၂၀၁၀ မြန်မာ့သတင်း အနှစ်ချုပ်

၂၀၁၀ မြန်မာ့သတင်း အနှစ်ချုပ်

၂၀၁၀ ပြည့်ဟာ မြန်မာ့နိုင်ငံရေးမှာ အရေးကြီးတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တဲ့ နှစ်တနှစ်ဖြစ်တယ်လို့ ဆိုရင် မှားမယ် မဟုတ်ပါဘူး။ နှစ်ပေါင်း ၂၀ ကျော်အတွင်း လူအများ လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ ပါတီစုံရွေးကောက်ပွဲဆိုတာ မြင်တွေ့ခဲ့ရသလို မြန်မာ့နိုင်ငံရေးမှာ အချက်အချာကျတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် နှစ်ဦးတို့ဟာလည်း ဒီနှစ်အတွင်းမှာပဲ လွတ်မြောက်လာခဲ့ကြပါတယ်။ ၂၀၁၀ နှစ် အစောပိုင်းဖြစ်တဲ့ ဖေဖော်ဝါရီလမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး လွတ်မြောက်ခဲ့ပြီး နှစ်ကုန်ပိုင်းဖြစ်တဲ့ နိုဝင်ဘာလမှာတော့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါတယ်။ ဒီဖြစ်ရပ် နှစ်ခုနဲ့ တင်ပဲ၂၀၁၀ ဟာ ဘယ်လောက် အရေးပါခဲ့တယ်ဆိုတာ သိသာလောက်ပြီလို့ ဆိုရမှာပါ။

ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ဦးစလုံးကို ဒီနှစ်အတွင်း လွှတ်ပေးမယ်ဆိုတဲ့ အကြောင်းကိုတော့ စစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက နှစ်ဆန်းပိုင်းကတည်းက ပြောခဲ့ပါတယ်။

တကယ်တော့လည်း စစ်အစိုးရအနေနဲ့ သူတို့ရဲ့ ဥပဒေအရကို ဆက်လက်ချုပ်နှောင်ထားစရာ မရှိတောတဲ့ အခြေအနေ ရောက်နေခဲ့တာပါ။

ဒါကြောင့်လည်း သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရမယ်ရှာ အမှုလုပ်ပြီး ထောင်ဒဏ်ပေးလိုက်၊ ဗိုလ်ချုပ်မှူးကြီးက သက်ညှာတယ်ဆိုပြီး နေအိမ်အကျယ်ချုပ် တနှစ်ခွဲဆက်ထားလိုက် လုပ်ခဲ့တာ ဖြစ်တယ်လို့ သုံးသပ်သူတွေ ဥဒေပညာရှင်တွေ တညီတညွတ်တည်း ဆိုခဲ့ကြတာတွေ့ရပါတယ်။

ဦးတင်ဦး ကို ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ကလေးမြို့ အကျဉ်းထောင်ကတဆင့် ပုဒ်မ ၁၀ (က) နဲ့ နေအိမ်အကျယ်ချုပ်ျ တောက်လျှောက်ချထားတာ ဖြစ်ပါတယ်။ သူတို့ ၂ ဦးကို ဆက်လက် ချုပ်နှောင် ထားတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ဝေဖန် ရှုတ်ချသံတွေလည်း မိုးမွှန်နေခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၀ ဖေဖေါ်ဝါရီလမှာပဲ NLD ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးတယောက် နေအိမ်အကျယ်ချုပ်က ပြန်လည် လွတ်မြောက် လာခဲ့ပါတယ်။

“မတရားဘူးလို့ ခံစားရတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ လုပ်တာကို လည်း မတရားဘူး။ ကျနော်တို့နဲ့ ပတ်သက်လို့လည်း မတရားဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ဒီမိုကရေစီနဲ့ ဆောင်ရွက်နေသူမှန်သမျှ အားလုံးဝိုင်းဝန်းပြီးတော့ မူအရ လုပ်ကိုင်ဆောင်ရွက်နေသူတွေ ကို ဒီလို တားဆီး ပိတ်ပင်တယ်ဆိုတာက ကျနော်တို့အနေနဲ့ ဘဝင်မကျဘူး။”

