မြန်မာ့မီဒီယာလောက ဘယ်လောက် လွတ်လပ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ အခုတလော မြန်မာနိုင်ငံမှာ သတင်းထောက်တွေ အဖမ်းအဆီးခံရတယ်၊ ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုတွေရင်ဆိုင်ရတယ်။ ထောင်ချခြင်းခံရတယ် စသဖြင့် ကြားနေရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံမှာ သတင်းထောက်တွေရဲ့ လုပ်ငန်းဟာ ပြစ်မှုတရပ်၊ ရာဇဝတ်မှုတရပ် ဖြစ်နေပါသလား။ Is journalism a crime in Burma? ဆိုတာ မေးစရာဖြစ်လာပါတယ်။ ဦးကျော်ဇံသာ က DVB ဒါရိုက်တာ ဦးခင်မောင်ဝင်း နဲ့ မြန်မာပို့စ် ဂလိုဘယ်လ်ရဲ့ အယ်ဒီတာ ဦးစည်သူအောင်မြင့်တို့နဲ့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုနောက်ဆုံး ထောင်ဒဏ်ချမှတ်ခြင်း ခံရတယ်ဆိုတဲ့ သတင်းထောက်က ကိုခင်မောင်ဝင်းတို့ရဲ့ DVB က သတင်းထောက်လို့ သိရပါတယ်။ ပထမဦးဆုံး ဘယ်လိုကြောင့် ဖြစ်ရတယ်ဆိုတာကို အကျဉ်းရုံး အမှုသွားအမှုလာကို နည်းနည်းရှင်းပြပါလား။

ဦးခင်မောင်ဝင်း ။ ။ ကျနော်တို့ သတင်းထောက် ကိုဇော်ဖေ ပါ။ သူက ၂၀၁၂ ခုနှစ် မတ်လမှာ တရားစွဲခံရတယ်။ သူ့ရဲ့ ကျူးလွန်တဲ့ အစိုးရကစွပ်စွဲတဲ့ ပြစ်မှုက ဘာလဲဆိုတော့ မကွေးတိုင်း ပညာရေမှုးရုံးကို သွားပြီးတော့ ပညာရေးမှုးရုံးက မြန်မာနိုင်ငံကိုပေးမယ့် နိုင်ငံခြားအထောက်အပံ့နဲ့ ပတ်သက်ပြီးတော့ မကွေးတိုင်းပညာရေးမှုးရုံးက ဘယ်လိုမျိုး အသုံးချမလဲဆိုတဲ့ကိစ္စကို သူက သတင်းသွားမေးရင်နဲ့ အဲဒီမှာ သွားမေးတဲ့ကိစ္စကို ပညာရေးမှုးရုံးက မဖြေဘူးလို့ သူကိုငြင်းတယ်။ ငြင်းတော့ သူက သတင်းထောက်ဖြစ်တဲ့အတွက် ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းရိုက်တယ်။ အဲဒီကိစ္စကို မကွေးတိုင်းပညာရေးမှုးရုံးက သူကိုတရားလိုလုပ်ပြီးတော့ တရားစွဲတယ်။ ပြီးတော့မှ ပြစ်ဒဏ်ချလိုက်တယ်။ ကျနော်တို့ အမြင်မှာကျတော့ ဒါက လုံးဝပြစ်မှုမမြောက်တဲ့ကိစ္စတွေမှာ အစိုးရကနေ ပြစ်မှုတမင်တကာမြောက်အောင် ပြစ်ဒဏ်ချလိုက်တယ်။ အဲဒါ သတင်းထောက်တွေကို ခြိမ်းခြောက်မှု၊ အန္တရာယ်ပြုမှု။ ပြီးတော့ နောက်ထပ်အလားတူ သတင်းထောက်တွေ မလုပ်ရဲအောင် ပညာပေးတာလားလို့ အဲဒီလို ခံစားရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဘယ်ပြစ်မှုနဲ့ စွဲဆိုပြီးတော့ ထောင်ဒဏ်ချသလဲ။

