နျူကလီးယား ထုတ်လုပ်အသုံးချချင်တဲ့ မြန်မာနိုင်ငံ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှ မြန်မာနိုင်ငံဟာ International Atomic Energy Agency (IAEA) ခေါ် နိုင်ငံတကာ နျူကလီးယားအေဂျင်စီနဲ့ နောက်ဆက်တွဲ သဘောတူညီမှု ရေးထိုးပြီး မြန်မာနိုင်ငံအပေါ် နျူကလီးယားလက်နက် ထုတ်လုပ်မယ်ဆိုတဲ့ သံသယတွေအတွက် လာရောက်စစ်ဆေးခွင့် ပြုလိုက်ပါတယ်။ ဒီအချက်ဟာ မြန်မာနိုင်ငံအဖို့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် လမ်းပွင့်သွားနိုင်တယ်လို့ Institute for Science and International Security (ISIS) ခေါ် သိပ္ပံနဲ့ နိုင်ငံတကာ လုံခြုံရေးအဖွဲ့ ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။ ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ ISIS ဥက္ကဋ္ဌ David Albright နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာနိုင်ငံဟာ IAEA လို့ခေါ်တဲ့ နိုင်ငံတကာ အနုမြူအေဂျင်စီနဲ့ Additional Protocol နောက်ဆက်တွဲ သဘောတူညီချက်ကို လက်မှတ်ရေးထိုးလိုက်ပါပြီ။ ဒါဟာ မြန်မာနိုင်ငံကိုယ်၌ကထိုးဖို့ စတင်ကမ်းလှမ်းပြီးတော့ ရေးထိုးတာ ဖြစ်ပါတယ်။ ဒီသဘောတူညီချက် ဘယ်လောက်အရေးပါပါသလဲ။

David ။ ။ ဒီနောက်ဆက်တွဲ သဘောတူညီချက်ကို အသိအမှတ်ပြုဖို့ မြန်မာအစိုးရကပြောတဲ့ကိစ္စက သိပ်အရေးကြီးပါတယ်။ ဒီသဘောတူညီချက်အရဆိုရင် မြန်မာနိုင်ငံဟာ နျူကလီးယားထုတ်လုပ်ရေးအတွက် လျှို့ဝှက်အစီအစဉ်တွေ ရှိနေသလားဆိုတာကို IAEA အနေနဲ့ ထဲထဲဝင်ဝင် လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒါဟာ လက်နက်ပြုလုပ်ဖို့ လုပ်နေတာ ဟုတ်သလား၊ မဟုတ်ဘူးလားဆိုတာကို သိလာရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လျှို့ဝှက်နျူကလီးယား အစီအစဉ်တရပ် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကလည်း ရှိနေခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီ သံသယတွေက ဘယ်လောက်အခိုင်အမာ ရှိနေခဲ့လို့လဲ။

