာဏာရတာကိုပဲ မြင်လိုတွေ့လို အစိတ်အပိုင်းတွေ မြန်မာနိုင်ငံပြင်ပနေရာအနှံမှာ အများအပြား ရှိနေပါတယ်။ ဒီအစိုးရ တက်လာတာကို သူတို့ စိတ်ပျက်နေကြပါတယ်။ သူတို့ဟာ အစိုးရရဲ့ အမှားကိုပဲ လိုက်ရှာတယ်။ အစိုးရကလည်း မှားတယ်။ လူ့အဖွဲ့အစည်းအတွင်းက ဘာအမှားရှိသလဲရှာတယ်။ အမှားလည်းရှိတယ်။ ဒီအမှားတွေကိုပဲ မလိုလားသူတွေက အသုံးချနေကြပါတယ်။ ဒီလိုလုပ်နေတာကို သာမန်အကဲခတ်သူတွေက မသိပါဘူး။ မြန်မာပြည်မှာ ပြဿနာတက်နေပြီ၊ အခြေအနေတွေ ဆိုးသထက် ဆိုးလာနေတယ်လို့ပဲ ထင်ကြမှာပါ။ ဒါပေမဲ့ ကျနော် ကြည့်ရသလောက်တော့ မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့ (၃) နှစ် အခြေအနေအားလုံး လွှမ်းခြုံကြည့်ရင် ရာစုဝက်အတွင်း အများကြီး တိုးတက်လာတယ်လို့ ထင်ပါတယ်။ ဒီလိုပြောလိုက်လို့ မြန်မာပြည် အခြေအနေကို ကျနော် လုံးဝနှစ်သက်ကျေနပ်နေတယ့် သဘောမဟုတ်ပါဘူး။ ပျော်ရွှင်နေတာ မဟုတ်ပါဘူး။ ပိုပြီးကောင်းမွန်တဲ့ Liberal အပြောင်းအလဲတွေ တွေ့လိုမြင်လိုပါတယ်။ အဓိက အပြောင်းအလဲတွေ မြင်ချင်ပါတယ်။ ပြဿနာက မြန်မာနိုင်ငံမှာ ဒီမိုကရေစီမူဝါဒတချို့ ရှိပါတယ်။ ဒါပေမဲ့ လူတွေက အဲဒီမူဝါဒတွေကိုသုံးပြီး Liberalization Process လို့ခေါ်တဲ့ လွတ်လပ်ညင်သာမှု ဖြစ်စဉ်ကို ထိခိုက်အောင် လုပ်နေကြတာပဲ ဖြစ်ပါတယ်။ ကိုယ်နဲ့ သဘောကွဲလွဲသူတွေကို နှိပ်ကွပ်ဟန့်တားတဲ့ နေရာမှာ ဒီမိုကရေစီ မူဝါဒကို သုံးနေကြပါတယ်။ ခင်များက လွတ်လပ်စွာ ရေးသားပြောခွင့် လိုချင်တယ်ဆိုရင် သူတို့က ခင်များလို လူမျိုးအပေါ် လွတ်လပ်စွာ နှိပ်ကွပ်ခွင့်ရှိတယ်ဆိုပြီးတော့ လုပ်နေကြတာ တွေ့ရပါတယ်။ ဒါဟာ သူ့အနေနဲ့ အရာရာကို ထိန်းချုပ်ထားနိုင်တယ်ဆိုတဲ့ အစိုးရတရပ်အဖို့ သိပ်ကို မရေမရာ ဖြစ်နေနိုင်တဲ့ကိစ္စပါ။
ဦးကျော်ဇံသာ ။ ။ ပါမောက္ခ Steinberg က မူအားဖြင့် ပြောတယ်။ ဒါက မှန်ပါတယ်။ ဒါပေမဲ့ ကျနော် လက်တွေ့ကြုံနေရတဲ့ အခက်အခဲ၊ လက်တွေ့ဖြစ်နေတဲ့ ပြဿနာတခုကို ကျနော် ပြောပါ့မယ်။ ဥပမာဆိုကြပါစို့ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် ဆွေးနွေးညှိနှိုင်းတဲ့ကိစ္စ။ ဒီကိစ္စ အောင်မြင်သွားရင်၊ ဒီကိစ္စကို ကမကထ လုပ်နေတဲ့ သမ္မတဦးသိန်းစိန်တို့ အုပ်စုက နိုင်ငံရေးအရ အရေးသာသွားမယ်။ ၂၀၁၅ မှာပဲ ဒီလူတွေပဲ ပြန်နိုင်မယ်။ အဲဒါကို မလိုလားတဲ့ လူတွေက တိုင်းရင်းသားတွေ ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးကိုတောင်မှ မအောင်မြင်အောင် အဖျက်အမှောက် လုပ်နေတယ်ဆိုတာ ကျနော်တို့ သတင်းသမားတွေဆီက ပြန်ကြားရပါတယ်။ ဒါက လက်တွေ့အခက်အခဲပါပဲ။
Prof. David Steinberg ။ ။ ဒါက တကယ့် ပြဿနာတရပ်ပါ။ အဲဒီလူတွေကို ကျနော် မသိပါဘူး။ ဒါကြောင့် သူတို့အင်အား ဘယ်လိုရှိတယ်ဆိုတာကို မဝေဖန်နိုင်ပါဘူး။ ဒါပေမဲ့ ဒါက ဖြစ်နိုင်တဲ့ အခြေအနေတရပ်ပါ။ ၂၀၁၅ ရွေးကောက်ပွဲကို ဆိုကြပါစို့ လွတ်လပ်တရားမျှတမှု ရှိတယ်ဆိုရင် NLD အခြေအနေကောင်းမှာပါ။ ဘယ်သူဘယ်ဝါ သမ္မတ၊ ဒု-သမ္မတ ဖြစ်လာမယ်ဆိုတာတော့ ကျနော် မသိပါဘူး။ ဒါပေမဲ့ Pluralism လို့ခေါ်တဲ့ မတူကွဲပြားမှု လက်ခံရေးဝါဒ ပိုပြီးတော့ ထွန်းကားလာမယ်လို့ ထင်ပါတယ်။ ဒီမိုကရေစီအကြောင်းတွေးရင် ဖြစ်စဉ်တခုလို တွေးကြရမှာပါ။ ချက်ချင်းလက်ငင်း မျှော်လင့်လို့ မရနိုင်ပါဘူး။ ရနိုင်တာက ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းစဉ်ကတည်းက ရှိလာတဲ့ ဗဟိုချုပ်ကိုင်မှုကနေ အာဏာစုစည်းမှု ကွဲပြားသွားတာပဲ တွေ့ရမှာပါ။ အခုအခါမှာ လွှတ်တော်ဟာ အုပ်ချုပ်ရေးကဏ္ဍနဲ့အပြိုင် ရှိလာပါတယ်။ ဒေသန္တရအစိုးရတွေ၊ ပြည်နယ်အစိုးရတွေ ရှိလာပါတယ်။ အရာရာကို ဝေဖန်တယ် မီဒီယာတွေ ရှိလာပါတယ်။ ဒါတွေအားလုံးဟာ ဒီမိုကရေစီဖြစ်စဉ်တွေပါ။
ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ပြဿနာတခု။ လက်တွေ့ပြဿနာတခုကို ထောက်ပြလိုပါတယ်။ စွမ်းအားရှင်တွေကို အသုံးချပြီးတော့ ပဋိပက္ခတွေကို ဖန်တီးလာတဲ့ကိစ္စပါ။ မကြာသေးခင်က မန္တလေးမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး အဓိကရုဏ်း။ အဲဒီအထဲမှာ စွမ်းအားရှင်ဆိုတဲ့ လူတွေကဝင်ပြီး အကြမ်းဖက်တယ်ဆိုတဲ့ကိစ္စဟာ အထောက်အထားတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒါကိုကြည့်ရင် ၂၀၁၅ ရွေးကောက်ပွဲက ပါမောက္ခကြီး မျှော်လင့်သလို တရားမျှတတဲ့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလား။ ဒီနေရာမှာ သံသယရှိစရာတွေ အများကြီး ပေါ်လာနေပါပြီ။