ဦးခင်မောင်ဝင်း ။ ။ ရာဇဝတ်မှု ဥပဒေ၊ ရာဇဝတ်မှုပုဒ်မ (၃၅၃)။ ပုဒ်မ (၃၅၃) ဆိုတာက ဝတ္တရားနှောင့်ယှက်မှု။

ဦးကျော်ဇံသာ ။ ။ ပြည်သူဝန်ထမ်း တာဝန်ထမ်းဆောင်နေချိန် ဝတ္တရားနှောင့်ယှက်မှုပေါ့။

ဦးခင်မောင်ဝင်း ။ ။ ဝတ္တရားနှောင့်ယှက်မှု ဥပဒေကို ကျနော်တို့ ဖတ်ကြည့်ပါတယ်။ အဲဒါ ဘာလဲဆိုတော့ အစိုးရဝန်ထမ်း တစ်ယောက်က သူ့ရဲ့ အလုပ်တာဝန်တွေကို ထမ်းဆောင်လို့မရအောင် တစုံတယောက်က ခြိမ်းခြောက်မှု၊ သို့မဟုတ် အကြမ်းဖက်မှုတွေနဲ့ ဟန့်တားတယ်ဆိုရင်တော့ ဒါက ဝတ္တရားနှောင့်ယှက်မှု။ ကျနော်တို့ သတင်းထောက်က သတင်းသွားမေးတာဖြစ်တယ်။ ကင်မရာပဲပါတယ်။ သတင်းထောက်က ဘာမှလဲ ခြိမ်းခြောက်မှု မလုပ်ဘူး။ အကြမ်းဖက်မှုလည်း မလုပ်ဘူး။

ဦးကျော်ဇံသာ ။ ။ ကိုစည်သူအောင်မြင့်အနေနဲ့ ဘယ်လို သဘောရပါသလဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့။

ဦးစည်သူအောင်မြင့် ။ ။ ကျနော် နားလည်းတာကတော့ အခု ကျနော်တို့ ကယားပြည်နယ်က မခိုင် ပြစ်မှုရယ်။ ဒုတိယတခုဖြစ်တဲ့ မကွေးတိုင်းက ကိုဇော်ဖေတို့ ပြစ်မှုတို့မှာ။ သတင်းသွားလိုက်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ကိစ္စမှာ နည်းနည်းရောထွေးမှုတွေ ရှိတယ်လို့တော့ ကျနော် ထင်တယ်။ ရောထွေးမှုဆိုတဲ့ဟာက ဥပမာ မခိုင်ကိစ္စဆိုရင်လည်း ဖြစ်တာက အစိုးရနဲ့ သတင်းထောက်ဖြစ်တာ မဟုတ်ဘူး။ သတင်းသက်သက် သွားမေးရင်နဲ့ ဖြစ်တဲ့ကိစ္စမျိုးလည်း မဟုတ်ဘူး။ အဲဒီလောက်အထိ မရှင်းလင်းဘူးပေါ့။ ဒုတိယတခု အခု မကွေးတိုင်းမှာဖြစ်တဲ့ ကိစ္စဆိုရင်လည်း အဲဒီအတိုင်းပဲ။ ပညာရေးမှုးရုံးကို ကျနော်တို့ DVB သတင်းထောက်က သတင်းသွားမေးတယ်။ မေးတဲ့ဟာကို သူကနေ ပိုင်နက်ကျူးလွန်မှု။ ပြီးတော့ ဝတ္တရားနှောင့်ယှက်မှု အဲဒီလိုမျိုးနဲ့ ထောင်ချလိုက်တယ်ဆိုရင် ဒါက တမျိုးဖြစ်မယ်။ ဒါပေမဲ့ အဲဒီကိစ္စမှာ အဲဒီလိုမျိုး မဟုတ်ဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်တဲ့ သာမန်ပြည်သူတယောက်ကလည်း ပါသွားတယ်။ ပါသွားတော့ အဲဒီလူရဲ့ကိစ္စလား။ ကျနော်တို့ သတင်းထောက်ရဲ့ကိစ္စလားဆိုတာကတော့ အဲဒီမှာ မသဲကွဲဘူး။ ဒါပေမဲ့ သေချာတာတခုကတော့ အာဏာပိုင်တွေက ဖိနှိပ်တဲ့ ဥပဒေကို အသုံးပြုပြီးတော့မှ သူတို့ကို လာပြီးတော့ ဝေဖန်စမ်းစစ်တဲ့ဟာကို ထောင်ချလိုက်တယ်ဆိုတာကတော့ သေချာတယ်။ သတင်းထောက်မို့လို့ လုပ်လိုက်တယ် သက်သက်ဆိုတဲ့ဟာမျိုးကိုတော့ အဲဒီလိုမျိုးတော့ ကျနော် တဦးချင်းအနေနဲ့တော့ မမြင်မိဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ နိုင်ငံတကာကပေးတဲ့ အကူအညီကို အာဏာပိုင်တွေက ဘယ်လို ဖြန့်ဝေသုံးစွဲမလဲဆိုတဲ့ ကိစ္စကို သတင်းရယူဖို့ သွားတယ် ဟုတ်ပါတယ်နော် ကိုခင်မောင်ဝင်း။