ဦးတင်ဦး လွတ်မြောက်လာခြင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲချုပ်အတွက် တအားတက်စရာ ဖြစ်ခဲ့ရပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရပြုလုပ်မဲ့ ရွေးကောက်ပွဲအပေါ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထား၊ ရွှေဂုံတိုင် ကြေညာချက်တို့ကို ဆက်လက်ကိုင်စွဲသွားဖို့ ပြောဆိုပါတယ်။ ဦးတင်ဦးဟာ အခုအခါမှာ နေ့စဉ် ရုံးမတက် နိုင်ကြတော့တဲ့ စစ်ဗိုလ်ဟောင်း လူကြီးတွေထက် ပါတီဝင်ထု လူငယ်ထုနဲ့ နီးစပ်သူ အစေး ကပ်သူဖြစ်တဲ့ အပြင် အာဏာပိုင်တွေကိုလည်း ဦးဝင်းတင်တို့ထက် ပိုပြီးလက်တွေ့ ရင်ဆိုင်ဖို့ ကောင်းတဲ့ နောက်ကြောင်း ရှိခဲ့သူဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ပါတီဌာနချုပ်မှာ လုပ်လို့ မရတဲ့ လူစုလူဝေးတွေ အခမ်းအနားတွေကို သူရဲ့နေအိမ်မှာပဲ ပေါ်ပေါ်ထင်ထင်ပြုလုပ်ခဲ့ပါတယ်။

ဦးတင်ဦးလွတ်မြောက်လာချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ချမှတ်ခံရတဲ့ ကိစ္စကို ဥပဒေကြောင်းအရ ပြန်လည်ခုခံနေခဲ့ပါတယ်။

ဒီ ၂၀၁၀ နှစ်ဦးပိုင်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Mr Gambari နေရာမှာ Mr Vijay Nambia ကို အစားထိုးဖို့ စီစဉ်လာတာတွေ့ရပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂရဲ့အရာရှိ နောက်တဦးဖြစ်တဲ့လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ပါမောက္ခ Tomas Oje Kintana နှစ်ဆန်းပိုင်းမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြန်ပါတယ်။ ဒီတကြိမ် မြန်မာ နိုင်ငံ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းပြီးတဲ့နောက်မှာတော့ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှု မြောက်တဲ့ ပြစ်မှုကျူးလွန်မှုတွေ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ပြစ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး စုံစမ်းရေး ကော်မရှင် ဖွဲ့ဘို့ ကုလသမဂ္ဂကို အဆိုပြုခဲ့ပါတယ်။

“ကျနော်ရဲ့ နောက်ဆုံးအစီရင်ခံစာထဲမှာ အခြားအခြားသော လူ့အခွင့်အရေး စုံစမ်းရေးမှူးတွေ ရေးခဲ့ကြ သလိုပဲ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေသော ပဋိပက္ခထဲမှာပါဝင်တဲ့ ဘက်အားလုံးက လူ့အခွင့်အရေး ချိုးဖောက်မှု ပေါင်း မြောက်များစွာဖြစ်နေတယ်။ ဒါဟာ လူသားမျိုးနွယ်ပေါ် ကျူးလွန်တဲ့ပြစ်မှု စစ်ရာဇဝတ်မှုကြီး ဖြစ်နိုင် တယ်လို့ ဖော်ပြထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ ဖြေကြားဖို့၊ တာဝန်ယူဖို့၊ ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာစစ်အစိုးရမှာ တာဝန်ရှိပါတယ်။ တချိန်တည်းမှာပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှာ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ တာဝန်ရှိနေပါတယ်။ နှစ်ပေါင်းများစွာ တည်ရှိ လာတဲ့ နိုင်ငံတကာ ဥပဒေက ဒီလိုပဲ ပြဋ္ဌာန်းထားတာပါ။ ဒါကြောင့် ဒီကိစ္စဟာ မြန်မာစစ်အစိုးရအတွက် ကောင်းသလား၊ မကောင်းဘူးလား၊ မြန်မာပြည်သူတွေအတွက် ကောင်း သလား၊ မကောင်းဘူးလားဆိုတဲ့ ပြဿနာမဟုတ်ပါဘူး။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာ စာတမ်းကြီးအရ ပြဌာန်းထားတဲ့ မူပိုင်းဆိုင်ရာ ကိစ္စတရပ် ဖြစ်ပါတယ်။”

