ပြုပြင်ရေးလုပ်လို့ မြန်မာ့စီးပွားရေး တိုးတက်လာတာနဲ့အတူ ကုန်ဈေးနှုန်းလည်း ကြီးမြင့်လာဦးမှာမို့ ပြည်သူလူထုအများစုရဲ့ နေထိုင်စရိတ် ကြီးမားလာဦးမယ်လို့ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တို့က မကြာမီက ခန့်မှန်းကြပါတယ်။ စီးပွားရေးအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် ကုန်ဈေးနှုန်း တက်တာဟာ ဓလေ့ထုံးစံလို ဖြစ်နေပါတယ်။ ၁၉၈၆ ခုနှစ်မှာ ရန်ကုန်နေ မိသားစု ၅ ဦးရဲ့ လစဉ်အိမ်သုံးစရိတ်ဟာ ကျပ် ၁,၀၀၀ ရှိရာက ၂၀၀၁ ရောက်တော့ ကျပ် ၄၀,၀၀၀ နီးပါး ရှိလာတယ်လို့ ၂၀၁၁ က နေပြည်တော်မှာ ဖတ်ကြား တဲ့ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဖော်ပြထားပါတယ်။
ဗမာစစ်အစိုးရခေတ် ပထမ ၁၅ နှစ်မှာ လစဉ်စားစရိတ် ၃၇ ဆ ထိုးတက်သွား တာ ဖြစ်ပါတယ်။ နောက်တော့ ၂၀၀၁ ကစပြီး အနည်းဆုံး ၅% က အများဆုံး ၅၀% အထိ နှစ်စဉ်ကုန်ဈေးနှုန်း ကြီးမားလာတာ တွေ့ရပါတယ်။ အမြဲတမ်း ကုန်ဈေးနှုန်းမြင့်တက်ပြီး ငွေကြေးဖောင်းပွရတဲ့ အခြေခံအကြောင်းရင်းက အစိုးရအသုံးစရိတ်မှာ ငွေလိုတိုင်း ငွေစက္ကူတွေကို ရိုက်ထုတ်သုံးစွဲနေလို့ ဖြစ်ပါတယ်။ အစိုးရအသုံးစရိတ်မှာ လိုငွေပြနေတာကလည်း ဒီနှစ်အပါအဝင် ၅၂ နှစ် ရှိပါပြီ။ နိုင်ငံရဲ့ နှစ်စဉ်အသားတင် ထုတ်လုပ်မှုတန်းဖိုးရဲ့ ၅% ကျော်လောက် နှစ်စဉ်လိုငွေပြနေတာ ဖြစ်ပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အာဏာသိမ်းပြီး ၁၉၇၄ ခုနှစ်မှာ မဆလစစ်အစိုးရဖွဲ့တဲ့အခါ တိုင်းပြည်မှာ လည်ပတ်နေတဲ့ ကျပ်ငွေပမာဏဟာ သန်း ၃,၀၀၀ ကျော် ရှိပါ တယ်။ နောင် ၁၀ နှစ်ကြာတော့ လေးဆတိုးပြီး သန်း ၁၂,၀၀၀ ကျော် ဖြစ်လာပါတယ်။ ၁၉၈၇ ခုနှစ်မှာ တတိယအကြိမ် ငွေစက္ကူတွေ ရုတ်သိမ်းလို့ လည်ပတ်တဲ့ ငွေပမာဏ သန်း ၉,၀၀၀ ကျော်အထိ ကျဆင်း သွားပေမယ့် ငွေစက္ကူသစ်တွေ များလာလို့ ၁၉၈၉ ခုနှစ်မှာ လည်ပတ် တဲ့ ငွေပမာဏဟာ သန်း ၂၀,၀၀၀ ကျော် ရှိပါတယ်။ ဒါပေမဲ့ အစိုးရအမှုထမ်းတွေကို လစာ သုံးဆကျော် တိုးပေးတာမို့ စစ်အစိုးရတက်လာပြီး သုံးနှစ်အတွင်း စားသုံး ကုန်ဈေးနှုန်း ခြောက်ဆ တက်သွားပါတယ်။ စစ်အစိုးရ အနှစ် ၅၀ ကျော် အုပ်ချုပ်စဉ် မှာ နှစ်စဉ်လိုငွေ ပြပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတဲ့ နိုင်ငံမှာ အစိုးရ အသုံးစရိတ် ဆက်တိုက်လိုငွေပြတာဟာ မကောင်းတဲ့လက္ခဏာ ဖြစ်ပါတယ်။
ဗမာငွေစက္ကူကို အရှေ့ဂျာမဏီမှာ ရိုက်ထုတ်ခဲ့ရာက ၁၉၇၂ ခုနှစ်ရောက်တော့ ပြည်တွင်းမှာ ရိုက်နှိပ်သုံးစွဲလာပါတယ်။ ၁၉၇၂ ခုနှစ်ကနေ ၁၉၈၇ ခုနှစ်အထိ ရိုက်ထုတ်တဲ့ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါတာ တွေ့ရပါ တယ်။ ဒါပေမဲ့ ၁၉၉၄ ခုနှစ်ကစပြီး ရိုက်ထုတ်တဲ့ ငွေစက္ကူတွေမှာတော့ ဗိုလ်ချုပ်အောင်ဆန်း မပါတော့ပါဘူး။ သမီးဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံလို့ ဦးအောင်ဆန်းရဲ့ ရုပ်ပုံလွှာငွေစက္ကူမှာ မပါတော့ တာ ဖြစ်ပုံရပါ တယ်။ ငွေကြေးအဆမတန် ဖောင်းကြွလာတဲ့အတွက် ၂၀၀ တန် ၅၀၀ တန်၊ ၁,၀၀၀ တန်တွေကိုလည် ရိုက်နှိပ်သုံးစွဲလာပါတယ်။ ငွေစက္ကူတွေ တန်ဖိုး ကျလာတဲ့အခါ ၂၀၀၉ ခုနှစ်မှာ ၅,၀၀၀ တန်ရိုက်နှိပ်ပြီး ၂၀၁၂ မှာ ၁၀,၀၀၀ တန် ရိုက်ထုတ်ပါတယ်။ ၁၀၀ တန် ငွေစက္ကူဟာ အနှစ် ၅၀ ကြာလာတဲ့အခါမှာ ၁၀,၀၀၀ တန်အဖြစ် အသွင်ပြောင်းသွားတဲ့ သဘောမျိုးပါပဲ။
