မဖြေရှင်းနိုင်သေးတဲ့ မြန်မာ့ငြိမ်းချမ်းရေး

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ (ဓာတ်ပုံ၊ ဦးလှမောင်ရွှေ)

ပြန်လည်ထုတ်လွှင့် --- ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မကြာသေးမှီက ပြီးဆုံးသွားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေ၊ ပါတီစုံ ကိုယ်စားလှယ်တွေနဲ့ အစိုးရကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအလားအလာနဲ့ ပတ်သက်ပြီး အားတက်သရော သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ လက်တွေ့ဖြစ်နိုင်တဲ့ အားတက်စရာတွေလား။ မှားယွင်းတဲ့ မျှော်လင့်ချက်တွေလား ဆိုတာကို သိရှိနိုင်ဖို့ တိုင်းရင်းသားအင်အားစုတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ နိုင်ဟံသာနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးတဲ့ပွဲဟာ ဒီတကြိမ်မှာ တော်တော်လေး မျှော်လင့်ချက်ထားတဲ့အသံတွေ ကြားရပါတယ်။ ဆရာတို့ဖက်က ဘယ်လောက်အထိ မျှော်လင့်ချက်ကောင်းတဲ့အချက်တွေ ရရှိခဲ့ပါသလဲ။ အတိအကျအားဖြင့် ဘာရရှိခဲ့ပါသလဲ။

နိုင်ဟံသာ ။ ။ အဓိကအားဖြင့်တော့ တဖက်ကလည်း ကျနော်တို့လည်း လိုက်လျောပါတယ်။ တဖက်ကလည်း ကျနော်တို့ လိုချင်တာ ရပါတယ်။ အဓိက အရေးကြီးတဲ့ ဆုံးဖြတ်ချက်ကတော့ အစိုးရဖက်က လိုလားတဲ့ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တန့်ခိုင်မြဲရေးဆိုတဲ့ အရေး (၃) ပါး အပါအဝင်။ နောက် လွတ်လပ်ရေး၊ တန်တူရေး နဲ့ တရားမျှတရေးဆိုတဲ့ လောကပါလတရား - အဲဒါကတော့ အစိုးရဖက်က လိုလားတာ။ နောက် ကျနော်တို့ လိုလားတာကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်မူကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေး - အဲဒါတွေကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ ရရှိတဲ့ နားလည်းမှုနဲ့ သဘောတူညီမှုနဲ့ အကောင်အထည်ဖော်သွားဖို့ ဆိုတဲ့ဟာ။ အဲဒီလို သဘောတူညီမှုကိုတော့ ရရှိခဲ့ပါတယ်။ အဲဒါက အရေးကြီးဆုံးပါပဲ။

ဦးကျော်ဇံသာ ။ ။ ဆရာတို့ဖက်က လိုလားတဲ့ ဒီမိုကရေစီနဲ့ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော ဖယ်ဒရယ်ပြည်ထောင်စု ထူထောင်ရေး။ ဒီကိစ္စကို သူတို့ဖက်က လိုက်လျောမယ် ပြောတာလား။ ဒီကိစ္စကို ဆွေးနွေးမယ်လို့ ပြောတာလား၊ ဒီကိစ္စကို လက်ခံဆွေးနွေးဖို့လို့ ပြောတာလား။

နိုင်ဟံသာ ။ ။ ဒီလိုပါ အဲဒီမူကို လာမယ့် နိုင်ငံရေးဆွေးနွေးပွဲမှာ အသေးစိတ် ဆွေးနွေးမှာပါ။ ဒါကို ယေဘုယျအားဖြင့်တော့ ဒီမူကို ဦးတည်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကို တက်မယ်။ သဘောကတော့ ဒီမူကိုလည်း လက်ခံတာပေါ့။ တဖက်ကတော့ ကျနော်တို့ကလည်း သူတို့ဖက်က အဆိုပြုတဲ့ အရေး (၃) ပါးနဲ့ လောကပါလတရား (၃) ပါးကို ကျနော်တို့လည်း လက်ခံလိုက်တယ်။ တဖက်က ကျနော်တို့ဖက်က အဆိုပြုတဲ့ ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖယ်ဒရယ်ဟန်မူကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေး၊ ဒါကိုလည်း သူတို့ လက်ခံလိုက်တယ်။