Prof. David Steinberg ။ ။ ဒါကတော့ စဉ်းစားစရာပါ။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို အဓိကခြိမ်းခြောက်နေတယ်လို့ ကျနော် တင်ပြလာခဲ့တာကတော့ ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ ပြည်မက အဓိကမြို့ကြီးတွေမှာ ဖြစ်ခဲ့တဲ့ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပါတယ်။ ဒါတွေဟာ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို ရပ်တန့်သွားစေနိုင်ပါတယ်။ ဒီ ပဋိပက္ခတွေ၊ အဓိကရုဏ်းတွေ၊ ထိန်းမနိုင်သိမ်းမရ ဖြစ်လာရင် စစ်အုပ်ချုပ်ရေး ကြေညာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ သိပ်အန္တရာယ်များတဲ့ အခြေအနေပါ။ ဒါကို အစိုးရက သိတယ်လို့ထင်တယ်။ ဒါကြောင့် အဲဒီ ပဋိပက္ခတွေကို ဖြစ်တဲ့နည်းနဲ့ တားဆီးဖို့ကြိုးပမ်းမယ်လို့ ထင်ပါတယ်။ အခုတော့ အစိုးရက ရဲတပ်ဖွဲ့ကို အားထားပါတယ်။ ဒါပေမဲ့ ရဲတွေက ဒီပဋိပက္ခတွေကို မထိန်းနိုင်ပါဘူး။ ဘယ်လို ထိန်းရမယ်ဆိုတာကို မသိပါဘူး။ ဘယ်လို ထိန်းရတယ်ဆိုတဲ့ သင်တန်းလည်း မရှိခဲ့ဖူးပါဘူး။ စစ်တပ်ကို လွှဲလိုက်ရင်တော့ စစ်တပ်က ထိန်းမယ်။ ဆိုတော့ နိုင်ငံရေးပြဿနာ ဖြစ်လာပါပြီ။ အဓိကအားဖြင့် နိုင်ငံတကာအမြင်မှာ ဒါဟာ အစိုးရအကြပ်အတည်းပါ။
ဦးကျော်ဇံသာ ။ ။ ဒီဆွေးနွေးခန်းမှာ အစောပိုင်းက ဆရာကြီးက အမေရိကန်ရဲ့ ရပ်တည်မှုနဲ့ စခဲ့တော့ ကျနော် အဲဒါကိုပဲ ပြန်ကောက်ပြီး နိဂုံးချုပ်ချင်ပါတယ်။ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံနဲ့ လက်ရှိ ဆက်ဆံရေးမှာ စီးပွားရေးလုပ်ချင်တာကိုပဲ ဦးစားပေးလွန်နေတယ်။ အခုလို ဒီမိုကရေစီကို ဆန့်ကျင်ဟန့်တားတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ မျက်နှာလွှဲခဲပစ် လုပ်နေတယ်။ လျစ်လျူရှုထားတယ်လို့ဆိုရင် မှန်ပါသလား။