ဦးခင်မောင်ဝင်း ။ ။ ဟုတ်ပါတယ်။ ဂျပန်နိုင်ငံကပေးတဲ့ ပညာရေးအကူအညီကိစ္စနဲ့ ပတ်သက်လို့ အဲဒါကို ဘယ်လိုများ အသုံးချမလဲဆိုတဲ့ကိစ္စကိုပါ။

ဦးကျော်ဇံသာ ။ ။ ဆရာစည်သူအောင်မြင့် က ဒီပြဿနာဟာ အများပြည်သူ သိသင့်သိထိုက်တဲ့ကိစ္စလို့ မယူဆနိုင်ဘူးလား။

ဦးစည်သူအောင်မြင့် ။ ။ အများပြည်သူ သိသင့်သိထိုက်တဲ့ ကိစ္စဆိုရင် သတင်းထောက်က သူဘာသာသူ သီးခြားလွတ်လပ်စွာနဲ့သွားဖို့ လိုတယ်။ ပထမတဆင့်မှာ ကြိုတင်ပြီးတော့ ခွင့်တောင်းခံတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့မဟုတ် ခွင့်မတောင်းခံနိုင်ရင်လည်း တစ်ယောက်တည်း သွားပြီးတော့ ဒီကိစ္စကို သိလိုပါတယ်။ ကျနော်ကို ဘယ်လိုဘာညာဆိုတဲ့နည်းနဲ့ အဲဒီနည်းနဲ့ ချဉ်းကပ်တာက ပိုပြီးတော့ ရှင်းလင်းတယ်။ သတင်းယူဖို့သွားတယ်ဆိုတဲ့ သဘောမျိုး။ အခုလောလောဆယ်ကိစ္စမှာတော့ အဲဒါနဲ့ ပတ်သက်လို့ မကျေမနပ်ဖြစ်နေတဲ့ ကျောင်းသားမိဘတစ်ယောက်ပါတယ်။ အဲဒီလူနဲ့ အတူတူလိုက်သွားတာ။ လိုက်ပြီးတော့မှ ဖြစ်ပေါ်လာတဲ့ ပြဿနာဆိုတဲ့အခါကြတော့ ကျနော် ဆိုလိုတာက အခုလို ဥပဒေကြောင်းအရ အရေးယူလိုက်တာ မှန်တယ်မှားတယ်ဆိုတာကို မဆိုလိုဘူး။ ဒါပေမဲ့ ဥပဒေအရ ဖိနှိပ်တယ်ဆိုရင်လည်း အကုန်လုံးကို ဖိနှိပ်တာ သတင်းထောက်ကိုကွက်ပြီးတော့ ဖိနှိပ်တာမဟုတ်ဘူးလို့ ကျနော်က ပြောချင်တာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သူတို့ မလာစေချင်တဲ့ သူတို့ကို မကျေနပ်ဖြစ်နေတဲ့ လူကို ပေးမဝင်နဲ့ပေါ့။ ဝင်ခွင့်မပေးနဲ့ပေါ့။ သတင်းထောက်ကို မှန်မှန်ကန်ကန် ဖြေကြားဖို့သင့်တာပေါ့။

