ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သတင်း မီဒီယာ တွေ့ဆုံပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရင်း သူတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွေကနေ တပ်မတော်သား ကိုယ်စားလှယ်တွေကို အဆင့်ဆင့် လျော့ချဖို့ အစိုးရကို အကြံပြုထားတယ်လို့ ပြောဆိုလိုက်ပါတယ်။ အလားတူ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရခဲ့တဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကလည်း တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့အတွက် ပြည်နယ် လွှတ်တော်တွေကနေ တပ်မတော်သား ကိုယ်စားလှယ်တွေကို ထုတ်ပေးဖို့ တောင်းဆိုမယ်လို့ ပြည်တွင်းမီဒီယာ တစ်ခုကို ထုတ်ဖော်ပြောဆိုထားပါတယ်။ လက်ရှိ လွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ထည့်သွင်းထားတာကို သူတို့ ဘယ်လို သဘောထားနေကြသလဲ၊ အရင် စစ်အာဏာရှင်တွေဟာ ဘာကြောင့် လွှတ်တော်အသီးသီးမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ပါဝင်ဖို့၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာ ထည့်သွင်းထားခဲ့တာလဲ၊ အဲလို ထည့်သွင်းခဲ့လို့ ဘာ အကျိုးဆက်တွေ ဖြစ်နေသလဲ၊ ဒီ ပြသနာ ဘယ်လို ဖြေရှင်းရင် ကောင်းမလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက် တစ်ယောက် မေးတာကို ဒေါ်အောင်ဆန်းစုကြည် အင်္ဂလိပ်ဘာသာနဲ့ ပြန်ဖြေခဲ့တာက ခုလိုပါ။ “အပြောင်းအလဲ ကာလအတွက် မိမိတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုထားတဲ့ အထဲက တစ်ချက်ကတော့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ် အရည်အတွက်ကို တဖြေးဖြေး လျော့ချသွားနိုင်ရေး ဖြစ်ပါတယ်။ ဒီမိုကရေစီ စနစ်မှာ တပ်မတော်သားပဲ ဖြစ်ဖြစ် သာမန် အရပ်သားပဲ ဖြစ်ဖြစ် ရွေးချယ်တင်မြှောက်ခံရတာမျိုး မဟုတ်ပဲ လွှတ်တော် အသီးသီးမှာ ကိုယ်စားပြုခွင့် မရှိဘူးဆိုတဲ့ ဒီမိုကရေစီ ကျင့်စဉ်ကို လက်ခံပြီး အပြန်အလှန် ညှိနှိုင်းတိုင်ပင်ပြီးမှ လက်ခံသွားဖို့ဖြစ်တယ်” ဆိုပြီး ဖြစ်ပါတယ်။
Your browser doesn’t support HTML5
မဇ္ဈိမ မီဒီယာကို ဒေါက်တာအေးမောင်ပြောတာကတော့ "စစ်မှန်တဲ့ ဖက်ဒရယ် ပေါ်ပေါက်ရေး ဖွဲ့စည်းပုံပါ ပုဒ်မတွေပြင်ဖို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ပတ်သက်ပြီး ပြည်နယ် လွှတ်တော်က တပ်မတော်သားတွေကို ကနဦးဆုံး ထုတ်ပေးဖို့၊ မဟုတ်ရင် ကိုယ်ပိုင်ပြဌာန်းခွင့် အုပ်ချုပ်ခွင့်က အနှောက်အယှက်ဖြစ်တယ်" လို့ဆိုပါတယ်။ ဒေါက်တာအေးမောင် လိုလားတာက ကနဦးအနေနဲ့ တပ်မတော်သား အမတ်တွေကို ပြည်နယ် လွှတ်တော်ထဲကနေ ထုတ်ပယ်ပေးဖို့၊ ပြီးရင် ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို အချိန်ကာလ သတ်မှတ်ချက် တစ်ခုထားပြီး ထုတ်ပယ်သွားဖို့ ဖြစ်ပါတယ်။ တကယ်တော့ အရင် စစ်အာဏာရှင်တွေက