စာနယ်ဇင်းကောင်စီ ဘာလဲ၊ ဘယ်လဲ

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ မြန်မာ့စာနယ်ဇင်းကောင်စီက တင်ပြတဲ့အခက်အခဲတွေအပေါ် နားလည်းမှုပြသခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မြန်မာ့မီဒီယာလောက လွတ်လပ်မှု ပိုမိုရရှိရေး၊ တိုးတက်ထွန်းကားရေးတို့အတွက် ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလာနိုင်သလဲဆိုတာကို မြန်မာ့စာနယ်ဇင်းကောင်စီဝင် ဦးဇော်သက်ထွေးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ မီဒီယာသမားတွေကို ကိုယ်စားပြုတဲ့ မြန်မာစာနယ်ဇင်းကောင်စီဝင်တွေဟာ မကြာသေးခင် ရက်ပိုင်းအတွင်းမှာပဲ နိုင်ငံသမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ ဒီလိုတွေ့ဆုံမှုက ပထမဦးဆုံးအကြိမ်လို့ ပြောနိုင်သလား။

ဦးဇော်သက်ထွေး ။ ။ မဟုတ်ပါဘူး။ ကျနော်တို့ ၂၀၁၃ ခုနှစ် စက်တင်ဘာလက ကျနော်တို့ ပထမဦးဆုံးအကြိမ် တွေ့ခဲ့ပါတယ်။ အခုက ဒုတိယအကြိမ် တွေ့ဆုံမှုလို့ပြောရင် ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံးအကြိမ် တွေ့ဆုံမှုတုန်းက ဘယ်လို သဘောတူညီမှုတွေ ရခဲ့သလဲ။ နည်းနည်းလေး ပြန်ပြောပါလား။

ဦးဇော်သက်ထွေး ။ ။ ပထမဦးဆုံးအကြိမ် တွေ့ဆုံစဉ်တုန်းကတော့ သမ္မတ ဖွဲ့ပေးတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီနဲ့ သမ္မတနဲ့ စတင်ပြီးတော့ တွေ့ဆုံမိတ်ဆက်ခဲ့ပြီးတော့ စာနယ်ဇင်းကောင်စီရဲ့ အဓိကတာဝန်ဝတ္တရားတွေကို ရှင်းပြတာပါ။ အဲဒီတုန်းကတော့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ ယာယီရဲ့ အဓိကလုပ်ငန်းတာဝန်က မီဒီယာသမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့နဲ့ Freedom of Expression ကို promotion လုပ်ဖို့အတွက်ကို ကျနော်တို့အနေနဲ့ အဓိကပါဝင်တဲ့ မီဒီယာဥပဒေကို ရေးဆွဲတာ စာနယ်ဇင်းကောင်စီရဲ့ အဓိကလုပ်ငန်းတာဝန်ဖြစ်ကြောင်း သမ္မတကို ရှင်းပြခဲ့ပါတယ်။ အဲဒီတော့ အဲဒီ မီဒီယာဥပဒေက အခုဆိုရင် လွှတ်တော်မှာ အတည်ပြုပြီးတော့ နည်းဥပဒေတွေလည်း ပြီးဆုံးသွားပြီဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ စာနယ်ဇင်းကောင်စီရဲ့ အဓိက တာဝန်ကတော့ ပြီးဆုံးပြီလို့ ပြောလို့ရပါတယ်။ အခုတကြိမ် တွေ့ဆုံမှုကတော့ လက်ရှိ မီဒီယာနယ်ပယ်က သတင်းယူတဲ့သူတွေကို