ဦးစည်သူအောင်မြင့် ။ ။ မှန်ပါတယ်။ အဲဒါ မှန်ပါတယ်။

ဦးခင်မောင်ဝင်း ။ ။ ကျနော် ပြောချင်တဲ့အချက်က အဲဒါပါ။ အခု ဒုတိယပုဒ်မက (၄၄၈) ဆိုတာက ရာဇသတ်ကြီးပုဒ်မ - အဲဒါက ပိုင်နက်ကျူးလွန်မှုလို့ သူတို့က ပြောတယ်။ ပိုင်နက်ကျူးလွန်မှု အဓိပ္ပါယ်က တသီးပုဂ္ဂလိကအိမ်တွေကို ကျူးလွန်ရင် ပိုင်နက်ကျူးလွန်မှု။ အခုက အများပြည်သူနဲ့ သက်ဆိုင်တဲ့ အစိုးရရုံးတွေကို သတင်းထောက်ကဝင်ပြီးတော့ သတင်းမေးတဲ့ကိစ္စက ပိုင်နက်ကျူးလွန်မှု definition အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မကာမိဘူး။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ တရားစီရင်ရေးပိုင်း ပါဝင်လာပါပြီ။ ပညာရေးဝန်ထမ်းနဲ့ အရာရှိနဲ့ သတင်းထောက် ကိစ္စတင်မကတော့ဘူး။ ဆရာစည်သူအောင်မြင့် က တရားစီရင်ရေးပိုင်းကို ဘာပြောလိုပါသလဲ။ ဒီကိစ္စတွေမှာ အစိုးရနဲ့ တိုက်ရိုက်မဖြစ်တောင်မှ အာဏာပိုင်တွေနဲ့ ပတ်သက်တဲ့အပိုင်း ဖြစ်တာများပါတယ်။ တရားစီရင်ရေးဟာ ဘက်လိုက်မှုကင်းကင်းနဲ့ အမှန်အတိုင်း စီရင်တယ်လို့ ကျနော်တို့ ပြောနိုင်ပြီလား ခင်များ။

ဦးစည်သူအောင်မြင့် ။ ။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော့် တဦးချင်းအမြင်အရဆိုရင် တရားစီရင်လိုက်တာနဲ့ ပတ်သက်လို့ သူတို့ အမိန့်ချလိုက်တဲ့ မိတ္တူတွေ ဘာတွေက ကျနော်တို့ ယူလို့ရပါတယ်။ ယူလို့ရတော့ အဲဒါကို ရပြီးရင်တော့ ကျနော်တို့ ကောင်းကောင်းပြောနိုင်မယ်။ ရှေ့နေရှေ့ရပ်တွေနဲ့ သို့မဟုတ် တရားရေးဆိုင်ရာ နားလည်းတဲ့သူတွေနဲ့ မေးမြန်းပြီးရင် ဒီဟာကို အမိန့်ချလိုက်တဲ့ဟာက သတ်မှတ်ထားတဲ့ ဥပဒေနဲ့ တကယ်ကို ကိုက်ညီပြီး ချလား၊ မချလားဆိုတာကို ပြောလို့ရတယ်။ ကျနော်တို့ လုပ်နိုင်တာ (၂) ခုက ဘာလဲဆိုတော့ ဒီဟာက အာဏာပိုင်တွေရဲ့ ဖိအားပေးမှုကြောင့်လုပ်တဲ့ဟာလို့ ယူဆတယ်ဆိုရင် ဆက်ပြီးဖော်ထုတ်လို့ရတယ်။ အဲဒါက တချက်။ ဒုတိယတချက်က ဥပဒေကြောင်းအရလည်း မြို့နယ်ရုံးက အမိန့်ချလိုက်တယ်ဆိုရင် ခရိုင်ရုံးကို ဆက်ပြီးတော့မှ အယူခံဝင်လို့လည်းရတယ်။ အဲဒီနည်းနဲ့ ဆက်သွားဖို့သင့်တယ်လို့ ကျနော်ထင်တယ်။