David ။ ။ သံသယတွေကတော့ သိပ်ကိုခိုင်ခိုင်မာမာ ရှိနေတယ်လို့တော့ ကျနော် မထင်ပါဘူး။ ဘယ်လို ရည်ရွယ်ချက်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံလုပ်ဆောင်နေခဲ့တာကတော့ အသေးစားလောက်ပဲ ဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့အစည်းက မြန်မာနိုင်ငံ နျူကလီးယားပိုင်ဆိုင်ရေး အားထုတ်မှု စွပ်စွဲချက်တွေ အတော်များများကို သုံးသပ်စမ်းစစ်ခဲ့ဘူးပါတယ်။ အများစုက လောက်လောက်လားလား မရှိဘူးလို့ပဲ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် လုပ်လို့ရနိုင်တဲ့ ပလူးတိုနီယမ် ထုတ်လုပ်လို့ရတဲ့ ဓါတ်ပေါင်းဖိုတွေ ရှိနေပြီဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိဘူးပါတယ်။ ဒါပေမဲ့ တကယ်မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားနဲ့ ဆက်သွယ်ပြီး နျူကလီးယားလက်နက် ထုတ်လုပ်ရေး ကနဦးအဆင့် စတင်နိုင်တဲ့ စက်ရုံတွေ ရှိနေပြီလို့လည်း ဆိုကြပါတယ်။ ဒီ စွပ်စွဲချက်တွေကတော့ ဆက်ရှိနေဆဲဖြစ်ပြီး IAEA က စစ်ဆေးသွားသင့်ပါတယ်။ အခုအခါ နောက်ဆက်တွဲ protocol ကို မြန်မာနိုင်ငံက သူ့အလိုလို လက်မှတ်ရေးထိုးလာတော့ ဒီစွပ်စွဲချက်တွေကို စစ်ဆေးရေးမှာ အပြည့်အဝ ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာဖက်က တကယ်လို့သာ ဒီ နျူကလီးယားဟာ စစ်ရေးနဲ့ မသက်ဆိုင်ဘူး၊ စစ်ရေးကိစ္စအတွက် မသုံးဘဲ ငြိမ်းချမ်းနဲ့နည်းနဲ့ အသုံးပြုမယ်လို့ ဆိုလာရင် ဒါကို ကန့်ကွက်စရာလား။

David ။ ။ ကျနော် ဒီလိုဖြေပါရစေ။ အခု စွပ်စွဲချက်က မြန်မာနိုင်ငံမှာ လျှို့ဝှက်နျူကလီးယား အစီအစဉ်ရှိသလားဆိုတာပဲ ဖြစ်ပါတယ်။ စစ်ရေးအတွက်လား။ တခြားကိစ္စအတွက်လားဆိုတာမျိုး မဟုတ်ပါဘူး။ နောက်ဆုံးမှာ လက်နက်လုပ်မှာလား။ အရပ်ဖက်အတွက်လားဆိုတာ ကျနော်တို့ မသိပါဘူး။ ဒီစွပ်စွဲချက်ဟာ စုံစမ်းစစ်ဆေးသင့်တဲ့ စွပ်စွဲချက်ပါ။ နျူကလီးယားလက်နက် ထုတ်လုပ်ရေး စွပ်စွဲချက်ဟာ ပိုပြီးအရေးကြီးပါတယ်။ ဒါပေမဲ့ တကယ်မရှိဘူးလို့ ကျနော် ထင်ပါတယ်။ IAEA လည်း ဒီအတွက် သိပ်အချိန်ကုန်ခံလိမ့်မယ်လို့ မထင်ပါဘူး။ စက်ရုံတွေ တည်ဆောက်နေတယ်လို့ စွပ်စွဲခံရတဲ့ နေရာတချို့ကိုပဲ သွားကြည့်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံဖက်ကတော့ ဒါဟာ ငြိမ်းချမ်းတဲ့နည်းနဲ့ အသုံးချမယ့် ရည်ရွယ်ချက်သာ ရှိတယ်ဆိုတာ ကြေညာပြီးသာ မဟုတ်လား။

