ဈေးကွက်စနစ် ကျင့်သုံးတယ်ဆိုပေမဲ့ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကလုပ်ငန်းတွေ စီးပွားရေးလုပ်ရတာ ခက်ခဲကြောင်း သုံးသပ်ထားတဲ့ Doing Business 2014 ကမ္ဘာ့ဘဏ်အစီရင်ခံစာ ထွက်လာပြီး မကြာမီမှာ အာဆီယံသုတေသနဌာနရဲ့ ASEAN SME Policy Index ထွက်လာပါတယ်။ သြဂုတ်လနှောင်းပိုင်းရောက်တော့ Unlocking the Potential ဆိုတဲ့ မြန်မာပြည်ဆိုင်ရာ အစီရင်ခံစာကို ADB အာရှဖွံ့ဖြိုးရေးဘဏ်က ထုတ်ဝေလိုက်ပါတယ်။ ဒီ အစီရင်ခံစာ (၃) ခုစလုံးမှာ တူညီနေတဲ့အချက်က အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ မြန်မာပြည်မှာ ရှင်သန်ကြီးထွားဖို့ ခက်ခဲကြောင်း သုံးသပ်ထားတာ ဖြစ်ပါတယ်။
အသေးစားနဲ့ အလတ်စားလုပ်ငန်း အထွန်းကားဆုံးနိုင်ငံဟာ စင်္ကာပူနိုင်ငံဖြစ်ပြီး၊ မလေးရှားက ဒုတိယ၊ ထိုင်းနဲ့ အင်ဒိုနီးရှားက တတိယ၊ ဖိလစ်ပိုင်က စတုတ္ထ၊ ဗိယက်နမ်က ပဉ္စမ ဖြစ်ပါတယ်။ ဘရူနိုင်း၊ မြန်မာ၊ လာအို နဲ့ ကမ္ဘောဒီယားတို့ကတော့ အာဆီယံပျမ်မျှနှုန်းအောက်မှာ ရှိနေပါတယ်။ ဒီအခြေအနေကို သြဂုတ်လနှောင်းပိုင်း နေပြည်တော်မှာ ကျင်းပတဲ့ အသေးစား၊ အလတ်စားလုပ်ငန်း ကော်မတီ အစည်းအဝေးကလည်း အသိအမှတ်ပြုပါတယ်။ သက်ဆိုင်ရာအာဏာပိုင်ကို လာဘ်ထိုးရလို့ ကုန်ကျစရိတ် ကြီးမြင့်တာဟာလည်း အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း မတိုးတက်နိုင်တဲ့ အကြောင်းရင်းတခု ဖြစ်ပါတယ်။
ဆိုရှယ်လစ်စီးပွားရေး ကျင့်သုံးခဲ့တဲ့ စစ်တပ်ဟာ (၁၉၈၈) မှာ အာဏာသိမ်းပြီး ဈေးကွက်စီးပွားရေး ကျင့်သုံးမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဈေးကွက်မှာ အဓိကကျတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်သန် ကြီးထွားရေးကို လျစ်လျူရှုထားပြီး စစ်အုပ်စုအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကို မြှင့်တင်ပါတယ်။ ဆိုရှယ်လစ်ခေတ်ကုန်ပိုင်းမှာ နိုင်ငံပိုင်စက်မှုလုပ်ငန်း (၆၀၀) ရှိခဲ့ပေမဲ့ ဈေးကွက်စနစ် ကျင့်သုံးလို့ (၁၀) နှစ်ကျော် ကြာလာတော့ နိုင်ငံပိုင်လုပ်ငန်း (၁၂၀၀) ရှိလာတယ်လို့ Toshihiro Kudo ရဲ့ စာတမ်းမှာ ဖော်ပြပါတယ်။ နိုင်ငံပိုင်လုပ်ငန်းများလေလေ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အလွဲသုံးစားလုပ်လို့ ကောင်းလေလေ ဖြစ်နေပါတယ်။ ပုဂ္ဂလိကလုပ်ငန်းကို မြေတောင်မြှောက်ပေးရမယ့်အချိန်မှာ စစ်အစိုးရအာဏာပြပြီး ဆွေမျိုးသားချင်းနဲ့ ခရိုနီကိုသာ ဦးစားပေးတာမို့ လုပ်ငန်းအများစုဟာ မကြီးထွားနိုင်ဘဲ ဖြစ်နေပါတယ်။
မဆလခေတ် (၂၆) နှစ်နဲ့ စစ်အစိုးရခေတ် (၂၃) နှစ်မှာ တည်ထောင်ခဲ့တဲ့ နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကပိုင်လုပ်တဲ့အခါမှာ စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းနဲ့ ခရိုနီအသိုင်းအဝိုင်းလက်ထဲ ရောက်သွားပါတယ်။ ဗိုလ်ချုပ်မှုးကြီးတွေနဲ့ နီးစပ်ရင် နီးစပ်သလို စီးပွားရေးအကျိုးအမြတ် ခံစားကြရပါတယ်။ ရုရှားနိုင်ငံမှာ ဆိုရှယ်လစ်ခေတ် ကုန်တဲ့အခါ ကုဋေကြွယ်သူဌေးတစု ပေါ်ထွက်လာသလို