ငွေမဲခဝါချမှု နဲ့ မူးယစ်ဆေးထုတ်လုပ်မှု

ဥပဒေမဲ့လုပ်ငန်းကရတဲ့ ငွေမဲကို တရားဝင်ငွေဖြစ်အောင် ခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်းကို ဘဏ္ဍာငွေထောက်ပံ့မုကို ပိတ်ပင်ဖို့ကြိုးပမ်းရာမှာ ဗမာအစိုးရနဲ့ ပူးတွဲဆောင်ရွက်မယ်လို့ လွန်ခဲ့တဲ့ ဒီဇင်ဘာ (၁၀) ရက်နေ့က ရန်ကုန်အင်္ဂလိပ်သံရုံးက ကြေညာပါတယ်။ သက်ဆိုင်ရာ ဝန်ထမ်းတွေကို ဗြိတိန်အခြေစိုက် Governance and Risk အဖွဲ့က သင်တန်းပေးမယ့် အစီအစဉ်ဖြစ်ပါတယ်။ ရှေ့လမှာ အလုပ်ရုံဆွေးနွေးပွဲ (၅) ရက် ကျင်းပမယ်လို့ သိရပါတယ်။ ငွေမဲခဝါချမှု တိုက်ဖျက်တဲ့ ဗမာအစိုးရ ဆောင်ရွက်ချက်ကို အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ လက်ခံနိုင်တဲ့အဆင့်အထိ ရောက်လာအောင်လုပ်ဖို့ ရည်ရွယ်ပုံရပါတယ်။

ဦးသိန်းစိန်အစိုးရဟာ ပြုပြင်ရေးတွေလုပ်နေပေမယ့် ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်လုပ်ငန်း ငွေကြေးထောက်ပံ့မှုကို ဟန့်တားရာမှာ အားနည်းနေသေးတယ်လို့ ပဲရစ်အခြေစိုက် FATF - Financial Action Task Force က လွန်ခဲ့တဲ့ အောက်တိုဘာ က သတင်းထုတ်ပြန်ပါတယ်။ FATF ကို အင်အားကြီးနိုင်ငံ (၇) နိုင်ငံက ၁၉၈၉ မှာ ဖွဲ့စည်းစဉ်က ငွေမဲခဝါချသူစာရင်းမှာ (၁၆) နိုင်ငံရှိပါတယ်။ (၁၅) နှစ်ကြာတော့ မြန်မာတဦးသာ ကျန်နေပြီး ၂၀၀၆ ရောက်မှ ငွေမဲခဝါချသူစာရင်းက မြန်မာကို ပယ်ဖျက်ပါတယ်။ ဒါပေမဲ့ ငွေမဲခဝါချမှု ကင်းရှင်းတယ်လို့ သတ်မှတ်တာမဟုတ်ဘဲ စောင့်ကြည့်ခံရတဲ့အဆင့်မှာထားတာ ဖြစ်ပါတယ်။

မူးယစ်ဆေးထုတ်လုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်နဲ့ အပစ်အခတ်ရပ်စဲပြီး မကြာမီပေါ်ထွက်လာတဲ့ ပုဂ္ဂလိကဘဏ်တွေနဲ့အတူ ငွေမဲခဝါချမှု ရှိလာပါတယ်။ ၂၀၀၂ မှာ ပုဂ္ဂလိကဘဏ် ၂၁ ခုရှိနေပါပြီ။ ဒီထဲမှာ ငွေကြေးတောင့်တင်းပြီး ထင်ရှားတဲ့ဘဏ် (၅) ခုသာ ရှိပါတယ်။ အာရှဓနဘဏ်၊ Mayflower ဘဏ်၊ ရိုးမဘဏ်၊ ကမ္ဘောဇဘဏ် နဲ့ Universal ဘဏ် ဖြစ်ပါတယ်။ စစ်အစိုးရဟာ ငွေမဲခဝါချမှုကို ဟန့်တားတဲ့ ဥပဒေပြဌာန်းထားပေမယ့် လက်တွေ့မှာ ထိရောက်မှုမရှိလို့ မြန်မာပြည်ဟာ ငွေမဲခဝါချရာမှာ ထင်ရှားလာပါတယ်။ ဆိုးဝါးလာတဲ့ ငွေမဲခဝါချမှုကို တင်းကျပ်စွာ အရေးယူဖို့ (၂၀၀၃) နိုဝင်ဘာလဆန်းမှာ FATF အဖွဲ့က စစ်အစိုးရကို တိုက်တွန်းပါတယ်။ နောက် နှစ်ပတ်လောက်ကြာတော့ Mayflower ဘဏ်နဲ့ အာရှဓနဘဏ်ကို ငွေမဲခဝါချတဲ့ဘဏ်တွေအဖြစ် အမေရိကန်က အရေးယူလိုက်ပါတယ်။

