ဝါဒဖြန့် နိုင်ငံရေး

စစ်အာဏာရှင်စနစ် ကြီးစိုးချိန်ကစပြီး ဝါဒဖြန့် နိုင်ငံရေးခေတ်စားတာမို့ အနှစ် (၅၀) ကျော်လာပါပြီ ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင် အပြောတမျိုး အလုပ်တမျိုးလုပ်တာ ဝါဒဖြန့်နိုင်ငံရေးပါ။ ပြည်သူကို အယုံသွင်းဖို့ ဝါဒဖြန့် စစ်ဆင်ရေးလုပ်ပြီး အာဏာရှင်စနစ် တည်ဆောက်ပါတယ်။ ဒါပေမဲ့ အနှစ် (၅၀) ကျော်တဲ့အခါမှာ ဝါဒဖြန့်တဲ့လုပ်ဇာတ်ကို အဟုတ်မှတ်ပြီး ယုံကြည်သူတွေ များလာပါတယ်။ ရွေးကောက်တင်မြှောက်ထားတဲ့ ဦးနုအစိုးရကို စစ်တပ်က ဖြုတ်ချပြီး အာဏာသိမ်းတဲ့ မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့လို့ သတ်မှတ်ပြီး နေ့ကြိးရက်ကြီးအဖြစ် အခမ်းအနား ကျင်းပလေ့ရှိပါတယ်။

ဗိုလ်ချုပ်ဟောင်းသမ္မတဦးသိန်းစိန်ကလည်း သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးဆိုပြီး လွန်ခဲ့တဲ့ မတ်လ (၂) ရက်နေ့က သဝဏ်လွှာ ပို့ပါတယ်။ ဟုတ်ပါတယ် စစ်အာဏာရှင်ခေတ်မှာ ကြီးပွားချမ်းသာသွားကြတဲ့ စစ်ဗိုလ်လူတန်းစားတွေအတွက်တော့ နေ့ထူးနေ့မြတ်ပါ။ စစ်တပ်ကြီးစိုးတဲ့ခေတ်မှာ နှစ်စဉ်နှစ်တိုင်း တောင်သူလယ်သမားနေ့ ကျင်းပပေမယ့် တောင်သူလယ်သမားတွေဟာ အနှစ် (၅၀) အတွင်း ပိုပြီးဆင်းရဲလာကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သားအစိုးရဟာ စစ်အုပ်စုရဲ့ ဝါဒဖြန့် နိုင်ငံရေး ဝဲဂယက်က ထွက်ခွါနိုင်ဖို့ လိုပါတယ်။ သတိမမူ ဂူမမြင် ဆိုတာမျိုး ဖြစ်တတ်ပါတယ်။

စစ်အုပ်စု ကြီးစိုးစဉ်မှာ စစ်တပ်ရဲ့ ဝါဒဖြန့်ချက်ကသာ အမှန်တရားလို ဖြစ်နေပါတယ်။ ကြမ်းပိုးကို လိပ်ဖြစ်အောင် ပုံကြီးချဲ့မှုနဲ့ လိမ်ညာဝါဒဖြန့်မှုကို အစိုးရမီဒီယာမှာ တွေ့နိုင်ပါတယ်။ နှစ်ပေါင်းများစွာ ကြာညောင်းလာတဲ့အခါ စစ်အစိုးရဝါဒဖြန့်ချက်ကို စစ်ဗိုလ်တွေကိုယ်တိုင် အမှန်တရားအဖြစ် ယုံကြည်လာကြပါတယ်။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ ခေါ်ပါတယ်။ ပြင်သစ်စိတ်ပညာရှင် Emile Coue တွေ့ရှိတဲ့နည်း ဖြစ်ပါတယ်။ လယ်ယာမြေတွေကို ထင်သလို သိမ်းယူတဲ့ စစ်ဗိုလ်တွေက မတ်လ (၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် အမွှမ်းတင်ဝါဒဖြန့်ပြီး တောင်သူလယ်သမားအကျိုး သယ်ပိုးဟန် ပြနေပါတယ်။ စစ်အာဏာရှင်ခေတ်ရဲ့ ဝါဒဖြန့်ဓလေ့ကို အရပ်သားအစိုးရ ရှောင်နိုင်ဖို့ လိုပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကို နေ့ကြီးရက်ကြီးအဖြစ် တရားဝင် အသိအမှတ်ပြုဖို့ လိုနေပါတယ်။

မတ်လ (၂၇) ရက်နေ့ကို တပ်မတော် (သို့မဟုတ်) တော်လှန်ရေးနေ့အဖြစ် နှစ်စဉ်ကျင်းပလာတာ (၇၁) ကြိမ် ရှိပါပြီ။ အင်္ဂလိပ် နဲ့ အမေရိကန်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် စစ်ရှုံးပြီး ဆုတ်ခွါနေတဲ့ ဂျပန်စစ်တပ်ကို လက်အောက်ခံ ဗမာတပ်ဖွဲ့က စတင်ပုန်ကန်တဲ့နေ့ကို ဝါဒဖြန့်တာ ဖြစ်ပါတယ်။ သမိုင်းကို အသေအချာ မလေ့လာရင် ဗမာတပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးပြီး လွတ်လပ်ရေးရသလိုလို ထင်ယောင်ထင်မှား ဖြစ်တတ်ပါတယ်။ ဒုတိယကမ္ဘာစစ် အစောပိုင်းမှာ ဗမာတပ်ဖွဲ့ဟာ ဂျပန်နဲ့ လက်တွဲပြီး အင်္ဂလိပ်ကို တိုက်ပါတယ်။ နောက်ပိုင်း အင်္ဂလိပ်က စစ်နိုင်တဲ့အခါမှာ အင်္ဂလိပ်နဲ့တွဲပြီး ဂျပန်ကို ပြန်တိုက်ပါတယ်။ ဗမာတပ်ဖွဲ့ဟာ အဖြည့်ခံအနေနဲ့ ပါဝင်တာဖြစ်လို့ စစ်ပြီးတဲ့အခါ အင်္ဂလိပ်တပ်အောက်ကို ရောက်သွားပါတယ်။ ဗမာစစ်တပ်မရှိလည်း အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရသလို ဗမာလည်းရမှာ သေချာပါတယ်။