David ။ ။ ကျနော့်အနေနဲ့ကတော့ မြန်မာနိုင်ငံဟာ နျူကလီးယား ထုတ်လုပ်မယ်ဆိုတဲ့ စိုးရိမ်စိတ်မျိုး လုံးဝမရှိပါဘူး။ သူတို့ရဲ့ လက်ရှိရည်ရွယ်ချက်ဟာ ငြိမ်းချမ်းစွာ အသုံးချရေးအတွက်သာ ဖြစ်တယ်ဆိုတာ လုံးဝသေချာပါတယ်။ အခု သဘောတူတဲ့ နောက်ဆက်တွဲ protocol ကလည်း ဒါကို အခိုင်အမာဖော်ထုတ်ပြသဖို့ ရည်ရွယ်ပါတယ်။ ပြဿနာ ရှိနိုင်တာကတော့ လက်နက်ထုတ်လုပ်ရေး ရည်ရွယ်ချက်၊ အရင်က ရှိခဲ့ဘူးသလားဆိုတာပဲ ဖြစ်ပါတယ်။ ရှိရင်ရှိခဲ့တယ်။ နောက်မလုပ်တော့ဘူးဆိုတာ အခိုင်အမာ ပြောသင့်ပါတယ်။ အတိတ်က ရည်ရွယ်ထားဘူးတာကို ပွင့်ပွင့်လင်းလင်း မပြောဘူးဆိုရင်တော့ နောင်ကိုလဲ လျှို့လျှို့ဝှက်ဝှက်နဲ့ လုပ်နေအုံးမယ်ဆိုပြီး မယုံသင်္ကာဖြစ်လာနိုင်ပါတယ်။ မရိုးသားမှု၊ လိမ်လည်ပြောကြားမှု ဖြစ်တယ်လို့ မှတ်ယူခံရနိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက မြောက်ကိုးရီးယားနဲ့ကိစ္စ။ မြန်မာနိုင်ငံဟာ တချိန်လုံး နိုင်ငံတကာ ဝိုင်းကျဉ်တာကို ခံနေခဲ့ရတဲ့ နိုင်ငံပါ။ အဲဒီတော့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချချင်တယ်။ စိုက်ပျိုးရေး၊ စက်မှု၊ ကျန်းမာရေးကိစ္စတွေအတွက် အသုံးချချင်တယ်ဆိုအုံးတော့ ဘယ်နိုင်ငံမှ ရောင်းချချင်တဲ့ နိုင်ငံတွေ မရှိပါဘူး။ အဲဒီတော့ မြောက်ကိုးရီးယားကပဲ လွယ်လွယ်ကူကူ ရနိုင်လို့ မြောက်ကိုးရီးယားနဲ့ ဆက်သွယ်ရတယ်။ သူတို့ဆီကပဲ ရယူရတယ်ဆိုရင်ကော ဒါ ကန့်ကွက်စရာလား။

David ။ ။ မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားတို့ကြား နျူကလီးယားနဲ့ ပတ်သက်လို့ ဘယ်လို အဆက်အသွယ်ရှိတယ်ဆိုတာကို ကျနော်တို့ မသိပါဘူး။ မြောက်ကိုးရီးယားအနေနဲ့ နျူကလီးယားပစ္စည်းတွေ တရားမဝင် ဝယ်ယူဖို့ အားထုတ်ရမှာ မြန်မာနိုင်ငံ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အထောက်အထားတွေတော့ ရှိမယ်ထင်ပါတယ်။ ဒီပစ္စည်းတွေဟာ မြန်မာနိုင်ငံနဲ့ မြောက်ကိုးရီးယားနိုင်ငံနဲ့ ဖြစ်နိုင်တာက အီရန်နိုင်ငံတို့မှာ နျူကလီးယားထုတ်လုပ်ရာမှာ အသုံးပြုနိုင်တဲ့ ပစ္စည်းတွေလို့လည်း သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ မြောက်ကိုးရီးယား ဒါမှမဟုတ် အီရန်တို့နဲ့ မှောင်ခိုဆက်သွယ်မှုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စိုးရိမ်စရာ ရှိနေပါတယ်။ ဒါက တချက်ပါ။ နောက်တချက်ကတော့ မြန်မာနိုင်ငံက သူတို့လိုချင်တာကို တခြားမှာ ဘယ်လိုမှ မရနိုင်လို့ မြောက်ကိုးရီးယားဆီက ယူရတယ်ဆိုရင်တော့ ဟုတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာက မြန်မာနိုင်ငံက နျူကလီးယားဓါတ်ပေါင်းဖိုတခုကို