မစ္စတာကင်တားနား ထောက်ပြတဲ့အထဲမှာ အဓိကအားဖြင့် တိုင်းရင်းသားဒေသတွေမှာ အစိုးရစစ်တပ် ရဲ့ လုပ်ရပ်တွေကို ညွှန်းဆိုထားတာပါ။ စစ်အစိုးရဟာ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှု တစုံတရာမရှိဘဲ အပစ် ရပ်ဆိုင်းထားတဲ့ တိုင်းရင်းသားအဖွဲ့တွေကို လက်နက်စွန့်ခိုင်းလို့ မရတဲ့အဆုံး နယ်ခြားစောင့် တပ်ဖွဲ့တွေ၊ ပြည်သူ့စစ်တွေအဖြစ် အတင်း အသွင်ပြောင်းခိုင်းလာပါတော့တယ်။ ဒါဟာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင် ခါတော်မီလုပ်လာတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားအဖွဲ့အစည်းတွေကတော့ ကိုယ်ပိုင်ပြဌာန်းခွင့် ပြည့်ဝတဲ့ဖယ်ဒရယ်ပြည်ထောင်စု ဖွဲစည်းရေး ကို လိုလားနေကြတာပါ။ စစ်အစိုးရက လုံးဝလိုလားတဲ့လက်ခံတဲ့ အရိပ်အရောင်မတွေ့ ရပါဘူး။ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေးကဆိုရင် ဖယ်ဒရယ်မူဆိုတာ ပြည်ထောင်စုဖြိုခွဲရေးမူသာ ဖြစ်တယ်လို့ စစ်သူနာပြု တက္ကသိုလ်ကျောင်းဆင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

ဒီနယ်ခြားစောင့်တပ်ဖွဲ့စည်းရေး ကိစ္စကြောင့် အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရအကြား အခြေအနေ တင်းမာ လာတာဟာလည်း ၂၀၁၀ ပြည့် မြန်မာ့နိုင်ငံရေးမှာ ထူးခြားမှုတရပ်ဖြစ်ပါတယ်။ အပြစ်ရပ် အဖွဲ့တွေ အထဲကမှ စစ်အစိုးရနဲ့ ပုလဲနံပသင့်တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီလို့ ခေါ်တဲ့ KNLA ဗိုလ်ချုပ်ဌေးမောင်တို့အဖွဲ့၊ ဖုန်ကျားရှင် ဦးဆောင်တဲ့ ကိုးကန့် လက်နက်ကိုင် တပ်ဖွဲ့တို့ဟာ စစ်အစိုးရ နဲ့ ရန်သူတွေဖြစ်ကုန်ကြပါတယ်။ တချို့နေရာတွေမှာဆို ထိပ်တိုက်ရင်ဆိုင်မှုတွေ အပြန်အလှန်ပစ်ခတ်မှုတွေတောင် ဖြစ်လာခဲ့ပါတယ်။

၂၀၁၀ မတ်လအတွင်းမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ စစ်အစိုးရက ကျင်းပပေးမယ့် ၂၀၁၀ ရွေးကောက်ပွဲ ကို သပိတ်မှောက်တယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တရားဝင် ကြေညာလိုက်ပါ တယ်။

“ ကျနော်က လက်မခံနိုင်ဘူး။ လျှောက်လည်းဘယ်မှာ လမ်းသွားဆုံးမလဲ။ ဂိတ်ဆုံးမယ့်နေရာက ၂၀၀၈ အခြေခံဥပဒေကို အတည်ပြုပြီးတော့ အောင်စည်ရွန်းမယ့်ဂိတ်မှာ သွားဆုံးမယ်။ ကျနော်က အဲဒါကို သွားနေမှာ မဟုတ်ဘူး။ ကျနော်သွားနေမယ့်လမ်းမှာ စစ်မှန်သော ဒီမိုကရေစီ၊ စစ်မှန်သော လူ့အခွင့်အရေး ပန်းတိုင်ကို ဦးတည်သွားနေတာ။ အဲဒါကို ကျနော်တို့ပြောနေတာ။

ကျနော်တို့ လျှောက်နေပါတယ်။ လမ်းကိုလျှောက်နေတယ်။ ဦးတည်ချက်ကို လျှောက်နေတယ်။ အခုနပြောတဲ့ သူတို့ရဲ့ ဟိုဒင်းတွေမဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေလမ်းကြောင်း၊ ရွေးကောက်ပွဲ လမ်းကြောင်းကို လျှောက်နေတာ မဟုတ်ဘူး။ အခုလျှောက်နေတာ ပြည်သူနဲ့အတူ လျှောက်နိုင် အောင် ကြိုးစားနေပါတယ်။ ပြည်သူကို စည်းရုံးနေပါတယ်။ ပြည်သူကို လက်တွဲနေပါတယ်။ ပြည်သူနဲ့ အတူ လျှောက်မယ့်လမ်းကတော့ ဘာလဲဆိုတော့ ဒီမိုကရေစီလမ်း၊ တွေ့ဆုံဆွေးနွေးသွားခြင်းအားဖြင့်၊ ငြိမ်းချမ်းသောအားဖြင့် ဖြေရှင်းသော လမ်း၊ စစ်မှန်သော ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူညီမျှမှု၊ ကိုယ်ပိုင် ပြဋ္ဌာန်းမှုဆိုတဲ့ အခွင့်အရေးတွေရှိရေးဆိုတဲ့လမ်း၊ လူ့အခွင့်အရေးတွေ ပြည့်ဝတဲ့လမ်းကို ကျနော်တို့ လျှောက် နေပါတယ်။