ဦးခင်မောင်ဝင်း ။ ။ ကျနော် ကြားဖြတ်ပြောချင်ပါတယ်။ ဗမာပြည်မှာက အဲဒီလိုပေါ့ အုပ်ချုပ်ရေးပိုင်းက လွှမ်းမိုးမှုရှိတယ်လို့ ယူဆရတဲ့အမှုတွေမှာ ဘယ်တော့မှ အယူခံဝင်လို့လဲ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင် ရှေ့ကနေ အကြိမ်ကြိမ် သူမကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို ပြစ်ဒဏ်ချခံခဲ့ရတာတွေ ရှိတယ်။ အခုက အဲဒါမျိုးတွေ ပြန်ဖြစ်နေပြီလားလို့ ကျနော်က သံသယ ရှိနေတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းရယူတဲ့နေရာမှာ အခုလိုမျိုး ပြဿနာမျိုးတွေ ကြားရတော့ ဒါမျိုးတွေ မကြုံရအောင် သတင်းထောက်တွေ သတိထားရှောင်ကြဉ်ကြဖို့ အနည်းဆုံး သတိပေးတဲ့သဘောမျိုးတွေ ရှိနေသေးတယ်လို့တော့ ကျနော် တွက်မိတာပေါ့။ ဆရာစည်သူအောင်မြင့် ဘယ်လို သဘောရပါသလဲ။ သတင်းလွတ်လပ်ခွင့် အတိုင်းအတာ။

ဦးစည်သူအောင်မြင့် ။ ။ အဲဒီဥစ္စာနဲ့ ပတ်သက်လို့ကတော့ ကျနော် နားလည်းပါတယ်။ အာဏာပိုင်တွေ အသိုင်းအဝိုင်းဆိုတာက သတင်းလွတ်လပ်ခွင့်ကို ဘယ်တော့မှ ကြိုက်တယ်ဆိုတာ သူတို့ မရှိပါဘူး။ သူတို့ကလည်း သူတို့ပိုင်တဲ့ ဥပဒေကြောင်းဆိုင်ရာကနေ သူတို့ လုပ်ကြမှာပါပဲ။ အဲဒီအခါကြတော့ ကျနော်တို့ အကောင်းဆုံးလုပ်နိုင်တာတခုကတော့ ကျနော်တို့ စာနယ်ဇင်းကျင့်ဝတ်နဲ့ သတင်းယူရမယ်။ ပြီးတော့ ဥပဒေကြောင်းနဲ့ သတင်းယူဖို့ ကြိုးစားရမယ်။ အဲဒီကြားထဲမှာမှ ဖြစ်လာတယ်ဆိုရင် အာဏာကို အသုံးပြုပြီးတော့ ဥပဒေကြောင်းအရ လိုသလို ပုံသွင်းတယ်ဆိုရင်လည်း အဲဒါကို ကျနော်တို့ ဖော်ထုတ်ရမယ်။ ဖွင့်ချရမယ်။ အဲဒီနည်းနဲ့ သွားရင်တော့ ရနိုင်မယ်လို့တော့ ထင်ပါတယ်။ အခု ကျနော်တို့က အရင်တုန်းထက်စာရင်တော့ အများကြီး ခြားနားသွားပြီ။ အခုလို လုပ်တဲ့ဟာကို ကျနော်တို့ လေလှိုင်းကနေ ပြောရုံမကဘူး။ ဒီနေ့ထွက်တဲ့ သတင်းစာတွေထဲမှာ အကုန်လုံးရေးနိုင်ပြီ။ လုံးဝဝေဖန်လို့လည်း ရနေပြီ။ ဒါက တရားစီရင်ရေးက မှန်တယ်မှားတယ် ပြောလို့လည်း ရနေပြီ။ ဆိုတော့ အဲဒီဟာကို အသုံးချပြီးတော့ ဆက်ပြီးတော့သွားဖို့လိုတယ်။ သတင်းထောက်တွေဖက်ကလည်း လိုတာက ပုဂ္ဂိုလ်ရေးတွေ၊ personal တွေ တခြားဟာတွေ မရောမထွေးဘဲနဲ့ ကျနော်တို့ အလုပ်တာဝန်ကို သေချာထမ်းဆောင်တယ်ဆိုရင်တော့ နိုင်ငံတကာရဲ့ အားပေးကူညီမှုတွေရမယ်။

ဦးခင်မောင်ဝင်း ။ ။ ကျနော် ကြားဖြတ်ပြောချင်တာက အခု ပြစ်ဒဏ်ချခံရတဲ့ကိစ္စက ကိုစည်သူအောင်ရဲ့ ပြောဆိုချက်နဲ့ လွှဲပါတယ်။ ဘာမှ ပုဂ္ဂိုလ်ရေးကိစ္စလည်း မဟုတ်ပါဘူး။ အများပြည်သူကို ဖိနှိပ်တဲ့ကိစ္စကို ဝင်ပြီးတော့ သတင်းမေးရင်နဲ့ မတရားထောင်ချခံရတဲ့ကိစ္စ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးကိစ္စ လုံးဝမပါပါဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်တော့ သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားခြင်းဟာ ပြည်သူတွေသာမက အစိုးရတွေ၊ အာဏာပိုင်တွေလည်း ဆုံးရှုံးတယ်ဆိုပြီးတော့ Government is also a loser. ဒီမိုကရေစီ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ သတင်းသမားတွေ၊ အာဏာပိုင်တွေက ဒီလို လက်ခံကြပါတယ်။ ဒီဟာကို မြန်မာနိုင်ငံက အာဏာပိုင်တွေ၊ အစိုးရတွေ၊ ပြည်သူတွေ၊ သတင်းသမားတွေ အားလုံး သိကြပါရဲ့လား။ ဘာကြောင့်လဲဆိုတော့ သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုရင် သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ထားတယ်ဆိုကတည်းက အာဏာပိုင်တွေ ပြောလာတဲ့သတင်းဟာ သူတို့လိုချင်တဲ့ဖက်က ပြောခြင်းသာဖြစ်တယ်ကို လူတိုင်းသိပါတယ်။ ဆိုတော့ ပြည်သူက မယုံဘူး။ အာဏာပိုင်တွေက အမှန်တရားကို လူထုသိစေချင်လို့ တစုံတရာ ပြောလာရင်လည်း အဲဒီစကားကို လူတွေက မယုံတော့ဘူး။ ဒါဟာ လက်ငင်း အာဏာပိုင်တွေ ဆုံးရှုံးရတဲ့ကိစ္စတခု ဖြစ်ပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိတဲ့အတွက်ကြောင့် ဒါကိုကော မြန်မာနိုင်ငံက အာဏာပိုင်တွေ သိကြပါရဲ့လား။ အဲဒီ အသိမျိုးဝင်ကြပြီလို့ ဆရာစည်သူအောင်မြင့် က ယူဆလား။

