စစ်တပ်ကို ပြုပြင်နိုင်မလား

တိုင်းပြည်ကို စစ်အစိုးရ အနှစ် (၂၀) ကျော် ကြီးစိုးပြီးလို့ (၂၀၁၁) မှာ ဦးသိန်းစိန်အစိုးရကို ဖွဲ့စည်းတဲ့အခါ မြန်မာ့စီးပွားရေးဟာ ဒေသဆိုင်ရာမှာ အောက်ဆုံးအဆင့် ရောက်နေပါတယ်။ မြန်မာပြည်ရဲ့ နှစ်စဉ် အသားတင်ထုတ်လုပ်မှု တန်းဖိုးဟာ အဆင်းရဲဆုံး အာဆီယံနိုင်ငံဖြစ်တဲ့ လာအို နဲ့ ကမ္ဘောဒီးယားရဲ့ တဝက်ပဲ ရှိတယ်လို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့က ဆိုပါတယ်။ ဒါပေမဲ့ ဒီကာလမှာ သန်းကြွေးသူဌေး ဒေါ်လာစား ဗိုလ်ချုပ်လူတန်းစား ပေါ်ထွက်လာပါတယ်။ ကုလသမဂ္ဂ ရိက္ခာထောက်ပံ့ရေးအစီအစဉ်မှာ လောလောဆယ် လိုအပ်နေတဲ့ ဒေါ်လာသန်း (၄၀) ကို ဒီလူတန်းစားက အသာလေး ပေးနိုင်ပါတယ်။

စစ်အာဏာသိမ်းပြီး မကြာမီ (၁၉၉၀) မှာ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေရှင်းကို တည်ထောင်ပါတယ်။ ဦးပိုင်ကုမ္ပဏီရဲ့ အစုရှယ်ယာ (၄၀) ရာခိုင်နှုန်းကို စစ်ရုံးကို ပိုင်ဆိုင်ပြီး (၆၀) ရာခိုင်နှုန်းကို စစ်တိုင်း (၁၂) ခု၊ ရဲဘော်ဟောင်းအသင်းနဲ့ အငြိမ်စားစစ်ဗိုလ်တွေ ပိုင်ဆိုင်ပါတယ်။ ဦးပိုင်ကုမ္ပဏီဟာ နိုင်ငံခြားနဲ့ ဖက်စပ်လုပ်ငန်း အများအပြားလုပ်ကိုင်ပါတယ်။ ဦးပိုင်ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းဟာ နိုင်ငံပိုင်လုပ်ငန်း ဥ့ပဒေအောက်မှာ မရှိတဲ့အတွက် စိတ်ကြိုက်စီးပွားရေးလုပ်နိုင်ပြီး အကန့်အသတ်မရှိ တိုးချဲ့နိုင်ပါတယ်။ အစိုးရအသုံးစရိတ်မှာလည်း စစ်စရိတ်က အများဆုံး ဖြစ်ပါတယ်။

သယံဇာတ တူးဖော်မှု၊ မူးယစ်ဆေး ထုတ်လုပ်မှု၊ တရားမဝင် အခွန်ကောက်ခံမှု၊ အဓမ္မစေခိုင်းမှု စတာတွေကလည်း စစ်တပ်စီးပွားရေးကို အထောက်အကူ ပြုပါတယ်။ ဝန်ကြီးဌာန (၅၀) ရာခိုင်နှုန်းဟာ ဒေါ်လာသန်း (၇၀) လောက် အလွဲသုံးစား လုပ်ထားတယ်လို့ စာရင်းစစ်ချုပ်က (၂၀၁၂) မှာ လွှတ်တော်ကို တင်ပြဖူးပါတယ်။ စီးပွားရေး နဲ့ နိုင်ငံရေး အခွင့်ထူးရယူတဲ့ စစ်တပ်ဟာ စစ်ရေးမှာ ညံ့ဖျင်းလာတယ်လို့ စစ်ရေးသုတေသီ Andrew Selth က နိုဝင်ဘာလထုတ် Griffith တက္ကသိုလ်စာတမ်းမှာ သုံးသပ်ထားပါတယ်။ တပ်ပြေးများတဲ့ စစ်တပ်မှာ စစ်ဗိုလ်များပြီး စစ်သားစုဆောင်ဖို့ ခက်ခဲနေပါတယ်။ ကချင်လွတ်မြောက်ရေးတပ်နဲ့ ရှမ်းပြည်နယ်တပ်ဖွဲ့တွေကို ထိုးစစ်ဆင်တဲ့အခါ အကျအဆုံးများတာဟာ အစိုးရတပ်မှာ ခေါင်းဆောင်မှုအားနည်းပြီး နည်းဗျူဟာညံ့ဖျင်းလို့ ဖြစ်တယ်လို့ Andrew Selth က သုံးသပ်ပါတယ်။