ရုရှားတို့ဆီက ဝယ်ယူနိုင်ခဲ့ပါတယ်။ ရုရှားက သုတေသနဓါတ်ပေါင်းဖို ရောင်းမယ်လို့ ကမ်းလှမ်းခဲ့ဘူးပါတယ်။ မြန်မာနိုင်ငံဖက်က ဒီကိစ္စကို ဆက်မလုပ်ခဲ့တာပါ။ သူတို့လူတွေကို ရုရှားကို ပို့ပြီးတော့ လေ့ကျင့်တာတွေလည်း လုပ်ခဲ့ပါတယ်။ ကျနော် ပြောချင်တာကတော့ နျူကလီးယားအတွက် သူတို့က မြောက်ကိုးရီးယားကိုမှ ရွေးပြီးတော့ သွားစရာမလိုဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ရုရှားက သုတေသနဓါတ်ပေါင်းဖိုကို မယူဘဲ မြောက်ကိုးရီးယားကိုမှ ရွေးချယ်ရတာဟာ နျူကလီးယားလက်နက် အစီအစဉ်ကြောင့်ပဲ ဖြစ်တယ်လို့ သံသယတွေ ဝင်လာစရာလည်း ရှိလာကြတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ Mr. Albright တို့ရဲ့ ISIS က ၂၀၁၀ ပြည့် ဇန်နဝါရီလ (၂၈) ရက်နေ့ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့ နျူကလီးယားအစီအစဉ်ဆိုပြီး စာတမ်းအရှည်ကြီး ရေးထားပါတယ်။ အဲဒီအောက်မှာ နောက်ဆက်တွဲအဖြစ် ဥမင်းတွေ ဆောင်လုပ်နေတဲ့ ပုံတွေကို အထောက်အထားအဖြစ် ဖော်ပြထားတာကို တွေ့ခဲ့ရတော့ ဒါဟာ အတော်လေးကို ဂယက်ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းက နိုင်ငံတကာ သတင်းလောကမှာ။ အခု အဲဒီ မြေအောက်ဥမင်လိုဏ်ခေါင်းဆိုတာတွေ ဘာဖြစ်သွားပြီလဲ။

David ။ ။ ဒီ ဥမင်လိုဏ်ခေါင်းတွေက ဘာတွေလဲဆိုတာကို ကျနော်တို့ အတိအကျ မသိပါဘူး။ ဒီ ဥမင်တွေကို မြောက်ကိုးရီးယားက ဖောက်လုပ်ပေးတယ်ဆိုတာတော့ ကျနော်တို့ သိပါတယ်။ နျူကလီးယားအတွက် လုပ်တယ်လို့တော့ မထင်ပါဘူး။ နျူကလီးယားစက်ရုံတွေနဲ့လည်း မတူပါဘူး။ ဒါဟာ အဲဒီ အစီရင်ခံစာအတွက် သုတေသန လုပ်ခဲ့တုန်းက မှတ်မိနေခဲ့တာပါ။ ကျနော်တို့ အဓိက အာရုံစိုက်နေခဲ့တာကတော့ မြန်မာနိုင်ငံဟာ၊ ဂျာမဏီနဲ့ ဆွန်ဇလန်နိုင်ငံတို့ဆီက ပစ္စည်းတွေ ဝယ်ယူနေတဲ့ကိစ္စပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံကလည်း အမှန်အတိုင်း မပြောခဲ့ပါဘူး။ ဆိုတော့ ဒီပစ္စည်းတွေက နျူကလီးယားနဲ့ ပတ်သက်နေသလား။ Missile ဒုံကျည်းတွေနဲ့ ပတ်သက်နေတဲ့ပစ္စည်းတွေလား။ မြန်မာအစိုးရက ဒီပစ္စည်းတွေကို ဘာအတွက် သုံးမယ်ဆိုတာကို ရောင်းချတဲ့သူတွေသိအောင် အမှန်အတိုင်း ပြောခဲ့ရဲ့လား။ တမျိုးတမည် လှည့်ဖြားဝယ်ယူခဲ့တာလားကို ကျနော်တို့က သိချင်ခဲ့တာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီပစ္စည်းတွေ ရောင်းချတဲ့နိုင်ငံတွေ ဖြစ်ကြတဲ့ ဂျာမဏီ၊ ဆွန်ဇလန်တို့က ဘာမှ မပြောကြဘူးလား။ ဘယ်လိုပစ္စည်းတွေကို ကျနော်တို့ ရောင်းလိုက်ပါတယ်ဆိုတာကို သူတို့ မပြောဘူးလား။