ဦးကျော်ဇံသာ ။ ။ ကျနော်က အဲဒါကို ရှင်းရှင်းလင်းလင်း သိချင်လို့ပါ။ အဲဒါကို အကောင်အထည်ဖော်ပေးမယ်လို့ လက်ခံတာလား။ သို့တည်းမဟုတ် အဲဒါကို လက်ခံဆွေးနွေးမယ်ဆိုတာလား ဆိုတာကို ကွဲကွဲပြားပြား။

နိုင်ဟံသာ ။ ။ ဒီလိုပါ အဲဒီမူကို ဦးတည်တဲ့ ဆွေးနွေးမှုအနေနဲ့ လုပ်မယ်။ ဒါကတော့ အသေးစိတ်ကတော့ လာမယ့် ဆွေးနွေးပွဲမှာ လာမယ်။ ဒါပေမဲ့ လာမယ့် ဆွေးနွေးပွဲမှာ အဲဒီကိစ္စတွေကို ဆွေးနွေးမယ်။ အဲဒါကို ဦးတည်တဲ့ ဆွေးနွေးမှုတွေကို ဆွေးနွေးမှာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အဲဒီဖက်ကဆိုတဲ့နေရာမှာ အုပ်ချုပ်ရေးတာဝန်ရှိတဲ့ပုဂ္ဂိုလ် အစိုးရပိုင်းက ပြောသလား။ သို့တည်မဟုတ် တပ်မတော်ပိုင်းက သဘောထားကော ပါပါသလား။ အဲဒီအထဲမှာ။

နိုင်ဟံသာ ။ ။ အဲဒါ (၃) ဖွဲ့စလုံး ပါပါတယ်။ အစိုးရ၊ လွှတ်တော် နဲ့ တပ်မတော် ကိုယ်စားလှယ် ၉၃) ဖက်စလုံး ပါပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တချု ိ့က ယူဆနေကြတယ်။ ဒီကိစ္စဟာ လက်တွေ့အကောင်အထည် တကယ်မပေါ်သေးဘဲနဲ့ ဒါဟာ တကယ်ဖြစ်လာတော့မယ် ပုံစံမျိုး false hope မှားယွင်းတဲ့မျှော်လင့်ချက်တွေ ပေးပြီးတော့ အစိုးရက နံမည်ကောင်းရအောင် လုပ်နေလေသလားဆိုပြီး သံသယရှိတဲ့ လူတချို့လည်း ရှိပါတယ်။ သူတို့အတွက် သံသယရှင်းအောင် ဆရာနိုင်ဟံသာအနေနဲ့ ဘာများ ပြောပြချင်ပါသလဲ။

နိုင်ဟံသာ ။ ။ ဒါလဲ ဥပမာပေါ့။ ကျနော်တို့ ဒါကို ဦးတည်ပြီးတော့မှ အကောင်အထည်ပေါ်လာနိုင်ဖို့ လာမယ့် ဆွေးနွေးပွဲမှာ ဆွေးနွေးမယ်ဆိုတော့ ဒါကတော့ အနည်းနဲ့အများကတော့ ဒါကို မူအရ လက်ခံလိုက်တာပေါ့။ အသေးစိတ်ကတော့ ဆွေးနွေးရမှာပေါ့။ အဲဒီ မူအရကလည်း တဖက်ကပြောမယ်ဆိုရင် အရင်က လုံးဝမရှိခဲ့တဲ့မူပါ။ သူတို့ဖက်က လုံးဝလက်မခံဘူး။ အရင်က ဖယ်ဒရယ်ကိုလည်း လက်မခံဘူး။ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း သူတို့ကတော့ ဥပဒေနဲ့ငြိနေတယ် ဘာညာ ဖြစ်နေပါသေးတယ်။ အခုကတော့ ကျော်သွားနိုင်ပြီပေါ့လေ။

ဦးကျော်ဇံသာ ။ ။ ဖယ်ဒရယ်ဆိုတဲ့စကားကိုလည်း တရားဝင်ပွင့်ပွင့်လင်းလင်း သုံးလာပြီပေါ။

နိုင်ဟံသာ ။ ။ ဟုတ်တယ် ဖယ်ဒရယ်မူကို ဦးတည်သော ပြည်ထောင်စုကို တည်ဆောက်ရေးဆိုပြီး အဲဒီလို သုံးပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခါ တိုင်းရင်းသားတွေဖက်က ဖယ်ဒရယ်တပ်မတော် ထူထောင်ရေးဆိုတဲ့ အသုံးအနှုန်းကလိုလည်း ပြောခဲ့တာ ရှိပါတယ်။ နောက် ဟိုတုန်းက လွတ်လပ်ရေးယူခါစ ဖွဲ့စည်းခဲ့သလိုပဲ ပြည်နယ် (၇) ခုနဲ့ ဗမာအပါအဝင် (၈) စသဖြင့် အဲဒါမျိုးထားမယ်ဆိုတဲ့ စဉ်းစားချက်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ ဘာများ ပြောခဲ့ကြပါသလဲ။