လွှတ်တော် အသီးသီးမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းစီ ထည့်သွင်းသွားတာ တိကျတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ ပြည်ထောင်စု အဆင့် လွှတ်တော်တွေမှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတဲ့ အဓိက အရေးအကြီးဆုံး ရည်ရွယ်ချက်ကတော့ ဖွဲ့စည်းပုံကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောမတူပဲနဲ့ ရွေးကောက်ခံ အမတ်တွေ ကိုယ့်ဖာသာကိုယ် ပြင်လို့၊ ဖျက်သိမ်းလို့ မရအောင် ဖန်တီးထားတာပါ။ ဒုတိယ ရည်ရွယ်ချက်ကတော့ တိုင်းပြည်ရဲ့ အထွတ် အထိပ်ဖြစ်တဲ့ သမ္မတ တစ်ယောက် ရွေးချယ်ရာမှာ အသာစီးရစေဖို့ ဖြစ်ပါတယ်။
ပြည်ထောင်စု အဆင့်မှာ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်း ရှိနေ၊ သမ္မတ ရွေးရာမှာ မဲပေးခွင့်ရနေခြင်းဟာ ပြည်ခိုင်ဖြိုးလို စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပါတီ အနေနဲ့ ရွေးကောက်ပွဲမှာ ၃၄ ရာခိုင်နှုန်းလောက် အနိုင်ရရုံနဲ့ တပ်မတော်သား အမတ်တွေနဲ့ပေါင်းပြီး သမ္မတ ရွေးနိုင်၊ အစိုးရ ဖွဲ့နိုင်ဖို့ပဲ ဖြစ်ပါတယ်။ အလားတူ အင်န်အယ်လ်ဒီလို အတိုက်အခံတွေအတွက် ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၇ ရာခိုင်နှုန်း မကျော်မခြင်း သမ္မတ မရွေးနိုင်၊ အစိုးရ ဖွဲ့ခွင့် မရနိုင် အခြေအနေမျိုးဖြစ်အောင် စနစ်တကျ ဖန်တီးထားတာပါ။ လွှတ်တော် အတွင်း ဥပဒေပြုရေးမှာလည်း ပြည်ခိုင်ဖြိုးလို ပါတီ အတွက် အလားတူ အသာစီးရမှု ဖြစ်စေအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။
ပြည်နယ်တွေမှာ တပ်မတော်သား အမတ်တွေ ထည့်ထားရတဲ့ အဓိက ရည်ရွယ်ချက်က သမ္မတ အနေနဲ့ ရွေးကောက်ခံ အမတ်ထဲက စိတ်ကြိုက်မတွေ့ရင် တပ်မတော် အရာရှိ တစ်ယောက်ယောက်ကို ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အလွယ်တကူ ခန့်အပ်နိုင်အောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ သမ္မတက ပြည်နယ် ဝန်ကြီးချုပ် ခန့်အပ်လိုသူကို ကာကွယ်ရေး ဦးစီးချုပ်က ပြည်နယ် အမတ်အဖြစ် အမည်စာရင်း တင်သွင်း၊ ပြည်နယ် အမတ် ဖြစ်ပြီ ဆိုတာနဲ့ သမ္မတ က ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိုက်တာမျိုး ဖြစ်ပါတယ်။ လက်ရှိ သမ္မတ ဦးသိန်းစိန် သက်တန်းမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကို ဒီနည်းနဲ့ ခန့်အပ်ထားတာ ဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ တစ်ခုလုံးကို ခြုံငုံကြည့်ရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ တပ်မတော်၊တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေကို ချုပ်ကိုင် စီမံခန့်ခွဲနိုင်၊ အရေးကြီးတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေး ဝန်ကြီးဌာနတွေကို ကိုင်တွယ်နိုင်ရုံမက၊ သူ သဘောမတူရင် ဖွဲ့စည်းပုံကို ပြင်လို့မရပါဘူး။ ဒါတင်မက