မြန်မာ့ဘဏ်လုပ်ငန်း နှင့် ငွေကြေးခဝါချမှု

ကမ္ဘောဇဘဏ်၊ ရန်ကုန်

မြန်မာအစိုးရဟာ ငွေကြေးခဝါချမှု ချုပ်ကိုင်ရေးဥပဒေ ပြဌာန်းပြီး မဟာဗျူဟာနည်းဗျူဟာတွေ သုံးနေပါတယ်လို့ ကြွေးကြော်နေပေမဲ့ လက်တွေ့လုပ်ကိုင်ရာမှာ ထိရောက်မှု နည်းနေသေးတယ်လို့ ပဲရစ် (Paris) အခြေစိုက် FATF - Financial Action Task Force က လွန်ခဲ့တဲ့ ဇွန်လက ကြေညာပါတယ်။ ငွေကြေးကိစ္စမှာ သိသာမြင်သာဖို့နဲ့ FIU - Financial Intelligence Unit ငွေကြေးစုံစမ်းထောက်လှမ်းရေးအဖွဲ့အနေနဲ့ ထိရောက်စွာ လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်းကိုလည်း FATF ကြေညာချက်မှာ ဖော်ပြပါတယ်။ မြန်မာပြည်မှာ ငွေမဲခဝါချမှု ရှိနေပေမဲ့ စုံစမ်းစစ်ဆေး တိုက်ဖျက်ရေးဘက်မှာ အားနည်းနေသေးတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

FATF ကြေညာချက်ထုတ်ပြန်ပြီး (၂) လကြာတဲ့အခါ ငွေမဲခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တဲ့ကိစ္စ တိုက်ဖျက်ရေးကို ပီပီပြင်ပြင် လုပ်တော့မယ်အကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့က သြဂုတ်လ (၂၂) ရက်နေ့က ကုန်သည်နဲ့ စစ်မှုထမ်းအသင်းချုပ်မှာ ရှင်းပြပါတယ်။ လွှတ်တော်မှာ မတ်လ (၁၄) ရက်နေ့က ပြဌာန်းတဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေကို ရှင်းပြရင် ဒီဥပဒေနဲ့ ငြိစွန်းတဲ့လူဆိုရင် ဝန်ကြီးတင်မကဘူး၊ ဝန်ကြီးထက်အဆင့်မြင့်သူကိုလည်း အရေးယူမယ်လို့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ဝင်အချို့က ကြိမ်းဝါးသွားပါတယ်။

ပုဂ္ဂလိကဘဏ်တွေကို ၁၉၉၂ ခုနှစ်မှာ တည်ထောင်ခွင့်ပြုတဲ့ အချိန်ကစပြီး ငွေမဲခဝါချမှု တိုက်ဖျက်ရေး ဥပဒေပြဌာန်းတာ (၂) ကြိမ် ရှိသွားပါပြီ။ ဘိန်းမှောင်ခိုအဖြစ် နာမည်ထွက်နေတဲ့ ကိုးကန့်တရုတ် ဦးအိုက်ထွန်းရဲ့ အာရှဓနဘဏ်၊ ရှမ်းတရုတ် ဦးကျော်ဝင်း တည်ထောင်တဲ့ Mayflower ဘဏ်နဲ့ ဝလက်နက်ကိုင်နဲ့ အဆက်အသွယ်ရှိသူ ရှမ်းအမျိုးသား ဦးတင်စိန် တည်ထောင်ထားတဲ့ Universal ဘဏ်တွေဟာ ကနဦး တည်ထောင်တဲ့ဘဏ်တွေဖြစ်ပြီး ငွေကြေးခဝါချတဲ့ ဘဏ်တွေအဖြစ် လူသိများပါတယ်။ ဘဏ်လုပ်ငန်း နာမည်ပျက်လွန်းလို့ ၂၀၀၂ မှာ တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနဲ့ ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေကို ပြဌာန်းပါတယ်။ ဒီ ဥပဒေအတိုင်းအရေးယူရင် အစိုးရယန္တရားမှာ ပါဝင်သူအားလုံးကို အရေးယူရမလို ဖြစ်နေပါတယ်။ ဒါကြောင့် ၂၀၀၂ ဥပဒေကို ဝါဒဖြန့်ဖို့အတွက် ပြဌာန်းတာ ထင်ရှားပါတယ်။

ဈေးကွက်ခေတ် ပုဂ္ဂလိကဘဏ် တည်ထောင်ခွင့်ပေးချိန်မှာ ငွေရင်းထုတ်နိုင်သူဟာ ဘိန်းမှောင်ခိုနဲ့ အခွင့်ထူးခံ ခရိုနီတွေ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တည်ထောင်တဲ့ဘဏ်မှာ ငွေကြေးခဝါချတာ မထူးဆန်းပါဘူး။ ငွေကြေးခဝါချမှု ချုပ်ကိုင်ရေးဥပဒေကို ၂၀၀၂ မှာ ပြဌာန်းတော့ အခြေအနေ အတော်ဆိုးနေပါပြီး။ အာရှဘဏ်နဲ့ Mayflower ဘဏ်တွေကို ငွေမဲခဝါချတဲ့ လုပ်ငန်းအဖြစ် အမေရိကန်က အရေးယူလို့ ၂၀၀၃ မှာ ပိတ်လိုက်ရပါတယ်။ ဝ ခေါင်းဆောင် ဘိန်းမှောင်ခိုသမား ဝေဆူကိုင်နဲ့ အဆက်အသွယ်ရှိသူလို့ ယူဆကြတဲ့ ရှမ်းအမျိုးသား ဦးတင်စိန်ရဲ့ Universal ဘဏ်ကိုလည်း ငွေမဲခဝါချလုပ်ငန်းအဖြစ် သတ်မှတ်ကြပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ နီးစပ်သူဖြစ်လို့ ဗိုလ်ချုပ်ကြီးပြုတ်တော့မှ ၂၀၀၅ သြဂုတ်လမှာ Universal ဘဏ်ကို စစ်တပ်က ဝင်စီးပြီး နိုင်ငံပိုင် စီးပွားရေးဘဏ်နဲ့ ပူးပေါင်းလိုက်ပါတယ်။