နိုင်ဟံသာ ။ ။ ဒါတွေကတော့ မပြောသေးပါဘူး။ တကယ်တမ်း ဆွေးနွေးတဲ့အခါကြရင် ဖယ်ဒရယ်ပြည်ထောင်စုဆိုတာ နိုင်ငံတခုနဲ့တခု မတူဘူးလေ။ အဲဒါတွေကို ဘယ်ပုံစံ အတိအကျရယ်လို့ ကျနော်တို့ ပြောလို့မရပါဘူး။ သူ့နှုန်းနဲ့သူပေါ့။ အရင့်အမာ၊ အပျော့နဲ့အမာ ဆိုသလိုပေါ့။ ကွဲပြားမှုတော့ ရှိမှာပါ။

ဦးကျော်ဇံသာ ။ ။ ကျနော် စောစောကပြောတဲ့ အချက်တွေကတော့ ဒီဖက်က သိပ်ပြီးတော့ တင်းတင်းမာမာ သဘောထား တောင်းဆိုရမယ့်အချက်လို့ ရမယ်ဆိုရင်လည်း ရမယ်ထင်ပါတယ်။ အပျော့ပြောင်းဆုံး ဟိုဖက်က လိုက်လျောနိုင်တဲ့ အခြေအနေကို ကျနော် စဉ်းစားမိတာတစ်ခုက အခုလက်ရှိ ဖွဲ့စည်းပုံထဲမှာလည်း ဖယ်ဒရယ်အသွင်ကိုဆောင်နေတာပဲ။ ဒီနေရာမှာ ဇယားခွဲခြားတဲ့နေရာမှာ ပြည်နယ်များ လူမျိုးစုများရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပိုပေးလိုက်ရင် ဖြစ်သွားနိုင်တယ်ဆိုတဲ့ စောဒကတစ်ခုလည်း ရှိပါတယ်။ အဲဒါ အပျော့ပြောင်းဆုံး ဟိုဖက်က လိုက်လျောမယ့် အခြေအနေ။ ဒီလို အပျော့ပြောင်းဆုံး လိုက်လျောမယ့် အခြေအနေပဲ ဖြစ်နိုင်သလား။ ဆရာတို့ ပိုပြီးလိုချင်တဲ့ စောစောက ပြောထားတဲ့ ပြည်နယ်တွေပြန်လည်ဖွဲ့စည်းရေးအထိ ဖြစ်လာနိုင်သလားဆိုတာကို ဆရာ ဘယ်လို တွေးမိပါသလဲ။

နိုင်ဟံသာ ။ ။ ဒါကတော့ ဘယ်လောက် ဖြစ်လာမလဲတော့ မပြောတတ်ဘူး။ တစ်ခုတော့ နည်းနည်း ရှင်းလာပါတယ်လို့တော့ ကျနော် မြင်ပါတယ်။ တဖက်က ဒီမိုကရေစီရေး၊ အမျိုးသားတန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ဒါတွေက ဖယ်ဒရယ်က နံမည်ခံရုံလောက် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံလောက်နဲ့ သွားလို့မရဘူးလေ။ အခုနက ပြောထားတဲ့အတိုင်း ပြည်နယ်နဲ့ ပြည်ထောင်စုကို အာဏာခွဲဝေပေးရမယ်။ ဒါတွေ ပါလာမယ်။ နောက် အမျိုးသားတန်တူရေး ဆိုပြီးတော့ ဆိုထားတဲ့အတွက် အမျိုးသားတွေရဲ့ လက္ခဏာတွေကို identity တွေကို အဲဒါတွေက ပေါ်ပေါ်လွင်လွင် ဖြစ်ဖို့လိုတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက ၁၉၆၂ ခုနှစ်တုန်းကလည်း အစိုးရဖြစ်တဲ့ ဝန်ကြီးချုပ်ဦးနု ဦးဆောင်တဲ့အစိုးရ ပြည်ထောင်စုအစိုးရက ဒါကို လိုက်လျောဖို့ အကြမ်းမျဉ်း ဆွေးနွေးစေခဲ့တယ်လို့ ကျနော်တို့ နားလည်းရပါတယ်။ ဒါပေမဲ့ ဒီဟာ ပြည်ထောင်စုပြိုကွဲရေး အန္တရာယ်ရှိတယ်လို့ အကြောင်းပြပြီးတော့ ဗိုလ်ချုပ်နေဝင်းက ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းယူခဲ့ပါတယ်။ ဆိုတော့ ဒီလို သမိုင်းဘီးမျိုး တပတ်ပြန်လည်လာနိုင်တဲ့ အန္တရာယ်ကော လုံးဝလွတ်ကင်းပြီလို့ ဆရာ တွက်ပါသလားခင်များ။

