ပြီးခဲ့တဲ့ ရက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ထဲက တပ်မတော်သား အမတ်တွေကို နိုဝင်ဘာ ၂၇ ရက်နေ့ညမှာ ပြုလုပ်မယ့် အလွတ်သဘော ညစာစားပွဲတစ်ခု တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာ တပ်မတော်သား အမတ်တွေ မတက်ရောက်နိုင်ခဲ့ကြပါဘူး။ အင်န်အယ်လ်ဒီ ပါတီ ကို အကြောင်းပြန်တဲ့ စာမှာ ဘယ်လို အကြောင်းပြထားတယ် မသိနိုင်ပေမယ့် တပ်မတော်သား အမတ်တစ်ယောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ် တင့်ဆန်းက သူတို့ သီးသန့် လုပ်တဲ့ ညစာစားပွဲနဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်တဲ့အကြောင်း၊ နောင် လွှတ်တော် အစည်းအဝေး ကာလ ကျရင်တော့ ဖိတ်ကြားမှုကို လက်ခံပြီး တက်ရောက်နိုင်မယ်လို့ ထင်တဲ့အကြောင်း မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဘယ်လို ရှိနေသလဲ၊ ဆက်ဆံရေး မကောင်းဘူးဆိုရင် တိုင်းပြည် နောင်ရေး ကောင်းနိုင်ပါ့မလား၊ ဒီပြသနာ ဘယ်လို ဖြေရှင်းနိုင်မလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ အရင် စစ်အာဏာရှင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထားပြီး အမျိုးမျိုး ဖိနှိပ်ချုပ်ချယ်ခဲ့ပါတယ်။ အချိန်များစွာ နေအိမ်အကျယ်ချုပ် ချထားပြီး၊ လွတ်မြောက်နေချိန်တွေမှာလည်း ကန့်သတ် ဖိနှိပ်မှု အမျိုးမျိုး လုပ်ခဲ့ပါတယ်။ နောက်ဆုံးကုန်ကုန် ၂၀၀၃ ခုနှစ် မေလတုန်းက ဆိုရင် ဒီပဲရင်းမှာ လုပ်ကြံသတ်ဖြတ်ဖို့ အထိ ကြိုးစားခဲ့ပါသေးတယ်။ စစ်ခေါင်းဆောင်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို စိတ်ကြိုက်ရေးဆွဲ၊ နည်းပေါင်းစုံ သုံးပြီး အတည်ပြု၊ ၂၀၁၀ မှာ စိတ်ကြိုက်အဖြေတွေ ထွက်လာအောင် ဖန်တီးထားတဲ့ ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ နောက်မှသာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ်က လွှတ်ပေးခဲ့ပါတယ်။
Your browser doesn’t support HTML5
နောက်ဆုံး လက်ရှိ မြင်တွေ့နေရတဲ့ အစိုးရအဖွဲ့၊ လွှတ်တော်တွေ ပုံဖော်ပြီးကာမှ သမ္မတ ဦးသိန်းစိန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာတွေ လုပ်ပါတယ်။ တဆက်တည်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးနီးပါး လွှတ်ပေး၊ ဒေါ်အောင်ဆန်းစုကြည် အင်န်အယ်လ်ဒီ နဲ့ အတိုက်အခံ အားလုံးကို နိုင်ငံရေး လုပ်ခွင့်ပြု၊ နောက်ဆုံး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး လွှတ်တော်ထဲ ခေါ်သွင်းသည် အထိ လုပ်ခဲ့ပါတယ်။ ပြောရရင် စစ်ခေါင်းဆောင်တွေရဲ့ ပြုမူဆောင်ရွက်ပုံတွေဟာ နိုင်ငံတကာက အံ့အားသင့်ရလောက်အောင် မြန်ဆန်ခဲ့ပါတယ်။
နိုင်ငံရေးမှာ အပြည့်အ၀ လုပ်ကိုင်ခွင့်ရလာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစပိုင်းမှာ စစ်အာဏာရှင်တွေ သူ့အပေါ် ဖိနှိပ်ရက်စက်ခဲ့တာတွေနဲ့ ပါတ်သက်ပြီး ခွင့်လွှတ်တယ်၊ ဘယ်လိုမှ သဘောမထားဘူး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကိုပဲ လုပ်ချင်တယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ ၂၀၁၂ ရွေးကောက်ပွဲကာရောက်တော့ တရားဥပဒေ စိုးမိုးရေး၊ ဖွဲ့စည်းပုံပြင်ရေး၊ တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး ဆိုတဲ့ ကြွေးကြော်သံနဲ့ ရွေးကောက်ပွဲ ဝင်ခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော် ကို သံယောဇဉ် ရှိပါတယ်၊ ချစ်ခင်ပါတယ်ဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲဒီအချိန်လောက်အထိ ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ခေါင်းဆောင်တွေရဲ့ ဆက်ဆံရေး ဒီလောက် ဆိုးဆိုးရွားရွား မဖြစ်သေးပါဘူး။