အစိုးရ အုပ်ချုပ်ရေး ယန္တယား ရွေးကောက်တင်မြှောက်ရာမှာလည်း အခွင့်အရေးတွေ အများကြီး ရယူထားပါသေးတယ်။ ပြောရရင် အရင် စစ်အာဏာရှင်တွေဟာ စစ်ဘုရင် မင်းဆက် တည်ထောင်နိုင်အောင် ၂၀၀၈ ဖွဲ့စည်းပုံကို စနစ်တကျ ရေးဆွဲ ပြဌာန်းသွားခဲ့တာပါ။ အဲဒီလို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ရယူထားတဲ့ အခွင့်အာဏာ များစွာထဲကမှ လက်ရှိ အသွင်ကူးပြောင်းရေးကာလ၊ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကာလနဲ့ ကိုက်ညီတဲ့ ဘယ်အချက်တွေကို ခွင့်ပြုပေးနိုင်မလဲ၊ ဘယ်အချက်တွေကို ရုပ်သိမ်းသင့်သလဲ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။
လက်ရှိကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ သဘောတူညီမှု ရယူပြီးမှ ပြင်ရမယ် ဆိုတာလောက် ထည့်သွင်းထားသင့်ပါသေးတယ်။ ဒီအချက်အတွက်ပဲ ပြည်ထောင်စု အဆင့် လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းသင့်သလား ဆိုတာကိုတော့ ဆွေးနွေးကြရပါလိမ့်မယ်။ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းမလား၊ ဒါမှမဟုတ် သွယ်ဝိုက်မနေပဲ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သဘောတူညီချက်ရမှ ဖွဲ့စည်းပုံကို ပြင်နိုင်သည် ဆိုပြီး ဥပဒေကို ပြင်မလား ဆွေးနွေးကြဖို့ပါ။ တကယ်လို့ ဖွဲ့စည်းပုံ ပြင်ရေး ထိန်းချုပ်ရုံအတွက် သက်သက်ပဲ တပ်မတော်သား အမတ်တွေကို ထည့်သွင်းမယ် ဆိုရင် သမ္မတ ရွေးချယ်မှုလို ကဏ္ဍမျိုးမှာ ပါဝင်ခွင့် မပြုစေသင့်ပါဘူး။ ပုဒ်မ ၆၀ လိုမျိုးကို ပြင်ဆင်ရင် ရနိုင်ပါတယ်။ အလားတူ ပြည်နယ်လွှတ်တော်တွေထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာကိုတော့ ချွင်းချက်မရှိ ပြန်ရုပ်သိမ်းဖို့ လိုပါတယ်။ ဒါမှသာ တိုင်းရင်းသား တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ရေး ဆိုတာတွေ အကောင်အထည် ပေါ်လာမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံကတော့ အနှေးနဲ့ အမြန် ပြင်ကြရပါလိမ့်မယ်။ တိုင်းရင်းသား တန်းတူရေးနဲ့ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး လိုအပ်ချက်နဲ့ လျော်ညီတဲ့ ပြင်ဆင်မှု ဖြစ်ရပါလိမ့်မယ်။ ဒီအတွက် လွှတ်တော်အသီးသီးထဲ တပ်မတော်သား အမတ် ဆက် ထားမလား၊ မထားဘူးလား၊ ထားရင် ဘယ်လောက် ရာခိုင်နှုန်း ထားမှာလဲ၊ ဘယ်လို လျော့ချမှာလဲ ဆွေးနွေး ကြရပါလိမ့်မယ်။ ဒီအခါမှာ ရွေးကောက်ခံ အမတ်တွေ အနေနဲ့ တပ်မတော် ခေါင်းဆောင်ဟောင်းတွေကို နောက်ကြောင်းပြန် အရေးယူနိုင်မှာမျိုး မပြဌာန်းနိုင်ရေး၊ မပြင်ဆင်နိုင်ရေး၊ တပ်မတော်ဘက်ကလည်း အခြား အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ရွေးချယ်မှုတွေနဲ့ ဥပဒေပြုရေးမှာ အခွင့်ထူးယူ စွက်ဖက်ခွင့် မရှိစေရေး စတဲ့ အချက်တွေကို ထည့်သွင်းတွက်ချက် ဆွေးနွေးရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။