ဟိုလမ်းပေါ်မှာ လျှောက်မှမဟုတ်ပါဘူး။ ဟိုလမ်းက နေပြည်တော်လမ်းလို ကျယ်ပြန့်တဲ့လမ်း ဖြစ်ကောင်း ဖြစ်မယ်။ ဒီရွေးကောက်ပွဲလမ်းဆိုတာ ကျနော်တို့လျှောက်နေတဲ့လမ်းက နယ်ကလမ်းတွေလို ပျက်တဲ့လမ်းတွေ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ကျနော်ကတော့ ကျနော်တို့ပန်းတိုင်နဲ့ ကျနော်တို့ ဦးတည်ချက်ရှိပါတယ်။ လမ်းမလျှောက်ဘဲ နေတာလည်း မဟုတ်ပါဘူးလို့ ပြောချင်ပါတယ်။”

ဒီဆုံးဖြတ်ချက်ကို ဘဝင်မကျ သူတချို့ရှိခဲ့ပေမဲ့ ဒီမိုကရေစီအင်အားစု အများအပြားတို့က ထောက်ခံခဲ့ကြ တာပါ။ နိုင်ငံတကာအသိုင်းအဝိုင်းကတော့ NLD ပါတီရဲ့ ဆုံးဖြတ်ချက်ကို နားလည်တဲ့ စကား ဆိုကြပါတယ်။

တဘက်မှာတော့ ရွေးကောက်ပွဲ ဝင်ဖို့လိုလားတဲ့ပါတီတွေ မှတ်ပုံတင်လာကြပါတယ်။ အထင်ရှားဆုံး ကတော့ အာဏာလက်ရှိစစ်အစိုးရကို ကိုယ်စားပြုတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပဲ ဖြစ်ပါတယ်။ လက်ရှိ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်ပြီး စစ်ဗိုလ်ချုပ်ကြီးတွေ ဝန်ကြီး၊ ဝန်ကြီးတွေ အားလုံး အရပ်သားပါတီဝင် အမတ်လောင်းတွေဖြစ်ကုန်ကြပါတယ်။ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ယှဉ်ပြိုင်မှု မဖြစ်နိုင်တဲ့သဘော ပိုမို ပီပြင်လာပြီလို့ သုံးသပ်သူတွေက ပြောဆိုလာကြပါတယ်။

ရွေးကောက်ပွဲကို တနေ့နေ့ ကျင်းပလာနိုးနဲ့ စောင့်စားနေကြချိန်မှာ ဂီရိ (Giri) ဆိုက်ကလုံး တိုက်ခတ်တဲ့ အတွက် ရခိုင်ဒေသအထိ နာခဲ့ရပါတယ်။ တနာရီ (၁၀၅) မိုင်နှုန်း တိုက်ခတ်သွားခဲ့တဲ့ ဒီမုန်တိုင်းကြောင့် လူပေါင်း ၅၀ ခန့် သေဆုံးပြီး နှစ်သိန်းနီးပါး အိုးအိမ်ဆုံးရှုံးခဲ့ရပါတယ်။

နိုင်ငံရေးဘက်မှာတော့ အာဏာလက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို စိမ်ခေါ်နိုင်လောက်တဲ့ အတိုက်အခံ ပါတီဆိုလို့ တပါတီမှ မပေါ်ထွန်းလာခဲ့ပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင်တချို့က အမျိုးသား ဒီမိုကရေစီ အင်အားစုဆိုတဲ့ နာမည်ကိုခံယူပြီး မှတ်ပုံတင်ခဲ့ပေမယ့် အင်အားကတော့ ကျန် ပါတီတွေလိုပဲ ခပ်ယဲ့ယဲ့သာ ရှိခဲ့ပါတယ်။