မေးမြန်းစစ်ဆေးတာတွေ၊ တရားစွဲတာတွေ၊ ထောင်ချတာတွေ များပြားလာတဲ့အတွက် ဒီ မီဒီယာလောကရဲ့ အခြေအနေနဲ့ လက်ရှိ အုပ်ချုပ်သူတွေကြားထဲမှာ နားလည်းမှု၊ လွဲမှားမှုတွေကို ဘယ်လို ဖြေလျှော့မလဲဆိုတာကို ရည်ရွယ်ပြီးတော့ တွေ့ဆုံခဲ့ခြင်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီလိုတွေ့ဆုံမှု ဖြစ်လာဖို့အတွက် သမ္မတဖက်က စတင်ဆောင်ရွက်တာလား။ စာနယ်ဇင်းကောင်စီက စတင်ပြီးတော့ တောင်းဆိုတာလား။

ဦးဇော်သက်ထွေး ။ ။ စာနယ်ဇင်းကောင်စီက တောင်းဆိုတာပါ။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီအနေနဲ့က မီဒီယာမှာ လက်ရှိဖြစ်ပေါ်နေတာတွေနဲ့ ပတ်သက်ပြီးတော့ အစိုးရကို ကျနော်တို့ အသိပေးဖို့ တာဝန်ရှိတယ်လို့ ယူဆပါတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ သမ္မတနဲ့ တွေ့ဆုံလိုကြောင်း စာရေးသား အသိပေးပြီးမှ ကျနော်တို့ အခုတွေ့ဆုံမှု ဖြစ်ပေါ်လာတာပါ။

ဦးကျော်ဇံသာ ။ ။ ဒီနိုင်ငံမှာတော့ သမ္မတက တနှစ်တခါ သတင်းထောက်တွေနဲ့ တွေ့ဆုံပြီးတော့ ညစာစားပွဲလုပ်တယ်။ သူ့အိမ်မှာ ပျော်ပွဲရွှင်ပွဲတွေလုပ်ပြီးတော့ အမြဲတမ်း ရင်းရင်းနှီးနှီး တွေ့ဆုံလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကြုံတောင့်ကြုံခဲ တွေ့ရတယ်လို့ ပြောရမှာပေါ့လေ။ ဒါပေမဲ့ အခုလို တွေ့ဆုံခွင့်ရတဲ့အတွက် မြန်မာနိုင်ငံစာနယ်ဇင်းလောကအတွက် အလားအလာကောင်းတွေများ တိုးတက်လာသလား။ ရှိလာသလားဆိုတာကို ကျနော် သိချင်လို့ ဒီနေ့ အစီအစဉ်ကိုလုပ်တာ ဖြစ်ပါတယ်။ ဆိုတော့ လောလောဆယ် တွေ့ဆုံခဲ့တဲ့ကိစ္စကတော့ စာနယ်ဇင်းသမားတွေကို ဖမ်းဆီးနှိပ်ကွပ်မှုတွေ များနေလို့ဆိုတာ ဖြစ်တယ်ဆိုတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ သမ္မတက ဘာများဆောင်ရွက်ပေးနိုင်မယ်လို့ ပြောခဲ့ပါသလဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ကတော့ နံပတ်တစ်ကတော့ သမ္မတကြီးနဲ့ တွေ့တဲ့အခါမှာ ကျနော်တို့ မီဒီယာသမားတွေကို ဖမ်းဆီးနှိပ်ကွပ်မှု များတယ်ဆိုတဲ့ အချက်အလက်တခုတည်း တင်ပြတာ မဟုတ်ပါဘူး။ လက်ရှိ မီဒီယာလောကဟာ လွတ်လပ်စွာ စာပေရေးသားခွင့်ကို ရရှိတာ (၂) နှစ်တာ ကာလမှာပဲ ရှိသေးတော့ ရင့်ကျက်မှု အားနည်းတာတွေ ရှိပါတယ်။ နောက်တခု ကျင့်ဝတ်နဲ့ ပတ်သက်ပြီး အားနည်းတာတွေ ရှိပါတယ်။ ဒီအခြေအနေကို