၁၉၈၉ ခုနှစ်မှာ လည်ပတ်တဲ့ ကျပ်ငွေသန်း ၂၀,၀၀၀ ရှိရာက အနှစ် ၂၀ ကျော်ကြာ တဲ့အခါ ၂၀၁၁ မှာ သန်းပေါင်း ၇,၀၀၀,၀၀၀ ရှိလာတာကို ဗဟိုဘဏ် အစီရင်ခံစာ မှာ တွေ့နိုင်ပါတယ်။ စစ်အစိုးရခေတ်မှာ လည်ပတ်တဲ့ ငွေပမာဏ အဆပေါင်း ၃၀၀ ကျော် တိုးပွားသွားပါတယ်။ ငွေလိုတိုင်း ရိုက်နှိပ်သုံးစွဲတာကြောင့် တိုင်းပြည်မှာ လည်ပတ်တဲ့ငွေကြေးပမာဏ အဆမတန် များလာပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတော့ ပြည်တွင်းဈေးနှုန်းနဲ့ ငွေကြေးစနစ် တည်ငြိမ်ရေးအတွက် ရည်ရွယ်ပြီး လုပ်ငန်းတာဝန်တွေကို လွတ်လပ်စွာ ဆောင်ရွက်နိုင်အောင် ၂၀၁၃ ဇူလိုင်လ မှာ ပြည်ထောင်စုလွှတ်တော်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ကို ပြဌာန်းပါတယ်။ ဒါကြောင့် ဗဟိုဘဏ်ဟာ ဝန်ကြီးဌာနရဲ့ လက်အောက်ခံဌာနခွဲ မဟုတ်တော့ဘဲ လွတ်လပ်ပြီး ဒါရိုက်တာအဖွဲ့က စီမံခန့်ခွဲတဲ့ သီးခြား အဖွဲ့အစည်း ဖြစ်လာပါတယ်။
စီးပွားရေးတည်ငြိမ်အောင် သီးခြားလွတ်လပ်တဲ့ ဗဟိုဘဏ်ရှိဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့တို့ကလည်း ယုံကြည်ပါတယ်။ ဒါပေမဲ့ တခြားအာဏာပိုင်အဖွဲ့တွေ လွှမ်းမိုးနေတဲ့ တိုင်းပြည်မှာ ဗဟိုဘဏ်ကို အာဏာပိုင်အဖွဲ့ဖြစ်အောင်လုပ်ဖို့ ခက်ခဲကြောင်း ဇင်ဘာဘွေနိုင်ငံက သက်သေပြနေ ပါတယ်။ ဇင်ဘာဘွေ ဗဟိုဘဏ် မလွတ်လပ်ခင်က ငွေကြေးဖောင်းကြွနှုန်းဟာ ၂၀% သာ ရှိခဲ့ပေမယ့် ၁၉၉၅ ခုနှစ်မှာ လွတ်လပ်သွားတဲ့အခါ အဆပေါင်း များစွာ ငွေကြေးဖောင်းကြွလာပါတယ်။ ငွေစက္ကူ သန်းတစ်ရာတန်နဲ့ သန်းတစ်သန်း တန် ရိုက်ထုတ်ရတဲ့အထိ ပုံပျက်ပန်းပျက် ဖြစ်လာပါတယ်။
ငွေစက္ကူကို အဆမတန် ရိုက်နှိပ်သုံးစွဲတာဟာ ငွေကြေးဖောင်းကြွပြီး ကျပ်ငွေတန်းဖိုး ကျဆင်းရတဲ့ အခြေခံအကြောင်းရင်း ဖြစ်ပါတယ်။ ကုန်ပစ္စည်းဈေးနှုန်းကြီးလို့ အရင်းအနှီးများလာတုန်းမှာ သက်ဆိုင်ရာကို လာဘ်ပေးရတဲ့အတွက် ကုန်ကျစရိတ် ကာမိအောင် ဈေးတင်ရတာဟာလည်း ငွေကြေးဖောင်းကြွရတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။ ငွေကြေးဖောင်းကြွမှုနှုန်း မြင့်မားတဲ့နိုင်ငံဟာ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် ကျဆင်းပါတယ်။ ကုန်ဈေးနှုန်း မတည်ငြိမ်တဲ့အတွက် စီးပွားရေးမှာ မရေရာ၊ မသေချာ မှုတွေ များလာပါတယ်။ ငွေကြေးဖောင်းကြွတဲ့ဒဏ်ကို အခွင့်ထူး ခံတွေ၊ ကျောက်သေဌေးနဲ့ မှောင်ခိုလုပ်ငန်းရှင်တွေကသာ ခံနိုင်ရည်ရှိကြပြီး သာမန်ပြည်သူလူထုဟာ ကြာလေ စားဝတ်နေရေး ကျပ်တည်းလေ ဖြစ်နေပါတယ်။