မြန်မာနိုင်ငံ စစ်တပ်ချုပ်ကိုင်မှုအောက်မှာ ဘယ်လောက် ရှိနေသလဲ

Burmese military

ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris Jr. က မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ တင်းတင်းကြပ်ကြပ် ချုပ်ကိုင်မှုအောက်မှာ ရှိနေဆဲမို့ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ဖို့ အချိန်မကျသေးဘူးလို့ ပြောဆိုလိုက်ပါတယ်။ အမေရိကန် ဆီးနိတ်လွှတ်တော် ကြားနာပွဲမှာ မူဝါဒဆိုင်ရာ မေးခွန်းကို သူက စာနဲ့ တုန့်ပြန်ဖြေကြားလိုက်တာ ဖြစ်ပြီး ဒီပြောဆိုမှု မြန်မာနိုင်ငံအတွင်းမှာလည်း အတော် ဂယက်ရိုက်ခတ်သွားခဲ့ပါတယ်။ အရပ်သား အစိုးရအုပ်ချုပ်နေပြီလို့ ဆိုတဲ့ ဒီကနေ့ အချိန် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ချုပ်ကိုင်မှု ဘယ်လောက် ရှိနေသလဲ၊ ပစိဖိတ်ဒေသအတွင်း အမေရိကန်တပ်မှူးအဖြစ် အမည်စာရင်းတင်သွင်းခံရသူ ဗိုလ်ချုပ်ကြီးရဲ့ ပြောစကား ဘယ်လောက် မှန်ကန်မှုရှိသလဲ ဆိုတာ ဒီကနေ့ ဆန်းစစ်ကြည့်ကြရအောင်။

၂၀၀၈ ဖွဲ့စည်းပုံအရ မြန်မာနိုင်ငံဟာ သမ္မတ အုပ်ချုပ်တဲ့ စနစ်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံထဲမှာ သမ္မတဟာ နိုင်ငံရဲ့ အထွဋ်အထိပ် ဖြစ်တယ်လို့ ဖော်ပြထားပြီး သမ္မတ ဟာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရဲ့ သဘောတူညီချက်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ခန့်အပ်နိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။ တကယ့်တကယ် လက်တွေ့မှာတော့ သမ္မတ ဟာ ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်ပေးနိုင်တဲ့ စစ်သေနာပတိချုပ် မဟုတ်သလို၊ စစ်တပ်ကို ကိုင်တွယ်နိုင်တဲ့ ပြဌာန်းချက် တစ်စုံတစ်ခုမှလည်း ရှိမနေပါဘူး။

ပြောရရင် ဖွဲ့စည်းပုံအရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကသာ နိုင်ငံရဲ့ သြဇာအာဏာ အကြီးဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ လက်ရှိ တပ်မတော် နဲ့ တပ်မတော်က ပိုင်ဆိုင်တဲ့ စီးပွားရေး လုပ်ငန်းအားလုံး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရဲ့ လက်ထဲမှာ ရှိပြီး ဘယ်သူတစ်စုံတစ်ယောက်ကမှ ဝင်ရောက်စွက်ဖက်လို့ မရပါဘူး။ တိုင်းပြည်မှာ အများဆုံးဖြစ်တဲ့ ကာကွယ်ရေး ဘတ်ဂျက်ကိုလည်း ကာကွယ်ရေး ဦးစီးချုပ် တစ်ယောက်တည်းက ကိုင်ထားတာ ဖြစ်ပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သြဇာအာဏာကို အဓိက ဖော်ပြတဲ့ အချက်ဟာ သမ္မတ ရွေးချယ်မှုမှာဖြစ်ပါတယ်။ ကာချုပ်ဟာ တပ်မတော်သား အမတ်တွေကနေ တဆင့် သမ္မတ ရွေးချယ်မယ့် မဲရဲ့ ၂၅ %ကို ချုပ်ကိုင်ထားပါတယ်။ ဒါကို ရှင်းလင်းအောင် အဓိပ္ပါယ် ဖွင့်ရရင် ကာချုပ်ဟာ သူ့ကိုယ်သူဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ဖြစ်စေ တပ်မတော်သား အမတ်တွေကနေ တဆင့် ဒုသမ္မတ အဖြစ် အမည်စာရင်း တင်သွင်းနိုင်ပါတယ်။ ထပ်ပြီး အဓိပ္ပါယ်ဖွင့်ရရင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က သဘောကျ၊ ထောက်ခံတဲ့ ပါတီ တစ်ခုခုဟာ ရွေးကောက်ပွဲမှာ ၃၄ % အနိုင်ရတာနဲ့ သမ္မတ အဖြစ် ရွေးချယ်ခံရနိုင်၊ အစိုးရ ဖွဲ့နိုင်ပြီး အခြား သီးခြားပါတီ တစ်ခုခု ဆိုရင်တော့ ၆၇ %ကျော် အနိုင်ရမှ သမ္မတ တစ်ယောက် တင်နိုင်၊ အစိုးရဖွဲ့နိုင်ပါလိမ့်မယ်။