Prof. David Steinberg ။ ။ ဒါဟာ သိပ်မှန်တယ်လို့တော့ ကျနော်တော့ မထင်ဘူး။ ဟုတ်ပါတယ် ကျနော် စီးပွားရေးလုပ်ချင်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ အစိုးရနဲ့ မြန်မာပြည်သူတွေ ဆက်ဆံရေးကိုလည်း ထူထောင်ချင်တယ်လို့လည်း ထင်ပါတယ်။ ဒါက ဖြစ်နိုင်ပါတယ်။ အခု ကျနော်တို့က အမေရိကန်ပြည်ထောင်စုလို့ ပြောတဲ့အခါ အုပ်ချုပ်ရေးပိုင်း၊ အစိုးရပိုင်း (Executive Branch) အဲဒီအကြောင်းကိုပဲ ပြောနေကြတာပါ။ ဒါပေမဲ့ ကွန်ဂရက်လွှတ်တော်ကို ကြည့်ပါ။ ကွန်ဂရက်လွှတ်တော်ဟာ စစ်တပ်ကို အပြင်းအထန် ဝေဖန်ပါတယ်။ ကွန်ဂရက်အမတ်တိုင်းလိုလိုဟာ တချိန်မဟုတ်တချိန် စစ်တပ်ကို ဆန့်ကျင်ဝေဖန်နေကြတာကြီးပါပဲ။ ဒါက အမေရိကန်ပြည်ထောင်စုအတွက် ခက်ခဲတဲ့အနေအထားပါ။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အခြေခံ မျှော်မှန်းချက်ကတော့ ကျနော် နားလည်းသလောက် ပြောရရင်တော့ ဘက်မလိုက်သော၊ ချမ်းသာကြွယ်ဝသော၊ ငြိမ်းချမ်းသော မြန်မာနိုင်ငံ ဖြစ်စေချင်တာပါ။ အိမ်နီးချင်းတွေနဲ့ ချစ်ခင်ရင်းနှီးစေချင်တယ်။ စိတ်ဝမ်းကွဲပြားမှုမရှိ၊ ပြိုကွဲမယ့်အန္တရာယ် မရှိတဲ့နိုင်ငံဖြစ်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အပံ့ ဖြစ်စေချင်ပါတယ်။ အမေရိကန်မူဝါဒမှာ ဒေသတွင်း တည်ငြိမ်ရေးဟာ သိပ်အရေးကြီးပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံကို တရုတ်နဲ့ပဲ အရင်ကလို ဆက်ပြီး ရင်းရင်းနှီးနှီး နေစေချင်တဲ့ သဘောမျိုးလား။
Prof. David Steinberg ။ ။ ဟုတ်ပါတယ် မြန်မာနိုင်ငံ တရုတ်နဲ့ သင့်သင့်မြတ်မြတ် ရှိဖို့ကို လူတိုင်းမြင်ချင်ပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း မြင်ချင်တယ် ထင်ပါတယ်။ မြန်မာနိုင်ငံကို တရုတ်က ကြိုးကိုင်ချယ်လှယ်နေတာကိုတော့ မမြင်ချင်ဘူးပေါ့။ ဒါပေမဲ့ ခင်များတို့ အိမ်နီးချင်းကြီးကို ခင်များတို့ ပြောင်းနိုင်မယ်လို့တော့ ဘယ်သူမှ မမျှော်လင့်ဘူး။ တရုတ်ဟာ သိပ်အင်အားကြီးတဲ့ နိုင်ငံပါ။ အတိတ်ကာလတုန်းက မြန်မာနိုင်ငံအပေါ် သိပ်ကောင်းခဲ့တာကြီးတော့ မဟုတ်ပါဘူး။ သိပ်ကို မောက်မာခဲ့ပါတယ်။ ဒါက အန္တရာယ်ပါ။ ဒါပေမဲ့ ဘယ်သူ အစိုးရဖြစ်လာဖြစ်လာ NLD, ဒေါ်အောင်ဆန်းစုကြည်၊ USDP ဘယ်သူပဲဖြစ်ဖြစ် တရုတ်နဲ့ ဆက်ဆံရေး ကောင်းရမယ်ဆိုတာ အားလုံးသဘောပေါက်ကြတယ် ထင်ပါတယ်။ ဒါကို အမေရိကန်ကလည်း နားလည်းကြပါလိမ့်မယ်။ အမေရိကန်-တရုတ်-မြန်မာတို့ ပူးပေါင်းဆောင်ရွက်နိုင်ကြမယ်လို့ ထင်ပါတယ်။