David ။ ။ သူတို့ကတော့ အမှန်ကို သိပါတယ်။ IAEA လိုပဲ သိပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား ထုတ်ဖော်ပြောစရာတော့ မလိုပါဘူး။ အခုအခါမှာ ဒီကိစ္စကို မြန်မာနိုင်ငံက ဖော်ထုတ်ပြောဆိုလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မြန်မာနိုင်ငံဟာ ဒီပစ္စည်းတွေ ဝယ်ယူခဲ့ပြီး နျူကလီးယားလက်နက်တွေအတွက် သုံးနေသလား။ ဒုံးကျည်းတွေအတွက် သုံးနေသလားဆိုတာကို စိုးရိမ်တကြီးနဲ့ သိချင်နေကြပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုလို IAEA နဲ့ နောက်ဆက်တွဲ protocol ကို လက်မှတ်ထိုး။ IAEA ကလည်း သံသယကင်းအောင် စစ်ဆေးသွားပြီးပြီဆိုတဲ့အခါ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုဖို့ မြန်မာအစိုးရက ဆက်လုပ်လာမယ်ဆိုရင် ဘာမှပြဿနာ မရှိတော့ဘူးဆိုတဲ့ သဘောလား။ အေးအေးဆေးဆေး အောင်အောင်မြင်မြင် လုပ်သွားနိုင်ပြီဆိုတဲ့ သဘောသက်ရောက်သွားပြီလား။

David ။ ။ IAEA က တင်ပြထားတဲ့ အငြင်းပွားစရာကိစ္စတွေကို ဖြေရှင်းပြီးပြီဆိုရင်တော့ မြန်မာနိုင်ငံနဲ့ နျူကလီးယားကို ငြိမ်းချမ်းစွာ အသုံးချမယ်ဆိုတဲ့ကိစ္စဟာ မှန်ကန်တဲ့လုပ်ရပ်လို့ ကျနော် ထင်ပါတယ်။ သူတို့ ပထမဦးဆုံး လုပ်ရမှာကတော့ မြန်မာနိုင်ငံဟာ အတိတ်က လုပ်ရပ်တွေနဲ့ ပတ်သက်လို့ ရိုးသားပွင့်လင်းမှု ရှိဖို့ပါ။ နျူကလီးယားလက်နက် ထုတ်လုပ်ရေး လျှို့ဝှက်ရည်မှန်းချက်တွေဆိုတဲ့ စိုးရိမ်စရာတွေ ရှိစရာမလိုဘူးဆိုတာ ပြသဖို့ပဲ ဖြစ်ပါတယ်။ ဒါကို မြန်မာနိုင်ငံအနေနဲ့ ရှင်းရှင်းလင်းလင်း လုပ်ပြီးပြီဆိုရင်တော့ တနည်းအားဖြင့် IAEA ရဲ့ ဆန္ဒအတိုင်း မှန်မှန်ကန်ကန် လုပ်ဆောင်ပြီဆိုရင်တော့ မြန်မာနိုင်ငံဟာ နျူကလီးယားနည်းပညာတွေ၊ ပစ္စည်းတွေ တင်သွင်းရယူနိုင်တဲ့ အနေအထားကိုလည်း အခိုင်အမာရောက်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ပြီးတဲ့အခါမှာလည်း ဒီလို တင်သွင်းလာတဲ့ပစ္စည်းတွေဟာ အမှန်တကယ်ပဲ ငြိမ်းချမ်းစွာ အသုံးပြုရဲ့လားဆိုတာကို သေချာအောင် IAEA က စောင့်ကြည့်ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။