ကြံ့ဖွံ့ကလွဲလို့ ကျန်ပါတီတွေဟာ လှုပ်ရှားစည်းရုံးရေးမှာ ကန့်သတ်မှုတွေ နိုင့်ထက်စီးနင်း ပြုလုပ်တာတွေနဲ့ ရင်ဆိုင်ရတဲ့အကြောင်း ညည်းတွားတိုင်တန်းသံတွေလည်း အမြောက်အများပေါ်ထွက်ခဲ့ပါတယ်။ အဲဒီအထဲမှာ မှ တချို့ဒေသမှာ ဌာနဆိုင်ရာတွေမှာ ကြိုတင်မဲထည့်ခိုင်းတယ်ဆိုပြီး ကြံ့ခိုင်ရေး အတွက် ထောက်ခံမဲတွေ အတင်းရယူသွားတဲ့ကိစ္စကတော့ အကျယ်လောင်ဆုံးပဲလို့ ဆိုရပါလိမ့်မယ်။

ဘာပဲပြောပြော ဒီရွေးကောက်ပွဲဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အမည်ခံစစ်အစိုးရ အနိုင်ယူမယ့် လိမ်ဆင်ကြီးသာ ဖြစ်တယ်လို့ ပြောဆိုသူတွေ အများကြီးပါ။

“ဒီရွေးကောက်ပွဲဟာ သူတို့လိမ်ညာမယ်ဆိုတာကို သိတယ်။ နောက်တခါ သူတို့ ယူနီဖောင်း ဝတ်ထားနေရာ ကနေ ယူနီဖောင်းချွတ်ပြီးတော့ ကြံ့ဖွံ့ဆိုတဲ့ပါတီကို ပြောင်းလိုက်တယ်။ ပြောင်းပြီးတော့ သူတို့ ကိုယ်တိုင် သူတို့မဲကို သူတို့ထည့်မှာ ဖြစ်တဲ့အတွက်ကြောင့် ဒီမဲတွေက ကျနော်တို့ ထည့်စရာမလိုဘူး။ လုံးဝ လက်မခံဘူး ဆိုတာကို ကျနော်တို့ပြတာ”

နိုဝင်ဘာ ၇ ရက်နေ့မှာတော့ မြန်မာတနိုင်ငံလုံးလိုလို ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့ပါတယ်။ ပြည်ပ သတင်းစာ ဆရာတွေကို ရွေးကောက်ပွဲအတွက် လာရောက်သတင်းယူခွင့် လုံးဝမပြုခဲ့အပြင် အဖြေထွက်ပြီးသား ရွေးကောက်ပွဲ ဖြစ်နေတဲ့အတွက်လည်း အုတ်အော်သောင်းနင်း မဟုတ်လှဘူးလို့ ဆိုရပါလိမ့်မယ်။

“ရွေးကောက်ပွဲလုပ်တယ်ဆိုတာ ပြည်သူလူထုရဲ့ ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ဖို့ဖြစ်တယ်။ ပြည်သူ လူထုက အခုရွေးကောက်ပွဲမှာဝင်တဲ့ ပါတီတွေရဲ့ ပေါ်လစီတွေက ဘာလဲ။ တိတိကျကျ မှန်မှန်ကန်ကန် သိဖို့ လိုအပ် တယ်။ သူတို့မေးချင်တာတွေကိုလည်း မေးခွင့်ရှိရမယ်။ ၇၄ တုန်းက ဗိုလ်ချုပ်ကြီးနေဝင်းက နေပြီး ဦးနေဝင်းကို အာဏာလွှဲပေးလိုက်ပြီးတော့ ခေါင်းပေါင်းကြီးတွေနဲ့ အရပ်သားအစိုးရ ပေါ်လာတာ။ အခုလည်း ဗိုလ်ချုပ်ကြီးသိန်းစိန်က ဦးသိန်းစိန်ကို အာဏာလွှဲပေးလိုက်တဲ့အတွက် ခေါင်းပေါင်းကြီးတွေနဲ့ အစိုးရ ပေါ်လာ မှာ။”

တချိန်တည်းမှာပဲ နယ်ခြားစောင့်အသွင်ပြောင်းရေးးကို လက်မခံတဲ့တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အပေါ်မှာလည်း စစ်အစိုးရရဲ့ အကြပ်ကိုင်မှုတွေဟာ အထူးပဲတင်းကြပ်လာခဲ့ပြီး စစ်ရေးအရ အရေးယူ ချေမှုန်းရေးဆီ ဦးတည်လာပါတော့တယ်။ တိုင်းရင်းသားနယ်စပ်တွေမှာ စစ်ရေးပြင်ဆင်မှုတွေ ပိုလုပ် လာပါ တယ်။ အပြန်အလှန်ပစ်ခတ်မှုတွေဟာ တိုက်ပွဲအဆင့်ထိ ကြီးထွားလာခဲ့ပါတယ်။

“ကျနော်တို့က ဘယ်လိုပြောမလဲ။ နံပတ်တစ်အချက်က ကျနော်တို့ တိုင်းရင်းသားတွေအားလုံးရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတဲ့အထိ မျှော်မှန်းတယ်။ လက်ရှိ ကျနော်တို့နဲ့တွေ့ဆုံတဲ့ တိုင်းရင်းသားတွေလည်း ရှိတယ်။ ဆိုလိုတာက ကျနော်တို့က ကိုယ်ပိုင်ပြဌာန်းခွင့် ရလောက်တဲ့အထိ မျှော်မှန်းတယ်။ နောက်ပြီးတော့ ဖိနှိပ်ခံ လူတန်းစားတွေအားလုံး လွတ်မြောက်ဖို့အတွက်ထိ ရည်မှန်းချက် ရှိတယ်။ နိုင်ငံရေး အဖြေ ထုတ်ဖို့ စစ်ရေးအရ ကျနော်တို့ ပြောက်ကျားစစ်နဲ့ သွယ်ဝိုက်ပြီး တိုက်ရမယ်။

မြို့ပေါ်မှာလည်း ဝင်ရောက်ထိုးဖောက်နိုင်ရင်လည်း ဝင်ရောက်ထိုးဖောက်လှုပ်ရှားမှာပဲ။ တကယ်တော့ စစ်ကြီးက မကောင်းဘူး။ စစ်ရဲ့ အနိဋ္ဌာရုံအောက်မှာ လူသားတွေဒုက္ခရောက်နေတယ်။ သူတို့ အဲဒီ အမြင် မှန်နဲ့ ပြန်ပြီးဆွေးနွေးမယ်။ ကျနော်တို့ တိုင်းရင်းသားအားလုံး၊ အဖိနှိပ်ခံပြည်သူအားလုံးနဲ့ ဆွေးနွေးပြီး တော့ ပြန်ပြီးတော့ ငြိမ်းချမ်းရေးကိစ္စပြောမယ်ဆိုရင်တော့ နည်းနည်းလေး နီးစပ်မယ်။ ဘာမဟုတ်တဲ့ ကျနော်တို့ တစုတည်းကိုပဲ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ တစုပြီးတစု၊ နှစ်စု အမှည့်ခြွေ သွားမယ်။ ဒါတွေလည်း ကျနော်တို့ အတွေ့အကြုံရှိတယ်။ နည်းနည်းပါးပါး မြင်တတ် တွေးတတ်လာပြီ။”

တိုင်းရင်းသားတွေနဲ့ ပဋိပက္ခ ကြီးထွားလာချိန်မှာပဲ တိုင်းရင်းသားပြည်သူတွေနဲ့ ကမ္ဘာကပါ မျှော်လင့်နေတဲ့ အတိုင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ် ပေးတဲ့ နေ့ ဟာ ရွေးကောက်ပွဲအပြီး ၆ ရက်မြောက်တဲ့နေ့မှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စစ်အစိုးရ အနေနဲ့ သူတို့ စိတ်တိုင်းကျ ကျင်းပခဲ့ပြီး မျှော်လင့်တဲ့အဖြေ ရရှိတော့မယ်ဆိုတာ သေချာစိတ်ချလို့ လွှတ်ပေးလိုက်တယ် ဆိုတာကတော့ သံသယရှိစရာ မလိုပါဘူး။ တချို့ကလည်း စစ်အစိုးရဟာ သူတို့ရဲ့ မတရား ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာရှုတ်ချနေတာ လျော့ပါးသွားအောင်၊ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက ထောက်ခံ လာအောင် နိုင်ငံရေးကစားကွက်တခုအနေနဲ့ လွှတ်ပေးခြင်းသာ ဖြစ်တယ်လို့ ဆိုကြသူတွေလည်း ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ ဘာကြောင့်ပဲ လွှတ်လွှတ် နိုင်ရေးအကျဉ်းသားတွေကို လွှတ်ပေးရင် ကောင်းတာချည်းပဲလို့ ပြောခဲ့ပါတယ်။