၂၀၁၃ ခုနှစ်ထဲ ရောက်လာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု စ လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေးထဲမှာမှ အဓိက အားဖြင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးပါ။ ပုဒ်မ ၄၃၆ ဖော်ပြချက်အရ ဖွဲ့စည်းပုံထဲက ပြဌာန်းချက် တစ်ခုခု ပြင်ချင်တယ် ဆိုရင် လွှတ်တော်ထဲက အမတ် စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်နိုင်မယ်၊ တစ်ချို့ ပုဒ်မတွေကိုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ဖို့ လိုတယ်ဆိုပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံထဲက ဘာပြင်ပြင် တပ်မတော်ဘက်နဲ့ သဘောတူညီချက် ယူရမယ် လို့ ဆိုလိုတာပါ။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကသာ သဘောမတူရင် ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ပြင်လို့ မရနိုင်ဘူး၊ ဒါဟာ ဖွဲ့စည်းပုံပြင်ရေးအတွက် ကြီးမားတဲ့ အဟန့်အတား အနှောင့်အယှက် ဖြစ်စေတယ်၊ ဒါကြောင့် တပ်မတော်သားတွေ သဘောတူတူ မတူတူ ရွေးကောက်ခံ အမတ်တွေ ပြင်ချင်ရင် ပြင်လို့ ရတဲ့ အနေအထား ဖြစ်အောင် လုပ်ချင်တယ် ဆိုပြီး သဘောထား ထုတ်ပြန်ပါတယ်။
အတိအကျ ပြောရရင် ၄၃၆ ပုဒ်မနဲ့ ပါတ်သက်လို့ အင်န်အယ်လ်ဒီရဲ့ သဘောထားဟာ လွှတ်တော်အမတ် စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲ ဒါမှမဟုတ် စစ်သားတွေ မပါတဲ့ ရွေးကောက်ခံ အမတ်တွေချည်းပဲ ဆိုရင် အမတ်တွေရဲ့ သုံးပုံနှစ်ပုံကျော် မဲရလို့ရှိရင် ပြင်ချင်တယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။ နောက်ပိုင်း ၈၈ မျိုးဆက် ပွင့်လင်း အဖွဲ့နဲ့ ပူးပေါင်းပြီး လူထု ဆန္ဒ လက်မှတ်ကောက်ခံတာ၊ စည်းရုံးဟောပြောတာတွေ လုပ်ခဲ့ပါတယ်။ အဲဒီ စည်းရုံးဟောပြောပွဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ပုဒ်မ ၄၃၆ ပြင်ရေး လုပ်တာဟာ တပ်မတော်ကို ဂုဏ်သိက္ခာရှိရှိ စစ်တန်းလျားပြန်ရေး လုပ်တာ ဆိုပြီးတော့လည်း အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
တကယ်လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၄၃၆ ပြင်ရေးဟာ အဲဒီ အဓိပ္ပါယ်ထွက်ပါတယ်။ ဖွဲ့စည်းပုံကို တပ်မတော်သားတွေရဲ့ သဘောထားမပါပဲ ရွေးကောက်ခံ အမတ်တွေချည်းသက်သက်နဲ့ ပြင်နိုင်ရေးဆိုတာဟာ တပ်မတော်ရဲ့ကံကြမ္မာ၊ လက်ရှိတပ်မတော် ခေါင်းဆောင်တွေရဲ့ ကံကြမ္မာနဲ့ အရင်စစ်အာဏာရှင်ဟောင်းတွေရဲ့ ကံကြမ္မာအားလုံး ရွေးကောက်ခံ အမတ်တွေလက်ထဲ အပ်ရမယ် ဆိုတာနဲ့ အတူတူပါပဲ။ ဒီ အခြေအနေတွေကြောင့် တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ခါးခါးသီးသီး ဖြစ်လာတာပါ။ တဆက်တည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ရဲ့ဟောပြောချက်တွေကြောင့် ရဟန်းရှင်လူ ပြည်သူတွေကလည်း တပ်မတော်အပေါ် အမြင်မကြည်မလင်ဖြစ်၊ ဖွဲ့စည်းပုံပြင်ရေး ပိတ်ဆို့ဟန့်တားသူတွေ ဖြစ်တယ် ဆိုပြီး ပို မုန်းတီးလာကြပါတယ်။ ဒီအခြေအနေကိုလည်း တပ်မတော် ခေါင်းဆောင်တွေ မကြိုက်ကြပါဘူး။ ပိုဆိုးတာက လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥက္ကဌ သူရဦးရွှေမန်းရဲ့ မဟာမိတ်ပြုမှုပါ။ လက်ရှိ တပ်မတော်ခေါင်းဆောင်တွေဟာ သူရဦးရွှေမန်းကို တပ်မတော်ကို ပြည်ခိုင်ဖြိုးလက်အောက် သွတ်သွင်းဖို့ ကြိုးစားသူ၊ တပ်မတော်ခေါင်းဆောင်မှုကို စိန်ခေါ်သူ တစ်ယောက်အဖြစ် မြင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ တပ်မတော်ခေါင်းဆောင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို အမြင်မကြည်လင်ရုံမက ခါးခါးသီးသီး ဖြစ်တဲ့ အဆင့်ထိ ရောက်နေရတာ မဆန်းပါဘူး။
ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ လမ်းကြောင်းအတိုင်း တပ်မတော်ခေါင်းဆောင်တွေ နဲ့ ထိပ်တိုက်ရင်ဆိုင်ပြီး စစ်တန်းလျား ပြန်ပို့ရေးကိုပဲ ဆက်ကြိုးစားနေမလား၊ တပ်မတော်ခေါင်းဆောင်တွေ ယုံကြည်မှုရအောင်၊ တပ်မတော်ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်အောင် သူ့ရဲ့ သေနင်္ဂဗျူဟာကို ပြောင်းမလား ပြန် စဉ်းစားသုံးသပ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။