မြန်မာပြည်မှာလည်း ဆိုရှယ်လစ်ခေတ် နိဂုံးချုပ်တဲ့အခါ ကုဋေကြွယ် ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေ ပေါ်ထွက်လာပါတယ်။ ဒါကြောင့် ကောင်းရောင်းကောင်းဝယ် ပုံမှန်လုပ်နိုင်ဖို့ ခက်ခဲနေပါတယ်။ စီးပွားရေးလမ်းစဉ် မှန်ကန်ဖို့၊ စီးပွားရေးတည်ငြိမ်ဖို့၊ တရားဥပဒေ ခိုင်မာဖို့၊ သိသာမြင်သာဖို့၊ အလုပ်သမား ကျွမ်းကျင်ဖို့၊ အခြေခံအဆောက်အအုံ ကောင်းမွန်ဖို့ စစ်အစိုးရခေတ် (၂၃) နှစ်မှာ မလုပ်ဆောင်နိုင်ခဲ့တာ ထင်ရှားပါတယ်။
ရေရှည်စီးပွားရေး တိုးတက်ဖို့နဲ့ ဆင်းရဲမှုနည်းပါးရေးအတွက် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်း ရှင်သန်ကြီးထွားဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလုပ်ငန်းရှင်သန်ဖို့ မြန်မာပြည်မှာ အခက်ဆုံး ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ Doing Business 2014 မှာ ဖော်ပြတယ်။ စီးပွားရေးလုပ်ငန်း စတင်မတည်တဲ့ (၁၈၉) နိုင်ငံမှာ မြန်မာက အခက်ဆုံ ဖြစ်နေပါတယ်။ မလေးရှားမှာ (၆) ရက်နဲ့ လုပ်ငန်းစလုပ်နိုင်ပေမယ့် မြန်မာနိုင်ငံမှာ (၇၂) ရက်၊ လာအိုမှာ (၉၂) ရက် ကြာတယ်လို့ ဖော်ပြပါတယ်။ လုပ်ငန်းအတွက် ငွေချေးတဲ့အခါမှာလည်း မြန်မာပြည်မှာ အခက်ဆုံးဖြစ်ပြီး မလေးရှားမှာ အလွယ်ဆုံး ဖြစ်ပါတယ်။ သွင်းကုန်ပို့ကုန်မှာ အာဆီယံပျမ်းမျှနှုန်းထက် မြန်မာကပိုပြီးကြာနေပါတယ်။ ရုံးလုပ်နည်းလုပ်ထုံး အဆင့်ဆင့်မှာ ကြန့်ကြာနေတာကို လာဘ်ထိုးပြီး ကျော်လွှားရတဲ့အတွက် လုပ်ငန်းရှင်အတွက် အကုန်အကျ ပိုများလာပါတယ်။
စီးပွားရေးမှာ အငြင်းပွားကြပြီး အမှုဖြစ်ရင် တရားရုံးက မှန်ကန်စွာ အလျှင်အမြန် ဖြေရှင်းပေးဖို့ လိုပါတယ်။ သဘောတူချက် ဖောက်ဖျက်ရင် တရားရုံးကို အားကိုးနိုင်မှ စီးပွားရေး လုပ်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာလည်း မြန်မာပြည်ဟာ အညံ့ဆုံးပဲလို့ ကမ္ဘာ့ဘဏ်အစီရင်ခ့စာမှာ ဖော်ပြပါတယ်။ ငွေပေးချေဖို့ ပျက်ကွက်မှုကို တရားစွဲရင် (၃) နှစ်ကျော်ကြာနိုင်ပြီး အဆင့်ပေါင်း (၄၅) ဆင့် ကျော်လွှားရပါလိမ့်မယ်။ ကုန်ကျစရိတ်က ရစရာရှိတဲ့ငွေရဲ့ (၅၀) ရာခိုင်နှုန်းကျော် ဖြစ်နေလို့ ငွေကုန်လူပမ်း ဖြစ်နေပါတယ်။ တရားမစွဲဘဲ ရသလောက် တောင်းယူတာကမှ တရားလိုအတွက် တွက်ချေကိုက်သလို ဖြစ်နေပါတယ်။
စီးပွားရေးလုပ်ရာမှာ ကြုံတွေ့ရတဲ့ အကြီးဆုံး ပြဿနာတွေကို World Economic Forum က စာရင်းလုပ်တဲ့အခါမှာ ငွေချေးနိုင်မှု၊ ပေါ်လစီပြောင်းလဲမှု၊ အဂတိလိုက်စားမှုနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုစတာတွေကို အဓိက ပြဿနာအဖြစ် ဖော်ပြပါတယ်။ မြန်မာ့ပုဂ္ဂလိကလုပ်ငန်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ကြည့်ရတာ တခုမှ အားရစရာ မရှိပါဘူး။ ဒီလို အခက်အခဲတွေရှိပေမဲ့ တရုတ်လုပ်ငန်းရှင်တွကတော့ သူနည်းသူဟန်နဲ့ အလုပ်ဖြစ်နေပုံ ရပါတယ်။ စစ်အုပ်စု၊ ခရိုနီ နဲ့ တရုတ်လုပ်ငန်းရှင်တွေသာ စီးပွားရေး အဆင်ပြေကြပြီး သာမန်ပုဂ္ဂလိကလုပ်ငန်းတွေဟာ ရှင်သန်ကြီးထွားဖို့ ခက်ခဲနေပုံ ရပါတယ်။