“ကျမလွတ်လာတော့ ကျမရဲ့အလုပ်ကို ဆက်လုပ်နိုင်ပါတယ်။ ဒါကြောင့် သူတို့အနေနဲ့ နိုင်ငံရေးအမြတ် ထုတ်လို့ လွှတ်သည်တိုင် ကျမကတော့ မဝေဖန်ပါဘူး။ လွှတ်ပေးခံရမယ့် နိုင်ငံရေး အကျဉ်းသားအနေနဲ့ ဘာမလုပ်ရ၊ ညာမလုပ်ရဆိုတဲ့ ဝန်ခံချက်တွေ မလုပ်ရဘူးဆိုရင် ကောင်းတဲ့ ဖြစ်ရပ်ပဲ။ ကိုယ့် အလုပ်တွေ ကို ပိုပြီးတော့ လုပ်ခွင့်ရလာတာပါပဲ။”

မြန်မာ့ဒီမိုကရေစီရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက ပြည်သူတရပ်လုံး အတိုင်းအတာနဲ့ ဒီမိုကရေစီကွန်ယက်တခု ဖြစ်ထွန်းလာသင့်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

“ကျမ အဖွဲ့ချုပ်တခုတည်းနဲ့ လုပ်တာမဟုတ်ဘူးနော်။ ကျမတို့ ဒီမိုကရေစီအတွက် လုပ်နေတဲ့ အစု အဖွဲ့တွေ အားလုံးနဲ့ ပေါင်းပြီးတွဲပြီး လုပ်ချင်တယ်။ ”

ဒါ့အပြင် မြန်မာနိုင်ငံ စစ်အစိုးရကို ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားတဲ့နေရာမှာ ထိပ်ဆုံးကပါတဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူဝါဒကို ပြန်ပြောင်းသုံးသပ် သင့်တယ်လို့လည်း ပြောကြား လိုက်ပါတယ်။

“အခုအချိန်အထိတော့ ဒီဝါဒရဲ့ အောင်မြင်မှု အတိုင်းအတာကတော့ သိပ်ပြီးတော့ ထင်ထင်ရှားရှား တော့ သိပ်မရှိဘူး။ ဒါပေမဲ့ အခုအချိန်မှာလည်း ပြန်ပြီးတော့ ဒါကို စီစစ်သင့်ပြီလို့ ကျမထင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီဟာက နှစ်က တနှစ်ကျော်လာလို့ နှစ်နှစ်ကျော်လာလို့တင်မကပါဘူး။ အခု အချိန်အခါမှာဆိုရင် ရွေးကောက်ပွဲတွေလည်း လုပ်ပြီးပြီ။ အခြေအနေတွေလည်း ပြောင်းလဲတာတွေ မြင်နေရပြီဆိုတော့ အဲဒီ အပြောင်းအလဲမှုတွေပေါ်မှာ အခြေခံပြီးတော့ မူဝါဒကို ပြောင်းလဲဖို့ စဉ်းစား လာသင့်ပြီလို့ ကျမထင်ပါတယ်။”

အဲဒီနောက် ပေါ်ထွက်လာတဲ့ ရွေးကောက်ပွဲရလဒ်တွေကတော့ ကြိုတင်ယူဆထားကြတဲ့အတိုင်းပါပဲ။ စစ်အစိုးရရဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက မဲအပြတ်အသတ်အနိုင် ရရှိတယ်လို့ ဆိုပါတယ်။ စစ်အစိုးရနဲ့ အလွမ်း အသင့်ဆုံး ဖြစ်တဲ့ တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက မြန်မာအစိုးရ ရွေးကောက်ပွဲ ကော်မရှင်ကို ကိုးကားပြီး လွှတ်တော် ၃ ရပ် လုံးမှာ ဝန်ကြီးချုပ် ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီက အမတ်နေရာစုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာ ရာခိုင်နှုန်းအားဖြင့် ၇၆.၄၃ ရာခိုင်နှုန်း ရရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။

ကြံ့ဖွံ့ပါတီပြီးရင် တ၊စ၊ည က ၆၄ နေရာ၊ SNDP ခေါ် ရှမ်းအမျိုးသားတွေရဲ့ ကျားဖြူပါတီက ၅၇ နေရာ၊ RNDP ခေါ် ရခိုင်အမျိုးသားများ ဖွံ့ဖြိုးရေးပါတီက ၃၅ နေရာ၊ NDF အမျိုးသားဒီမိုကရေစီပါတီ အင်အားစုနဲ့ AMRDP မွန်တိုင်းရင်းသားပါတီတို့က ၁၆ နေရာစီအသီးသီး ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။ ဒါကိုကြည့်ရင် ရွေးကောက်ပွဲမတိုင်ခင် ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင် ချက် တစုံတခု လုပ်ချင်တယ်ဆိုရင် အနည်းဆုံးလွှတ်တော်အမတ် ၇၀ ရာခိုင်နှုန်းက အဆိုတင်သွင်းရ မယ်လို့ ပြဋ္ဌာန်းထား လေတော့ အခုရလာဒ်အတိုင်းဆိုရင် နိုင်ငံရေးသမားတွေအနေနဲ့ ရွေးကောက်ခံ ဒီမိုကရေစီ အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးကို စိတ်ကူးထဲတောင်မထည့်နိုင်တဲ့ အခြေအနေ ဖြစ်သွားတာ တွေ့ရပါတယ်။