နိုင်ငံတော်အစိုးရအနေနဲ့ နားလည်းဖို့ လိုအပ်ကြောင်းနဲ့ သမ္မတကို ရှင်းပြခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တရားဥပဒေကဏ္ဍကို သူက တရားစီရင်ရေးကဏ္ဍကို လွှမ်းမိုးလိုတဲ့ ဆန္ဒမရှိဘူး။ ဒါပေမဲ့ သူလုပ်နိုင်တဲ့အပိုင်းက လုပ်ပေးမယ်ဆိုတာတော့ ဟုတ်ပြီ။ ဒါပေမဲ့ ဥပမာ သတင်းရယူရေး ခက်တဲ့ကိစ္စတို့။ နောက်ပြီးတော့ တခြားဝန်ကြီးဌာနတွေက မီဒီယာကို လေးလေးစားစား ဆက်ဆံဖို့ ဘာညာပြောတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ သြဇာအာဏာသက်ရောက်မှု ဘယ်လောက်ရှိမယ် ထင်ပါသလဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ ပထမအကြိမ် တွေ့တုန်းကလည်း ဒီလိုမျိုး တင်ပြခဲ့တာ ရှိပါတယ်။ သမ္မတကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက contact person ထားပြီးတော့မှ မီဒီယာသမားတွေကို သတင်းပေးဖို့ လိုအပ်တယ်ဆိုတာကိုလည်း ညွှန်ကြားခဲ့ပြီသားပါ။ ဒါပေမဲ့ ဒီအခြေအနေက တနှစ်နီးပါးကြာတဲ့အထိ အောက်ခြေမှာတော့ ပြောင်းလဲမှု၊ ပြုပြင်မှု တစုံတရာ မရှိခဲ့ပါဘူး။ ဒါကြောင့် သမ္မတ က ကျနော်တို့နဲ့အတူ ဆွေးနွေးပွဲကိုတက်တဲ့ ဝန်ကြီးတချို့ကိုတော့ သတင်းတွေကို အချိန်နဲ့တပြေညီ ထုတ်ပြန်ပေးဖို့ mechanism အသစ်တခုကို တည်ဆောက်ဖို့လိုတယ်။ ဒါကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့ လိုတယ်ဆိုတာကို သူ့ရဲ့ Cabinet ဝန်ကြီးတွေကို အမိန့်ပေးခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချိန်တည်းမှာပဲ အစိုးရက ထုတ်ဝေနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ဝေနေတဲ့ နိုင်ငံပိုင်သတင်းစာတွေ။ အဲဒီ သတင်းစာတွေကြတော့ သတင်းတွေဦးတည်။ ထူးတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ထိုစဉ်က ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ် ပြောတာကတော့ သူတို့အစိုးရဌာနက လုပ်နေတယ်ဆိုတော့ သူတို့က ပိုပြီးတော့ လုပ်နိုင်တယ်။ တခြားဝန်ကြီးတွေကိုလည်း အလားတူပဲ သတင်းထုတ်ပြန်ပေးဖို့ တိုက်တွန်းနေပါတယ်ဆိုတာကို သူက ပြောခဲ့ပါတယ်။ ဆိုတော့ ဒီတကြိမ်မှာကော အထူးသဖြင့် နိုင်ငံပိုင်သတင်းစာတွေနဲ့စာရင် ဌာနဆိုင်ရာ သတင်းတွေမှာ သူတို့နဲ့ တန်တူရနိုင်မယ့် အလားအလာကော ရှိပါရဲ့လား။