ဦးစည်သူအောင်မြင့် ။ ။ သူတို့ အဲဒီလိုမျိုး မဝင်သေးဘူး။ အခုလောလောဆယ် စာနယ်ဇင်း လွတ်လပ်ခွင့်ရလာတယ် ဆိုတဲ့ဟာက အများကြီး ၂၀၁၁ နောက်ပိုင်းမှာ ဦးသိန်းစိန် သမ္မတလုပ်တဲ့ သက်တမ်းကာလမှာ တိုက်ပွဲဝင်ပြီးတော့မှ ရလာတာ။ သူတို့က သေသေချာချာ ဒါကို ပေးသင့်တယ်။ ဒါကို ပေးလိုက်တယ်ဆိုရင် တိုင်းသူပြည်သား အကျိုးရှိတယ်။ တို့အတွက်လည်း အကျိုးရှိတယ်ဆိုပြီးတော့ ပေးခဲ့တာ တခုမှ မရှိဘူး။ အကုန်လုံးက မပေးမဖြစ်လို့ တိုက်ပွဲတွေဘာတွေနဲ့ ဝင်ပြီးတော့ ရလာတဲ့အခွင့်အရေးတွေ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ရင် သူတို့ မသိသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့ သတင်းလောကသားတွေအားလုံးဟာ တညီတညွှတ်တည်း ဦးတည်ပြီးတော့ လှုပ်ရှားနေကြတဲ့သဘော တွေ့ရပါသလား။ သို့တည်းမဟုတ် အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီးတော့ အလွမ်းသင့်ရာ လုပ်စားတဲ့ဟာတွေ ဘယ်လောက်များ ရှိနေပါသလဲခင်များ။

ဦးစည်သူအောင်မြင့် ။ ။ ကျနော်တို့ဆီမှာတော့ အဲဒါတွေက ပြဿနာတွေ အများကြီး ရှိနေတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရှေ့ပိုင်းမှာ ရှိခဲ့တဲ့ စစ်အစိုးရကနေ ဒီလောကကို အရမ်းကြီး ဖိနှိပ်ထားခဲ့တယ်ဆိုတော့ ဒါကြီးပြန်ပြီး ရှင်သန်လာဖို့ normal ဖြစ်လာဖို့ကို ကျနော်တို့ အများကြီး ကြိုးစားနေရတဲ့အချိန်။ အဲဒီလိုမျိုး အခြေအနေအောက်မှာတော့ သတင်းထောက်တွေက ညီညီညွှတ်ညွှတ်နဲ့ စနစ်တကျနဲ့ သွားဖို့ဆိုတာကတော့ အများကြီး ခက်ခဲနေသေးတယ်။ အများကြီး ကိုယ့်ကိုယ်ကိုလည်း တည်ဆောက်ရမယ့်ဟာတွေက တော်တော်လေး လိုအပ်နေသေးတယ်။

ဦးခင်မောင်ဝင်း ။ ။ အခက်ခဲဆုံးကိစ္စကို ကျနော် ပြောချင်တယ်။ အခက်ခဲဆုံးကိစ္စက လက်ရှိအစိုးရက ပုံနှိပ်မီဒီယာနဲ့ ပြဌာန်းတဲ့ ဥပဒေတွေကလည်း ပြတော့ပြဌာန်းလိုက်တာပဲ။ ဘာဖြစ်လဲဆိုတော့ အစိုးရသတင်းစာတွေကြတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်ထားတယ်။ ပြီးတော့မှ ပုဂ္ဂိလကသတင်းစာတွေကို ထုတ်ခွင့်ပေးလိုက်တယ်။ ပုဂ္ဂိလကသတင်းစာတွေက အစိုးရသတင်းစာတွေကို ဘယ်လိုမှ ယှဉ်လို့မရဘူး။ ဒါကြောင့် ပုဂ္ဂလိကသတင်းစာတွေ အကုန်လုံး သေနေကြတယ်။ အဲဒီလိုပဲ အသံလွှင့်မီဒီယာလောကမှာလည်း အဲဒီလို ဖြစ်လာလိမ့်မယ်လို့ ယူဆတယ်။ ရွှေသံလွှင်၊ SkyNet, Forever Group, MRTV4 အဲဒါကြတော့ လုပ်ပိုင်ခွင့်တွေ ရနေကြတယ်။ နောက်လာမယ့် လူတွေကြတော့ လိုင်စင်အသစ်ကို စောင့်ပါတယ့်။ ဆိုတော့ အဲဒီလိုမျိုး မတရားမှုတွေ ရှိနေတဲ့ မီဒီယာလောကကြီး ဖြစ်နေပါတယ်။