Your browser doesn’t support HTML5

မြန်မာနိုင်ငံ စစ်တပ်ချုပ်ကိုင်မှုအောက်မှာ ဘယ်လောက် ရှိနေသလဲ

နိုင်ငံမှာ သြဇာ အကြီးဆုံးလို့ ဆိုနိုင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကို ပြန်ကြည့်ရင် အဖွဲ့ဝင် (၁၁) ယောက်အနက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်တိုင်နဲ့ သူက ခန့်ထားသူ (၅) ယောက် စုစုပေါင်း (၆) ယောက် ပါဝင်တဲ့အတွက် တိုင်းပြည်မှာ သြဇာအကြီးဆုံး ပုဂ္ဂိုလ်ဟာ ကာချုပ်လို့ ပြောနိုင်တာ ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်က ဖွဲ့စည်းပုံထဲက တစ်ခုခု ပြင်ချင်တယ်ဆိုရင် လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၇၅ %ကျော် ထောက်ခံမှ ပြင်နိုင်မယ်လို့ ပြဌာန်းထားတဲ့အတွက် တပ်မတော်သား အမတ်တွေ သဘောတူတာကိုမှ ပြင်နိုင်ပါလိမ့်မယ်။ တစ်နည်းပြောရရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သဘောမတူတဲ့ ဖွဲ့စည်းပုံထဲက ဘယ်အချက်ကိုမှ ဘယ်သူမှ ပြင်နိုင်မှာ မဟုတ်ပါဘူး။

တပ်တော်ကာကွယ်ရေး ဦးစီးချုပ်ဟာ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ဝန်ကြီးတွေကို တိုက်ရိုက်ခန့်ထားနိုင်ပါတယ်။ ပြောရရင် မြန်မာနိုင်ငံထဲမှာ ပြည်သူတွေကို တိုက်ရိုက် အုပ်ချုပ်နေတာဟာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပါ။ မြို့နယ်၊ ခရိုင်အဆင့် အထွေထွေ အုပ်ချုပ်ရေးမှူးတွေကို တပ်မတော်က တိုက်ရိုက် ထိန်းချုပ်ထားတဲ့ ပြည်ထဲရေးဝန်ကြီးဌာနက စီမံခန့်ခွဲနေတာ ဖြစ်ပြီး အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကိုလည်း အဲဒီ ခရိုင်နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးတွေကပဲ ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်း အဓိပ္ပါယ်ဖွင့်ရရင် တိုင်းပြည်ဟာ စစ်တပ်ရဲ့ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ရှိနေဆဲ လို့တောင် ဆိုနိုင်ပါတယ်။

ဒါတွေအားလုံးကိုခြုံုငုံသုံးသပ်လိုက်ရင် အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး ရဲ့ သုံးသပ်ပြောဆိုချက် မှန်ကန်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့်လည်း ၁၉၆၂ ခုနှစ်က စခဲ့ပြီး နှစ်ပေါင်း ၅၀ နီးပါးကြာတဲ့ အရင် စစ်အာဏာရှင်ခေတ်နဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး ပြောင်းလဲ တိုးတက်လာတယ်ဆိုတာလည်း အမှန်ပဲ ဖြစ်ပါတယ်။ အရင်က တစ်သွေး တစ်သံ၊ တစ်အာဏာ နဲ့ အုပ်ချုပ်ခဲ့ပြီး လူ့အခွင့်အရေး၊ ပြည်သူ့အခွင့်အရေး အားလုံး ချိုးဖေါက်ခံရရုံမက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အားလုံးမှာ ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရတာဖြစ်ပါတယ်။ အခု အဲဒီအခြေအနေနဲ့ ခြားနားတာတွေ ရှိလာပါပြီ။ လက်ရှိ စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန် ရဲ့ အစိုးရလက်ထက်မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ကိုင်တွယ်လာပါတယ်။ ကလေးစစ်သားတွေ တပ်က ထွက်ခွင့်ပေးပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးလောက်နီးနီး လွှတ်ပေးပြီး နိုင်ငံရေး လုပ်ခွင့်ပေးပါတယ်။ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲ ဝင်ခွင့်ပေးပါတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ အပစ်ရပ်စာချုပ် ချုပ်နိုင်အောင် ကြိုးစားပါတယ်။ တံခါးပိတ် စီးပွားရေးကနေ တကယ့်ကို တံခါးဖွင့် စီးပွားရေးဖြစ်အောင် ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါတယ်။ ရုပ်သံ၊ ရေဒီယိုကို အပြည့်အ၀ ထိန်းချုပ်ထားဆဲ ဖြစ်ပေမယ့် စာနယ်ဇင်း ပုံနှိပ်မီဒီယာကို လွတ်လပ်ခွင့်ပေးပါတယ်။

အခြေအနေအားလုံးကို ခြုံငုံသုံးသပ်လိုက်မယ် ဆိုရင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားဖို့ လမ်းစ ပွင့်လာတာမှန်ပေမယ့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တစ်နည်းပြောရရင် စစ်တပ်ရဲ့ ချုပ်ကိုင်မှုအောက်မှာ ရှိနေဆဲ ဆိုတာကတော့ ငြင်းလို့မရပါဘူး။ ဒီအတွက် လက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell တို့ရဲ့ မြန်မာနိုင်ငံကို သတိထား စောင့်ကြည့်နေပြီး၊ စစ်တပ်ချင်း ပူးပေါင်းဆောင်ရွက်ရေး ဆိုင်းငံ့ထားသေးတာဟာ သဘာ၀ ကျပါတယ်။ ဒါ့အပြင် ဒီမိုကရေစီ အမြစ်တွယ်ဖို့ အကူအညီပေးရမယ် ဆိုတဲ့ ချဉ်းကပ်နည်းဟာလည်း မှန်ကန်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။