ဦးဇော်သက်ထွေး ။ ။ အခုအချိန်ထိတော့ ဒါကို ထင်ထင်ရှားရှား ကျနော်တို့ ခန့်မှန်းလို့ မရသေးပါဘူး။ အထူးသဖြင့် ဝန်ကြီးဌာနတွေ အရာရှိအဆင့်ကနေစပြီးတော့ အောက်ခြေအထိက မီဒီယာတွေကို စိုးရိမ်ကြောက်လန့်နေပြီးတော့ မလိုလားသူတွေအဖြစ် သူတို့အနေနဲ့ ယူဆတုန်းပါပဲ။ State Media တွေကိုတော့ သူတို့ သတင်းပေးတယ်ဆိုတာ သူတို့ရဲ့ ကောင်းမွန်တဲ့ ဆောင်ရွက်ချက်တွေကိုသာ အမြဲတမ်း ဖော်ပြနေတဲ့ သတင်းစာတွေ ဖြစ်တဲ့အတွက် သူတို့က လုံခြုံမှု ရှိပါတယ်။ အဲဒီအတွက် ဒီလိုမျိုး သတင်းတွေကိုတော့ အစိုးရပိုင် မီဒီယာတွေကို ပေးပို့နိုင်တာဖြစ်ပြီးတော့ ပုဂ္ဂလိကမီဒီယာတွေကိုတော့ သူတို့ကို Counter check လုပ်နိုင်တယ်လို့ ယူဆတဲ့အတွက် သူတို့အနေနဲ့ တွေ့ဆုံဖို့အတွက် ဝန်လေးတာတွေကတော့ အခုအချိန်ထိ ရှိနေတုန်းပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ သမ္မတဦးသိန်းစိန် ကိုယ်တိုင်က သတင်းလွတ်လပ်ခွင့်ရဲ့ တန်းဖိုးကို ဘယ်လောက် လက်ခံသလဲ။ အဲဒီဟာက တိုင်းပြည်အတွက်လည်း အကျိုးရှိတယ်။ သတင်းလွတ်လပ်ခွင့် မရှိရင် သတင်းသမားတွေသာ ဆုံးရှုံးတာ မဟုတ်ဘူး။ ပြည်သူတွေသာ ဆုံးရှုံးနစ်နာတာ မဟုတ်ဘူး။ အစိုးရဖက်ကလည်း ဆုံးရှုံးနစ်နာတယ်ဆိုတဲ့ အသိမျိုး သူမှာ အမှန်တကယ် ရှိပါရဲ့လား။ ကျနော် ဘာကြောင့် မေးရသလဲဆိုရင် သူကိုယ်တိုင်ကရော သတင်းစာရှင်းလင်းပွဲ ဘယ်နှစ်ကြိမ် လုပ်သလဲ။ တခါတော့ သူလုပ်ဖူးတာ ကျနော် တွေ့လိုက်ပါတယ်။ နောက်ပိုင်းမှာ မတွေ့တော့ဘူး။ အဲဒီကိစ္စတွေကို ဘယ်လို သုံးသပ်ပါသလဲ။ သူနဲ့ တွေ့ပြီးတော့။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့အနေနဲ့ ပြန်လည်ပြီးတော့ ကြည့်မယ်ဆိုရင် အခုလက်ရှိ နိုင်ငံတော်သမ္မတဟာ ရွေးကောက်ပွဲကနေ တင်မြှောက်ထားတဲ့ သမ္မတလို ဆိုပေမယ့် သူက တချိန်က အရင်အစိုးရရဲ့ စစ်ဗိုလ်ချုပ်ကြီး လုပ်ခဲ့သူတယောက် ဖြစ်ပါတယ်။ နောက်ပြီးတော့ သူက စည်းမျဉ်းစည်းကမ်းနဲ့ formal တွေကနေ လာတာဖြစ်တဲ့အတွက်ကြောင့် အခုနလိုမျိုး အခုလို ပထမဦးဆုံး အရပ်သားသက်တမ်း ထမ်းဆောင်တဲ့အချိန်မှာတော့ ခုန ဝေဖန်ထောက်ပြမှုတွေက မလွှဲမသွေ ရှိနေမှာပါ။ ဒါပေမဲ့ ကျနော်တို့ အကောင်းဖက်က ပြန်ပြီးတော့ ကောက်ကြည့်မယ်ဆိုရင် နံပတ်တစ် သူဟာ စာနယ်ဇင်းကောင်စီက လူတွေကို တွေ့ဆုံဖို့အတွက် လိုလိုလားလား ရှိတာကို တွေ့ရတယ်။ နံပတ်နှစ်က တွေ့တွေ့ချင်းပဲ မီဒီယာဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ -အားစုတွေ ဖြစ်တယ်ဆိုတဲ့ဟာနဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် အထူးအသိအမှတ်ပြုကြောင်းကို ဦးဆုံးပြောတာ ရှိပါတယ်။ အဲဒီတော့ ဒီဟာကတော့ ကောင်းမွန်တဲ့ဖက်ကနေ ကောက်ယူမယ်ဆိုရင်တော့ ဒီအချက်တွေရှိတယ်။ နောက် ကျနော်တို့ရဲ့ တင်ပြချက်တွေ အားလုံးကို ပယ်ချတာမျိုး မလုပ်ဘဲ။ တချို့ဝန်ကြီးဌာန သတင်းထုတ်ပြန်မှု၊ မီဒီယာသမားတွေကို သတင်းပေးမှု အားနည်းတာကို ဝန်ခံခဲ့ပြီးတော့ ဒီ mechanism ကို ပြောင်းလဲပြစ်ဖို့ လိုတယ်ဆိုတာကိုလည်း သူ့အနေနဲ့ ကျနော်တို့နဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အစိုးရပိုင်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ body ကြီးတခုလုံးကနေ လိုက်ပါမှု အားနည်းနေပြီးတော့ စိတ်အားထက်သန်သူ တချို့တဝက်က ဆောင်ရွက်နေတဲ့ အခက်အခဲမျိုးတွေ ရှိနေတာကို တွေ့မြင်နေရပါတယ်။ ဒါကြောင့် ဒီဟာတွေ ကြားထဲကနေ ကျနော်တို့အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ဆက်တိုက်ဖြစ်လာဖို့အတွက် ကျနော်တို့ဖက်က ဆက်လက်တွန်းအားပေး တိုက်တွန်းနေရတာမျိုးတွေ လုပ်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သမ္မတကိုယ်တိုင်ကရော ရေဒီယိုမိန့်ခွန်း တစ်လတစ်ခါ ပြောနေတာမျိုးထက် သတင်းထောက်တွေကို ကိုယ်တိုင်တွေ့ဆုံပြီးတော့ သတင်းစာရှင်းလင်းပွဲလုပ်ရင် အပြန်အလှန် မေးမြန်းတာ။ ပြည်သူတွေ သိသင့်သိထိုက်တာကို ပိုမိုသိလာနိုင်မယ်လို့ မထင်ဘူးလား သူတို့အနေနဲ့။ ဒီလိုလုပ်မယ့် အလားအလာ။

ဦးဇော်သက်ထွေး ။ ။ အမှန်တကယ်တော့ ဒီကိစ္စတွေအားလုံးက ကျနော်တို့ အပြင်မှာ ဝေဖန်ထောက်ပြတာတွေ တော်တော်များနေပါပြီ။ ဒါတွေအားလုံးကို အကောင်အထည်ဖော်ဖို့ကတော့ သမ္မတဘေးမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ သူတို့အနေနဲ့တော့ ဒီဟာကို ဖြစ်ဖို့အတွက် သမ္မတကို နားလည်းအောင် ရှင်းပြဖို့ သူတို့တွေမှာ အဓိက တာဝန်ရှိတယ်လို့ ကျနော် ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု သမ္မတအသစ်ခန့်လိုက်တဲ့ ပြန်ကြားရေးဝန်ကြီးသစ် ဦးရဲထွဋ်နဲ့ ပတ်သက်လို့ မီဒီယာသမားတချို့ကတော့ သူဝန်ကြီးဖြစ်လာတဲ့အတွက် မီဒီယာလောကဟာ ပိုမိုတင်းတင်းကြပ်ကြပ် ချုပ်ကိုင်တာ ခံလာရလိမ့်မယ်လို့ စိုးရိမ်တဲ့လေသံနဲ့ ဝေဖန်သုံးသပ်ကြတာတွေ ရှိပါတယ်။ ကိုဇော်သက်ထွေး ဒီကိစ္စကို ဘယ်လောက် သဘောတူပါသလဲ။