နိုင်ဟံသာ ။ ။ ဒါကတော့ ပြောလို့မရပါဘူး။ အာမခံလို့လဲ မရပါဘူး။ ဒါပေမဲ့ ကျနော်တို့က ကျနော်တို့နိုင်ငံမှာ ဖြစ်ရှိနေတဲ့ ပြည်တွင်းစစ်ကို လက်နက်ကိုင်အင်အားသုံးပြီးမှ ဖြေရှင်းလာတာ (၆၅) နှစ် ကြာပါပြီ။ မဖြေရှင်းနိုင်ဘူးဆိုတဲ့ဟာကို နားလည်းလာပြီလေ။ အဲဒီလို နားလည်းလာတဲ့အပေါ်မှာ အဲဒီ လမ်းစဉ်ကိုပဲ ဆက်လက်ပြီးတော့ ကျင့်သုံးနေရင် ကျနော်တို့နိုင်ငံဟာ ပိုပြီးတော့ ဆင်ရဲတွင်းနက်လာမယ်။ နောက်ဆုံးကတော့ ထိန်းလို့မရတဲ့ ပြိုကွဲသွားတဲ့အဆင့်ကို ရောက်သွားနိုင်တယ်လို့ ကျနော်မြင်တယ်။ ဒါကို နားလည်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေကတော့ ဒါကိုတော့ ဆက်ခွင့်ပြုနိုင်တော့မှာ မဟုတ်ဘူးလို့တော့ ကျနော် မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တစ်ခုက နိုင်ငံရေးသမားတချို့ တွက်တာကတော့ အခု ၂၀၁၅ ရွေးကောက်ပွဲ နီးလာတဲ့အခါမှာ တိုင်းရင်းသားတွေရဲ့ မဲဟာလည်း အင်မတန် အရေးကြီးတဲ့ကိစ္စ ဖြစ်လာပါလိမ့်မည်။ ပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်တဲ့ စွမ်းဆောင်ချက်ကလည်း အင်မတန်အရေးကြီးတဲ့ ပြည်သူတွေကြိုက်မယ့် လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်များ အခု သမ္မတဦးသိန်းစိန်အစိုးရက ဒီကိစ္စကို အသံကောင်းပေးပြီးတော့ မဲဆွယ်တဲ့နေရာမှာ အသုံးချဖို့ ကြိုးစားနေသလားဆိုတဲ့ သံသယတမျိုးလည်း ကြားရသေးတယ်။ အဲဒါက ဘယ်လောက်ဖြစ်နိုင်ပါသလဲ။

နိုင်ဟံသာ ။ ။ ဒါတွေကလဲ တဖက်က ဖြစ်ကောင်းဖြစ်နိုင်မှာပေါ့။ ဒါတွေကတော့ တဖက်ကတော့ အဆိုးကြီးပဲ ကြည့်လို့မရဘူး။ တဖက်က ကျနော်တို့နိုင်ငံက တိုင်းရင်းသားစည်းလုံးညီညွှတ်မှု မရှိလို့၊ တဖက်က နိုင်ငံက တော်တော်လေး ခေတ်နောက်ကျနေသလို။ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတို့လည်း ဆုံးရှုံးနေတဲ့ဟာကို ပြည်သူတွေက နားလည်းလာပါပြီ။ ဒါကြောင့် ကျနော်တို့က ခေတ်ဟောင်းအတိုင်း ဆက်သွားနေလို့တော့ မရဘူး။ ဒီနေ့ နိုင်ငံရေးပါတီ အများစုနဲ့လည်း တွေ့ပါတယ်။ ကျနော်တို့ နိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံကို ဖယ်ဒရယ်ပြည်ထောင်စုပုံစံနဲ့ပဲ ဖွဲ့စည်းမှ ဒါကတော့ ပြဿနာအားလုံး အေးချမ်းပြီးတော့ တိုးတက်နိုင်မယ့်ဟာကို နိုင်ငံရေးပါတီအားလုံးလိုလိုကလည်း ဒါကို လက်ခံလာပါတယ်။ ဒါကြောင့် ဒီကိစ္စကတော့ ပြည်သူအများစု နိုင်ငံရေးအင်အားစုအများစုရဲ့ သဘောတော့ လက်ခံလာတဲ့ အယူအဆတစ်ခုဖြစ်တယ်လို့ ကျနော် မြင်တယ်။