ငွေကြေးခဝါချမှု ချုပ်ကိုင်ရေးဥပဒေကို ၂၀၀၂ ဇွန်လမှာ စစ်အစိုးရပြဌာန်းတော့ အခြေအနေဆိုးဝါးနေပြီ ဖြစ်ပါတယ်။ နောက်တနှစ်ခွဲကြာတဲ့အခါ ၂၀၀၃ ဒီဇင်ဘာမှာ ရှမ်းတရုတ် ဦးကျော်ဝင်းပိုင်တဲ့ Mayflower ဘဏ်နဲ့ ကိုးကန့်တရုတ် ဦးအိုက်ထွန်းပိုင်တဲ့ အာရှဓနဘဏ်ကို ငွေမဲခဝါချမှုနဲ့ အမေရိကန်က အရေးယူတဲ့အတွက် ဘဏ်နှစ်ခုစလုံး ပိတ်လိုက်ရပါတယ်။ ဒီဘဏ်တွေဟာ မူးယစ်ဆေးကရတဲ့ မသမာငွေကြေးနဲ့ ဆက်စပ်နေတယ်လို့ ယူဆပါတယ်။ ၂၀၀၄ ဇန်နဝါရီလကစပြီး ငွေကြေးခဝါချမှုကို ဥပဒေနဲ့အညီ တားဆီးကြဖို့ ဗဟိုဘဏ်က ညွှန်ကြားချက်တွေ ထုတ်ပါတယ်။ ဒါပေမဲ့ ၂၀၀၆ အထိ မြန်မာကို ငွေကြေးခဝါချတဲ့နိုင်ငံအဖြစ် FATF အဖွဲ့က သတ်မှတ်ထားပါတယ်။ အာရှဓနဘဏ်ကို တည်ထောင်သူ ဦးအိုက်ထွန်းဟာ ၂၀၀၄ မှာ ရွှေတောင်ကုမ္ပဏီကိုတည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြှုပ်နံှပါတယ်။

ရွှေတောင်ကုမ္ပဏီဟာ လာမယ့် (၅) နှစ်အတွင်း ဒေါ်လာသန်း (၅၀၀) ကျော် ရင်းနှီးမြှုပ်နံှဖို့ စီမံကိန်းချထားကြောင်း သိရပါတယ်။ အခွင့်ထူးခံ ခရိုနီစီးပွားရေး၊ အဂတိလိုက်စားမှု၊ ငွေမဲခဝါချမှု၊ မူးယစ်ဆေးလုပ်ငန်း စတာတွေနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေ ဆက်သွယ်ပုံကို စုံစမ်းစစ်ဆေးပြီး အရေးယူဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ ငွေမဲခဝါချမှုကို တိုက်ဖျက်ရေးမှာ ဗမာအစိုးရကို ကူညီဖို့ ဗြိတိသျှသံရုံးက ကြေညာပြီး နောက်တရက် ဒီဇင်ဘာ (၁၁) ရက်နေ့မှာ မြန်မာပြည်မှာ ဘိန်းအထွက် (၂၆) ရာခိုင်နှုန်း တိုးပွားကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးနဲ့ မူခင်းဌာနက ကြေညာပါတယ်။ ဘိန်းစိမ်းတန်ချိန် ၈၅၀ ကျော် ထုတ်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။ မူးယစ်ဆေးထုတ်လုပ်မှုနဲ့ အခြားမှောင်ခိုဒုစရိုက်လုပ်ငန်းတွေကြောင့် ပေါများလာတဲ့ မသမာငွေကြေးကို ခဝါချပြီး တရားဝင်ငွေဖြစ်အောင် လုပ်သူတွေလည်း များပြားလာပါတယ်။

ဘိန်းဘုရင် လော်စစ်ဟန်နဲ့ ခွန်ဆာတို့ခေတ်ကလိုပဲ အစိုးရတပ်နဲ့ ပြည်သူ့စစ်ဟာ ဘိန်းလုပ်ငန်းမှာ စီးပွားရှာနေတုန်း ဖြစ်ပါတယ်။ ဒုစရိုက်လုပ်ငန်းကရတဲ့ငွေကို ခဝါချပြီး တရားဝင်အောင် လုပ်တာဟာ အစဉ်အလာလို ဖြစ်နေပါတယ်။ မြန်မာ့ဘဏ်လုပ်ငန်း ဖွံဖြိုးတိုးတက်မှု မရှိတဲ့အတွက် ငွေမဲခဝါချမှုကို ထိန်းချုပ်နိုင်တဲ့ အခြေအနေမရှိသေးတာလို့ မြန်မာ့စီးပွားရေးလေ့လာသူ ဘောဂဗေဒပညာရှင် ပါမောက္ခ Sean Turnell က ဆိုပါတယ်။ ဒါကြောင့် နိုင်ငံခြားအကူအညီ လိုနေတာပါ။ ဘဏ်လုပ်ငန်း ထိန်းချုပ်ကွပ်ကဲရေးနဲ့ ပတ်သက်ပြီး Standard Chartered Bank - Prudential အာမခံနဲ့ မြန်မာ့ဘဏ်လုပ်ငန်းက ထိပ်တန်းအရာထမ်းတွေ ဒီဇင်ဘာ (၄) ရက်နေ့က အလုပ်ရုံဆွေးနွေးပွဲ ကျင်းပကြောင်း သိရပါတယ်။

မြန်မာပြည်မှာ လှုပ်ရှားနေတဲ့ အင်္ဂလိပ်ပိုင် Standard Chartered Bank ဟာ စည်းကမ်းဖျက်မှုနဲ့ အမေရိကန်မှာ ဒဏ်ငွေပေးဆောင်ခဲ့ရပါတယ်။ အမေရိကန် ဒဏ်ခတ်အရေးယူထားတဲ့ မြန်မာ၊ အီရန်၊ ဆူဒန် နဲ့ လစ်ဗျားနိုင်ငံက ဒေါ်လာတွေကို အမေရိကန်ဘဏ္ဍာရေးစနစ်ကတဆင့် လွှဲပြောင်းတဲ့အမှု နဲ့ ဒေါ်လာသန်း (၆၅၀) ကျော် အမေရိကန်မှာ ဒဏ်ငွေပေးဆောင်ခဲ့ရကြောင်း လွန်ခဲ့တဲ့ မတ်လ (၂၆) ရက်နေ့ထုတ် Forbes စာစောင်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ဥပဒေစည်းမျဉ်းဖောက်ဖျက်ရင် ဘယ်လိုဖြစ်နိုင်တယ်ဆိုတာ မြန်မာ့ဘဏ်တွေ နားလည်းအောင်ကို သင်ခန်းစာပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။