ဦးဇော်သက်ထွေး ။ ။ အရင် လုပ်ကိုင်ဆောင်ရွက်မှုတွေအရ ဆိုရင်တော့ ဒီခန့်မှန်းချက်တွေက သိပ်ပြီးတော့ မလွဲပါဘူး။ ဒါပေမဲ့ သို့သော်လဲပဲ အဲဒီ သမ္မတနဲ့ တွေ့ဆုံတဲ့နေ့ကတော့ ပြန်ကြားရေးဝန်ကြီးဖြစ်မယ့် ဦးရဲထွဋ်နဲ့ ဆွေးနွေးစကားပြောဆိုတဲ့အခါမှာတော့ သူတို့က ဒီဖက်က မီဒီယာသမားတွေနဲ့ သူက ပူးပေါင်းဆောင်ရွက်ချင်တဲ့ စိတ်အားထက်သန်တဲ့ စကားတွေ ပြောဆိုတာမျိုးတွေ၊ စိတ်အားထက်သန် ပြသတာမျိုးတွေ လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ကျန်နေသေးတဲ့ အစိုးရသက်တမ်းအတွင်းမှာ သူ့အနေနဲ့ ရှေ့က နားလည်းမှုလွှဲတာတွေကို ရှောင်ရှားပြီးတော့ မီဒီယာနဲ့အတူ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားနိုင်မလဲဆိုတဲ့ မျှော်လင့်ချက်တချို့တဝက်တော့ ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် သူထောက်ပြခဲ့တဲ့တခု ကျနော် သတိပြုမိတာက စာနယ်ဇင်းကောင်စီဆိုတာ ဖွဲ့စည်းထားပေမယ့် စာနယ်ဇင်းကောင်စီမှာ ပါဝင်တဲ့လူတွေကို သိပ်အလေးအနက်မထားဘူးဆိုတဲ့သဘော ကျနော် သူကို တွေ့ဆုံမေးမြန်းတဲ့အခါ ပြောသွားတာ ရှိပါတယ်။ စာနယ်ဇင်းကောင်စီ အစည်းအဝေးခေါ်ရင်လည်း အယ်ဒီတာချုပ်တွေ၊ CEO တွေ မလာဘဲနဲ့ လက်ထောက်တွေပဲ လွှတ်နေကြတာ တွေ့တယ်ဆိုတော့ အဲဒါကော မှန်ပါသလား။ ဘယ်လောက် မှန်ပါသလဲ အဲဒီ စွပ်စွဲချက်က။ စာနယ်ဇင်းကောင်စီမှာ ညီညွတ်မှုမရှိဘူး။ စာနယ်ဇင်းကောင်စီက တကယ်တမ်း ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားမပြုနိုင်ဘူးဆိုတာ ဘယ်လိုပြောလိုပါသလဲ။

ဦးဇော်သက်ထွေး ။ ။ ကျနော်တို့ စာနယ်ဇင်းကောင်စီကို စတင်ဖွဲ့တုန်းက လူပုဂ္ဂိုလ် (၃၀) နဲ့ ဖွဲ့တာပါ။ အဲဒီ လူပုဂ္ဂိုလ် (၃၀) ထဲမှာ (၈၈) ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးနဲ့ အေပီ သတင်းဌာနက ဒေါ်အေးအေးဝင်းတို့ နှုတ်ထွက်သွားတဲ့အတွက်ကြောင့် ကျနော်တို့ (၂၈) ဦး ကျန်ပါတယ်။ အဲဒီ (၂၈) ဦးထဲမှာ ဆရာမောင်ဝံသနဲ့ ဒေါက်တာကျော်ဇောနိုင် ကွယ်လွန်သွားတဲ့အတွက် ကျန်တာကတော့ (၂၆) ဦးပါ။ (၂၆) ဦးမှာ တကယ်အလုပ်လုပ်နေတဲ့ လူက (၁၆) ဦး၊ (၁၇) ဦး ရှိပါတယ်။ အဲဒီလိုလူတွေကနေ ဘာကြောင့် ကျနော်တို့ကို