အရင် ဗိုလ်နေဝင်း ကြီးစိုးတဲ့ မဆလခေတ်က တပ်ရင်းတရင်းရဲ့ အင်အားကို (၇၀၀) ကျော် သတ်မှတ်ခဲ့ပေမယ့် အခုခေတ်မှာတော့ ခြေလျှင်တပ်ရင်းတရင်းရဲ့ စစ်သည်အင်အားဟာ အများဆုံး ၁၀၀ လောက်သာ ရှိတယ်လို့ သုတေသီ ဂါမဏိ က နိုဝင်ဘာလထုတ် (၁၅) ရက်နေ့ထုတ် မိုးမခစာစောင်မှာ ရေးထားပါ တယ်။ ခြေလျင်၊ ခြေမြန်တပ်ရင်း (၅၂၀) ကို ပျှမ်းမျှနှုန်းနဲ့တွက်ရင် တပ်ရင်းတရင်းမှာ စစ်သား (၈၀) လောက်ပဲ ရှိတော့တယ်လို့ ဆိုပါတယ်။ အစိုးရတပ်ရဲ့ စစ်သည် အင်အားဟာ အရင်က လေလုံးထွားခဲ့သလို ငါးသိန်းမဟုတ်ဘဲ နှစ်သိန်းတောင် မပြည့်ဘူးလို့ဆိုပါတယ်။ ဒါကြောင့် အသက်မပြည့်သေးတဲ့ ကလေးတွေကို စစ်ထဲသွင်းနေတာ ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ စစ်တက္ကသိုလ်နဲ့ ဗိုလ်သင်တန်းတွေက နှစ်စဉ်မွေးထုတ်တဲ့ ဗိုလ်အရေအတွက်ဟာ (၃၀၀၀) ကနေ (၅၀၀၀) အထိ ရှိတယ်လို့ သုတေသီ ဂါမဏိ က ထောက်ပြထားပါတယ်။

ဒီအတိုင်းဆိုရင် အစိုးရတပ်မှာ စစ်ဗိုလ်ဦးရေနဲ့ စစ်သားဦးရေ ညီတူညီမျှ ဖြစ်လာဖွယ် ရှိပါတယ်။ Andrew Selth ကတော့ အစိုးရတပ်မှာ အင်အား (၃) သိန်း ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းကြကြောင်း ဖော်ပြပါတယ်။ ခေတ်မီစစ်တပ်ဖြစ်ဖို့ ရည်ရွယ်ပြီး စစ်လက်နက်ဝယ်တာကို အဓိက ထားနေပုံရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ (၂၀၁၁) ကနေ (၂၀၁၄) အထိ စစ်ပစ္စည်း ဒေါ်လာသန်း (၁၆၀၀) ဖိုး ဝယ်ယူတယ်လို့ Andrew Selth ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ စုစုပေါင်းမှာ အင်အား (၁) သိန်းလောက် ရှိတယ်လို့ ခန့်မှန်းတာကြောင့် ခေတ်မီလက်နက်ကြီးတွေ ဝယ်ယူစုဆောင်းနေတာလည်း ဖြစ်နိုင်ပါတယ်။ စစ်ခေါင်းဆောင် အသိုင်းအဝိုင်း ကြွယ်ဝချမ်းသာလာပြီး စစ်တပ်မှာ လုပ်ပိုင်ခွင့်များလာသလို စစ်မှုရေးရာမှာ ကျွမ်းကျင်မှု ကျဆင်းတာဟာ ဒီခေတ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။

စစ်တပ်ဟာ လုပ်ပိုင်ခွင့် ပိုရဖို့သာ စိတ်ဝင်စားနေပုံ ရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်နေရာ (၂၅) ရာခိုင်နှုန်း ယူထားတာ စစ်အုပ်စု အကျိုးစီးပွားကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့်မို့ စစ်အုပ်စု နဲ့ ဒေါ်လာဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွား မထိခိုက်နိုင်တဲ့ ကိစ္စတွေမှာ အရပ်သားကိုယ်စားလှယ်နဲ့ လက်တွဲနိုင်မယ့်သဘော ရှိပါတယ်။ ဥပမာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့လို့ ယူဆရတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ အပေါ်စီးရအောင် ဥပဒေပြဌာန်းဖို့ စစ်တပ်ကိုယ်စားလှယ်က စိတ်ဝင်စားပါတယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးကိုတော့ လုံးဝဆန့်ကျင်ပါတယ်။

စစ်အုပ်စု အကျိုးစီးပွား ထိခိုက်တယ်လို့ ယူဆရင် တုံ့ပြန်မယ့် အဖွဲ့အစည်းကတော့ စစ်ဗိုလ်ခေါင်းဆောင်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးဌာနတွေ ဖြစ်ပါတယ်။ ဒီဝန်ကြီးဌာနတွေဟာ ဒီမိုကရေစီ ပြုပြင်ရေးကို နှောင့်နှေးသွားအောင် (သို့မဟုတ်) ပျက်စီးသွားအောင် လုပ်နိုင်ပါတယ်။ အရပ်သားအစိုးရနဲ့ အခွင့်ထူးခံ စစ်အုပ်စုဆက်ဆံရေးဟာ အလွန်အရေးကြီးပါတယ်။ ပြည်သူ့အကျိုး သယ်ပိုးဖို့အတွက် စစ်တပ်ဟာ ဘယ်လို ပြောင်းလဲနေသလဲ ဆိုတာကို ပြသဖို့ လိုပါတယ်။ စစ်တပ်အနေနဲ့ မိမိဘာသာ ပြုပြင်ပြောင်းလဲနိုင်မှသာ ပြည်တွင်းပြည်ပက အယုံအကြည် ရှိလာမှာ ဖြစ်ပါတယ်။