အာရှဓနဘဏ် တည်ထောင်သူ ဦးအိုက်ထွန်းဟာ ရွှေတောင်ကုမ္ပဏီကို တည်ထောင်ပြီး လုပ်ငန်းမျိုးစုံမှာ ရင်းနှီးမြှုပ်နံှနေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရန်ကုန်မြို့က အဓိက အချက်အချာကျတဲ့ မြေနေရာတွေကို ရွှေတောင်ကုမ္ပဏီက ဆက်တိုက်ရရှိခဲ့ပါတယ်။ ရွှေတောင်နဲ့ စင်္ကာပူကုမ္ပဏီ ဖက်စပ်လုပ်ထားတဲ့ စီးပွားရေးလုပ်ငန်းတွေလည်း ရှိပါတယ်။ အခုတော့ ဗိုလ်ချုပ်မှုးကြီးတွေနဲ့ ရင်းနှီးသူအဖြစ် လူသိများတဲ့ ဦးအောင်ကိုဝင်းရဲ့ ကမ္ဘောဇဘဏ်ဟာ မြန်မာပြည်မှာ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်လာပြီး ကျောက်မျက်လုပ်ငန်းနဲ့ လေကြောင်းလိုင်းတွေကိုပါ တည်ထောင်ထားပါတယ်။ စစ်အုပ်စုရရှိထားတဲ့ မသမာငွေကြေးတွေကို ခရိုနီပိုင်ဘဏ်တွေက ခဝါချပေးတယ်လို့ မယုံသင်္ကာ ဖြစ်သူတွေလည်း ရှိပါတယ်။ ဒါကြောင့် မြန်မာ့ဘဏ်လုပ်ငန်းကို ယုံကြည်သူ အလွန်နည်းပါးနေတာ ဖြစ်ပုံရပါတယ်။

ခေတ်နောက်ကျနေတဲ့ မြန်မာဘဏ်လုပ်ငန်းကို ခေတ်မီလာအောင် ပြုပြင်ပြောင်းလဲဖို့ ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က စိတ်ဝင်စားကြပါတယ်။ မပြုပြင်တဲ့ မြန်မာ့ဘဏ်လုပ်ငန်းဟာ နိုင်ငံခြားဘဏ်နဲ့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဘဏ်ရဲ့ လက်အောက်ခံတခုဖြစ်တဲ့ IFC - International Finance Corporation ဟာ တရုတ်အမျိုးသား Serge Pun တည်ထောင်တဲ့ ရိုးမ အုပ်စုကို စီမံကိန်း (၂) ခုအတွက် ဒေါ်လာသန်း တစ်ရာကျော် ထောက်ပံ့ဖို့ စီစဉ်တာဟာ လောလောဆယ် အငြင်းပွားစရာတစ်ခု ဖြစ်နေပါတယ်။ ဒီကိစ္စကို ရှေ့နှစ်အစောပိုင်းမှာ အမေရိကန်အစိုးရကို အစီရင်ခံ ရပါလိမ့်မယ်။

တိုင်းပြည်စီးပွားရေးရဲ့ အသက်သွေးကြောဟာ ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍလို့ ဆိုရိုးရှိပါတယ်။ ဒီအသက်သွေးကြော ပုံမှန်လည်ပတ်နိုင်ဖို့အတွက် ဘဏ်လုပ်ငန်းစနစ် ကျန်းမာဖို့ လိုပါတယ်။ ဒါပေမဲ့ ဘဏ်လုပ်ငန်းထွန်းကားတဲ့ အမေရိကန်မှာတောင် ငွေကြေးခဝါချမှုကြောင့် ဒေါ်လာသန်းပေါင်း ရာ/ထောင်ချီပြီး ဒဏ်ရိုက်ခံရတဲ့ ဘဏ်တွေ ရှိပါတယ်။ ဥပဒေတွေ ပြဌာန်းထားတဲ့ကြားက လစ်ရင်လစ်သလို ငွေကြေးခဝါချနေတာ ဖြစ်ပါတယ်။ ငွေကြေးခဝါချမှုကို သိရှိနိုင်တဲ့ အတတ်ပညာရှိပေမဲ့ အသုံးမပြုနိုင်ရင် ခဝါချမှုကို အားပေးသလို ဖြစ်နေပါတယ်။ ဘဏ်လုပ်ငန်းဆိုတာကလည်း ငွေရဖို့သာ အဓိကထားကြတာမို့ အခွင့်သာတာနဲ့ ငွေကြေးခဝါချဖို့ ဝန်မလေးတာ ဖြစ်ပုံရပါတယ်။