ဦးကျော်ဇံသာ ။ ။ အခု ဆရာတို့ မှန်းထားတဲ့အတိုင်းဆိုရင် ဒီဇင်ဘာ သို့မဟုတ် ဇန်နဝါရီမှာ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်၊ ဘာညာ ကြားရပါတယ်။ ဝန်ကြီးဦးအောင်မင်း ပြောတဲ့အထဲမှာလည်းပါတယ်ဆိုတော့။ ဆရာတို့က အခု ဒီရက်ပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ကြတယ်လို့ ကြားသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လို သဘောထား ရှိပါသလဲ။ သူက အားတတ်သရော ရှိပါသလား။ နိုင်ငံရေးဆွေးနွေးပွဲမှာ သူကိုယ်တိုင်ပါဝင်ဖို့ အစီအစဉ် ရှိပါသလား။

နိုင်ဟံသာ ။ ။ ဒါကတော့ နိုင်ငံရေးဆွေးနွေးပွဲက ဘယ်အချိန်ရောက်မှန်းလဲ မပြောတတ်သေးဘူး။ ကျနော်တို့က ဒီကိစ္စလည်း သူကိုတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ သဘောကတော့ သူလည်း နိုင်ငံရေးခေါင်းဆောင်တစ်ဦးပါပဲ။ နိုင်ငံရေးဆွေးနွေးပွဲမှာတော့ ပါသင့်ပါထိုက်တဲ့ အဆင့်တခုခုမှာတော့ သူလည်းပါမှာပေါ့။ ကနေ့ကတော့ သူနဲ့ ကျနော်တို့ တွေ့တုန်းကတော့ တနိုင်ငံလုံး ပစ်ခတ်ရပ်စဲရေးလောက်ကိုပဲ ကျနော်တို့က သူကို ပြောပြသလို၊ တဖက်ကလည်း လွှတ်တော်အတွင်းမှာ ဒီအခြေခံဥပဒေ ပြောင်းလဲရေးအနေအထားတွေကိုလည်း သူဆီက ကျနော်တို့ ကြားရပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်ဆုံးမေးချင်တာက ဆရာတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲက ငြိမ်းချမ်းရေးမျှော်လင့်ချက်သံတွေ ကြားနေရတဲ့ကိစ္စကို တိုင်းရင်းသားတွေထဲမှာ အစိုးရနဲ့ သဘောထားအတော်လေး တင်းမာနေတယ်ဆိုတဲ့ ကချင် တိုင်းရင်းသား ကေအိုင်အေနဲ့ကော ဆရာတို့နဲ့ ထပ်တူထပ်မျှ သဘောတူပါသလား။ အဲဒါတစ်ခုရယ် နောက် တအောင်းတွေနဲ့ ဆက်လက်ပြီး တိုက်ပွဲတွေ ဖြစ်တယ်ဆိုတဲ့ကိစ္စကိုလည်း ကြားရပါတယ်။ အဲဒီကိစ္စတွေကို ဘယ်လို ဖြေရှင်းကြမလဲ။

နိုင်ဟံသာ ။ ။ ကျနော်တို့ မြင်တာကတော့ ကချင်ခေါင်းဆောင်တွေ၊ ပလောင်းခေါင်းဆောင်တွေက ကျနော်တို့နဲ့ ရင်းရင်းနှီးနှီး အားလုံး သိကြပါတယ်။ သူတို့သဘောထားကလဲ တမျိုးဘေးထွက်နေတာ မဟုတ်ပါဘူး။ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သူတို့လည်း လိုလားပါတယ်။ တကယ်လို့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဖြစ်သွားရင် သူတို့နယ်မြေမှာလည်း အခု ဖြစ်နေတဲ့ စစ်ပွဲတွေလည်း အလိုလို ရပ်နားသွားမှာပါလို့ ကျနော်တို့ အဲဒီလိုမြင်တယ်။ သူတို့လည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်။