Volunteer အနေနဲ့ ဒါကို ထမ်းရွက်နေရသလဲဆိုတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ မီဒီယာကို ကျနော်တို့က တစုတစည်းတဲ့ ဖြစ်စေဖို့နဲ့ မီဒီယာရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့အတွက်က ကျယ်ပြန့်တဲ့အဖွဲ့အစည်းတရပ် လိုပါတယ်။ ဒါကို မဟာဗျူဟာအရ ရှုမြင်မယ်ဆိုရင် မီဒီယာသမားအားလုံးက လက်ခံရမှာဖြစ်ပြီးတော့။ အခုန personal politics တွေကို ရှေ့တန်းတင်တဲ့လူတွေအနေနဲ့တော့ စာနယ်ဇင်းကောင်စီ ကျဆုံးတာကို မြင်တွေ့လိုတာ ရှိမှာပါ။ ဘာလို့လဲဆိုတော့ စာနယ်ဇင်းကောင်စီ မရှိရင် တသီးပုဂ္ဂလ မီဒီယာတွေရဲ့ စံတွေလွှမ်းမိုးပြီးတော့ အဲဒီ တသီးပုဂ္ဂလမီဒီယာတွေရဲ့ အမြင်ကို ထပ်ပြီးတော့ စုစည်းကြရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ စာနယ်ဇင်းကောင်စီ က သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျနော်တို့ မီဒီယာအများစုကို ကိုယ်စားပြုထားနိုင်တယ်ဆိုတာကတော့ ယနေ့လက်ရှိကာလမှာ မည်သူမှ ငြင်းဆိုနိုင်မှာ မဟုတ်ပါဘူး။ နောက်တခုက စာနယ်ဇင်းကောင်စီကို ကျနော်တို့ အလေးပြုပြီး လာခြင်းမလာခြင်းဟာ မီဒီယာသမား တဦးချင်းရဲ့ စိတ်ဆန္ဒနဲ့၊ တွေးခေါ်မှုနဲ့ ယုံကြည်ချက်တွေပေါ် မူတည်နေပါတယ်။

အဓိကတော့ စာနယ်ဇင်းကောင်စီမှာပါတဲ့ လူတွေအကြောင်းကို ပြောဆိုချင်တယ်ဆိုရင် စာနယ်ဇင်းကောင်စီ ဘာလုပ်ပေးခဲ့သလဲ။ ဘာတွေ လုပ်နေသလဲဆိုတာကို issue ကိုကြည့်ဖို့ လိုပါတယ်။ လူပုဂ္ဂိုလ်တွေထက်။ အဲဒီတော့ စာနယ်ဇင်းကောင်စီ က မီဒီယာဥပဒေကို ရေးဆွဲခဲ့တယ်။ နောက် အများလက်ခံနိုင်တဲ့ ကျင့်ဝတ်ကို ရေးဆွဲပြဌာန်းခဲ့တယ်။ ကျနော်တို့ အခုဆိုရင် စာနယ်ဇင်းကောင်စီ ဖွဲ့စည်းတာ (၂) နှစ် မပြည့်သေးပါဘူး။ ဒီကြားထဲမှာ ကျနော်တို့အနေနဲ့ ရှိတဲ့လူ (၁၆) ယောက် (၁၇) ယောက်ဟာ စတင်ဖွဲ့စည်းချိန်ကတည်းက အသွင်သဏ္ဍာန်အမျိုးမျိုးကလာတာ ဖြစ်ပေမယ့် အခု တစုတစည်းတည်း ဆောင်ရွက်နေတာ ရှိပါတယ်။ နောက်တခုက အထူးသဖြင့်ကတော့ စာနယ်ဇင်းကောင်စီကနေ ကျနော် မယုံကြည်လို့ နှုတ်ထွက်ပါတယ်ဆိုတဲ့လူ ယနေ့အချိန်အထိ မရှိသေးတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုအချိန်မှာ အခုနပြောတဲ့ ဝေဖန်မှုတွေနဲ့ ပတ်သက်လို့တော့ ကျနော်အနေနဲ့ စိုးရိမ်ပူပန်မှု မရှိဘူးလို့ ပြောချင်ပါတယ်။