တော်လှန်ရေး နဲ့ တပ်မတော်အခန်းကဏ္ဍကို ပုံကြီးချဲပြီး ဝါဒဖြန့်တာ နှစ်ပေါင်းကြာတဲ့အခါမှာ တိုင်းရင်းသားတွေကတော့ ဖက်ဆစ်တော်လှန်ရေးမှာ မပါသလို ဖြစ်နေပါတယ်။ တကယ်တော့ ဗမာစစ်တပ် ဂျပန်ဖက်ဆစ်နဲ့ လက်တွဲနေစဉ်ကတည်းက ဖက်ဆစ်ကို တိုက်ခိုက်တာ ကရင် နဲ့ ချင်းအမျိုးသားတွေပါ။ အင်္ဂလိပ်ဗိုလ်မှူး - Seagrim ခေါင်းဆောင်တဲ့ ကရင်ပြောက်ကျားတပ်ဖွဲ့က ဂျပန်တပ်ကို ပထမဦးဆုံး တော်လှန်တာပါ။ ၁၉၄၂ ခုနှစ် ဆောင်းဦးရာသီ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားစဉ်မှာ ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ချင်းပြည်သူစစ်က စတင်တိုက်ခိုက်ချိန်ကစပြီး ဖက်ဆစ်တော်လှန်ရေး စတယ်လို့ ပြောနိုင်ပါတယ်။ ၁၉၄၂ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာ ဂျပန်တပ်ဖွဲ့ကို ချင်းပြည်သူစစ်က လျှပ်တပြတ်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျဆုံးတာကို (၂၆) ရက်နေ့မှာ ဘီဘီစီ အင်္ဂလိပ်သတင်းက ကြေညာပါတယ်။

စစ်ပြီးတဲ့အခါ ဗမာတပ်ကို ပုံမှန်စစ်မှုထမ်းတပ်အဖြစ် ဖွဲ့စည်းဖို့ အင်္ဂလိပ်နဲ့ မြန်မာခေါင်းဆောင်တွေ ၁၉၄၅ စက်တင်ဘာလ (၇) ရက်နေ့က အိန္ဒိယပြည် ကန္ဒီမြို့မှာ သဘောတူကြပါတယ်။ တပ်ရင်း (၅) ရင်း၊ အရာရှိ (၁၆၈) ယောက်နဲ့ တပ်သား (၂၅၀၀) ရှိတဲ့ ဗမာ့တပ်မတော်ကို အင်္ဂလိပ်စစ်ဗိုလ်တွေက ကြီးကြပ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း တပ်ကထွက်ပြီး နိုင်ငံရေး ဆက်လုပ်လို့ အင်္ဂလိပ်အစိုးရနဲ့ စေ့စပ်ဆွေးနွေးပြီး လွတ်လပ်ရေး ရယူနိုင်ခဲ့ပါတယ်။ နိုင်ငံရေး မလုပ်ချင်သူတွေဟာ အင်္ဂလိပ် ဗိုလ်ချုပ်လက်အောက်မှာ စစ်မှုထမ်းကြတာ လွတ်လပ်ရေးရတဲ့အထိပါ။ ဒါကြောင့် စစ်ပြီးခေတ် လွတ်လပ်ရေး လှုပ်ရှားမှုမှာ ဗမာတပ်မတော် မပါဘူးဆိုတာကို နောင်လာနောင်သား ပြည်သူပြည်သားတွေ နားလည်ဖို့ လိုပါတယ်။

ဗမာ့တပ်မတာ်ဟာ တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ အမျိုးသားတပ်မတော် ဖြစ်ရမယ်။ လူတမျိုး (သို့မဟုတ်) နိုင်ငံရေးပါတီ (သို့မဟုတ်) လူတစုကို ကိုယ်စား မပြုရဘူး။ သူများ ကြိုးဆွဲရာကရတဲ့ ရုပ်သေတပ်၊ ခါးပိုက်ဆောင်တပ် မဖြစ်ရဘူး။ တရားဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရမှန်သမျှကို သစ္စာစောင့်သိတဲ့ တပ်မတော်သာ ဖြစ်ရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်္ဂလိပ်ကိုယ်စားလှယ်တို့ ကန္ဒီမြို့မှာ သဘောတူလိုက်တာကြောင့် ဗိုလ်နေဝင်း ဦးဆောင်တဲ့ တပ်မတော် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။ အဖြစ်မှန်ကို မသိရင် ကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ဝါးလုံးခေါင်းထဲ လသာနေတဲ့ အင်မတန် နှိမ့်ကျတဲ့ ဝါဒဖြန့် နိုင်ငံရေးအဆင့်က တတ်နိုင်မှာ မဟုတ်ကြောင်း တင်ပြလိုက်ရပါတယ်။