တိုင်းရင်းသားဒေသအတော်များများ အနိုင်ရရှိခဲ့ကြတဲ့ တိုင်းရင်းသားပါတီတွေဟာလည်း ကိုယ်ပိုင် အုပ်ချုပ်ရေး၊ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးဆိုတာတွေထက် ဒေသဖွံ့ဖြိုးရေးအတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီနဲ့ ပူးပေါင်းဆောင်ရွက်ရေးလောက်ကိုပဲ ပြောနေကြပါတယ်။ လက်ရှိအစိုးရအဖွဲ့ဝင် ကြံ့ဖွံ့ ခေါင်းဆောင် တချို့ လည်း နယ်ခရီးထွက်ရင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ ရှိခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ နိုင်ငံရေးအခင်းအကျင်းသည်သာ မြန်မာနိုင်ငံရေး ပင်မ ရေစီးကြောင်း ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ မြန်မာ့သမိုင်းမှာ အလှည့်အပြောင်းကြီး တရပ် ဖြစ်စေခဲ့တဲ့ သမိုင်းဝင် မှတ်တမ်းကြီးအဖြစ် တွင်ရစ်ပါလိမ့်မယ်။ တဖက်မှာလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ဒီရွေးကောက်ပွဲကို ဝင်ရောက်ခြင်းမရှိခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး ပင်မလမ်း ကြောင်းက သွေဖြည်သွားခဲ့ပြီလားဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ လူပုဂ္ဂိုလ်တဦးအနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည် ရဲ့အခန်းကဏ္ဍဟာ ဘယ်တော့မှ မှေးမှိန်ပျောက်ကွယ်နိုင်စရာ အကြောင်းမရှိပေမဲ့ မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆုံးဖြတ်ချက်၊ လုပ်ကိုင် ချက်တွေ ဘယ်လောက်ထိအရေးပါ အရာရောက်နေသလဲဆိုတာ စောင့်ကြည့်ရပါလိမ့်မယ်။

နောက်ထပ် စောင့်ကြည့်ကြရမယ့် အချက်တရပ်ကတော့ အကျဉ်းထောင်တွေထဲမှာရှိနေဆဲ နိုင်ငံရေး အကျဉ်းသား တွေပဲ ဖြစ်ပါတယ်။ စစ်အစိုးရဟာရွေးကောက်ပွဲရလဒ်ကို စိတ်ချလို့ ဒေါ်အောင်ဆန်းစုကြည် ကို လွှတ်ပေးရဲတယ်ဆိုရင် ကျန်နိုင်ငံရေးအကျဉ်းသားတွေကို ဘာကြောင့် မလွှတ်ရဲတာလဲ၊ ဘာကို ကြောက်နေ သေးသလဲ ဆိုတာ စဉ်းစားစရာပါ။

အထူးသဖြင့် ကျောင်းသားလူငယ်ထု ကျောထောက်နောက်ခံရှိတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး တို့လို၊ ဖယ်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးကို တစိုက်မတ်မတ် ကြွေးကြော်နေတဲ့ ဦးခွန်ထွန်းဦးတို့လို ပုဂ္ဂိုလ်တွေကို ကတိကဝတ် တစုံတရာ မရယူဘဲ လွှတ်ပေးမဲ့ ကိစ္စကိုတော့ အာဏာချုပ်ကိုင်လို သူတွေအနေနဲ့ အကြိမ်ကြိမ် ထပ်မံစဉ်းစားကြမှာ မလွဲပါဘူး။

ဒါတွေအားလုံးဟာ ကုန်ဆုံးခဲ့တဲ့ ၂၀၁၀ ကနေ ၂၀၁၁ ကို လွှဲပြောင်းပေးအပ်လိုက်တဲ့ မြန်မာ့နိုင်ငံရေး အခြေအနေတွေ ဖြစ်ပါလိမ့်မယ်။