ဝန်ကြီးချုပ် ဦးမြင့်ဆွေ ရာထူးသက်တန်း ၅ နှစ်အတွင်း အပြင်းအထန် အဝေဖန်ခံရဆုံး ကိစ္စတစ်ခုကတော့ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည် ဖော်မယ့် ကိစ္စပဲ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လူဦးရေ ထူထပ်လာတာကြောင့် မြို့သစ်တွေ ဖော်ထုတ်ရမယ့်ကိစ္စကို ဘယ်သူမှ မငြင်းပယ်ကြပါဘူး။ ဒါပေမယ့် အဲဒီ ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ပန်းလှိုင်မြစ်နဲ့ တွံတေးတူးမြောင်းကြား၊ လှိုင်မြစ်နဲ့ လှိုင်သာယာ တွံတေးကားလမ်းကြားက မြေဧက ၃ သောင်းဝန်းကျင်ပေါ်မှာ အကောင်အထည် ဖော်မယ့် မြို့သစ် စီမံကိန်း နဲ့ ပတ်သက်လို့ကတော့ ပွင့်လင်းမြင်သာမှုလည်း မရှိ၊ ရင်းနှီးမြှုပ်နှံမယ့် ငွေကြေးပမာဏ ကလည်း အလွန်များပြား၊ လုပ်ပုံကိုင်ပုံတွေကလည်း အဂတိလိုက်စားမှု ပုံစံဖြစ်နေလို့ ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြတာပါ။ အခု ဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ သူ့သက်တန်းကုန်ဖို့ နှစ်လ လောက်တောင် မလိုတော့တဲ့အချိန် အဲဒီ စီမံကိန်းကို အရင်သူ လုပ်ပိုင်ခွင့်ပေးထားတဲ့ လူတွေကိုပဲ ထပ်ပြီး လုပ်ပိုင်ခွင့် ပေးလိုက်ပြန်ပါပြီ။ ဒါဟာ ဖြစ်သင့်ပါရဲ့လား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
အများပြည်သူ ဝိုင်းဝန်းကန့်ကွက်လို့ ရပ်ဆိုင်းလိုက်ရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာကတော့ ရန်ကုန် ကြည့်မြင်တိုင် တစ်ဖက်ကမ်း က လယ်မြေ ဧက ၃ သောင်းကျော် ပေါ်မှာ အကောင်အထည် ဖော်ဖို့ လျာထားတဲ့ စီမံကိန်းပါ။ စီမံကိန်းရဲ့ စီးပွားရေး ပုံသဏ္ဍာန်ဟာ ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီက မြို့ပြအင်္ဂါရပ်နဲ့ ညီတဲ့ အခြေခံ အဆောက်အဦ Infrastructure တွေဖြစ်တဲ့ လမ်း၊ တံတား၊ လျှပ်စစ်၊ ရေ၊ ပန်းခြံ၊ ကစားကွင်း အစရှိတာတွေ လုပ်မယ်။ ပြီးရင်တော့ ကျန်တဲ့ မြေကွက်တွေမှာ စီမံကိန်းထဲပါတဲ့ အပိုင်းအလိုက် ပြန်ပြီး လက်ခွဲရောင်းစား ငွေပြန်ရှာ အမြတ်ပြန်ရအောင် လုပ်မယ့် စီမံကိန်းမျိုး ဖြစ်ပါတယ်။ ဟော်တယ်တွေ၊ စတိုးဆိုင် ကုန်စုံဆိုင်ကြီးတွေ၊ ကားဂိတ်တွေ၊ လူနေ တိုက်ခန်းတွေ၊ တန်ဘိုးနည်း အိမ်ယာတွေ၊ ရုံးခန်းတွေ၊ ဆိပ်ကမ်းတွေ အစရှိသဖြင့်ပါ။ လွယ်လွယ်ပြောရရင် မြေကွက်ဖော် မြေရောင်းစား ဆိုတဲ့ စီမံကိန်းမျိုးပါ။ စီမံကိန်း အကောင်အထည် ဖော်ဖို့ ကုန်ကျစရိတ်ဟာ ကျပ် ဘီလျံ ၇၀၀၀ နဲ့ အမေရိကန် ဒေါ်လာ ၈ ဘီလျံရှိမယ်၊ စီမံကိန်းထဲမှာ မြို့ပြ အခြေခံ အဆောက်အဦတွေ အပါအဝင် ၆ လမ်းသွား မြစ်ကူးတံတား (၅) စင်းပါမယ် လို့ ဆိုထားပါတယ်။ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးပါ။
Your browser doesn’t support HTML5
ဒီ အလွန်ကြီးမားတဲ့ စီမံကိန်းကြီးကို နိုင်ငံတကာ တင်ဒါလိုမျိုး မခေါ်ပဲ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေ အပါအဝင် ဘယ်သူမှ မသိတဲ့ “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”ကို အကောင်အထည်ဖော်ခွင့် ပေးလိုက်တယ်လို့ ဆိုတဲ့အခါ ဒီ ကုမ္ပဏီဟာ ဘယ်လို ကုမ္ပဏီဖြစ်မလဲ သတင်းမီဒီယာတွေက စုံစမ်းကြပါတော့တယ်။ စုံစမ်းရသမျှ အချက်အလက်တွေအရ ကုမ္ပဏီ မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ထားတဲ့ ရင်းနှီးမြှုပ်နှံငွေဟာ ကျပ် သိန်း တစ်ထောင်တောင် မပြည့်တဲ့၊ တစ်နည်း တိုက်ခန်းကောင်းကောင်း တစ်ခန်းစာတောင် စာရင်း ပြမထားတဲ့ ကုမ္ပဏီဖြစ်နေပါတယ်။ ကုမ္ပဏီဒါရိုက်တာတွေ ဆိုတာကလည်း ဘယ်သူမှ မသိတဲ့၊ ဘယ်မှာ ရှာရမှန်းမသိတဲ့ လူတွေဖြစ်နေတာပါ။ နောက်ပိုင်း ဒီစီမံကိန်းကို ဝန်ကြီးချုပ်ဦးမြင့်ဆွေရဲ့ မိသားစုဝင်တွေ၊ သူနဲ့ ရင်းနှီးသူတွေက လုပ်ပိုင်ခွင့်ရသွားတယ် ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတော့မှ စီမံကိန်းကို ရပ်ဆိုင်းထားမယ် ဆိုပြီး နောက်ဆုတ်လိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း အဲဒီ ကြည့်မြင်တိုင် တစ်ဖက်ကမ်းမှာ မြေကွက်တွေကို အကြီးအကျယ် ဝယ်ယူထားပြီး ဖြစ်ပုံရတဲ့ အဲဒီ လူတစ်စုဟာ စီမံကိန်း ကိစ္စကို လက်မလျော့ကြပါဘူး။ ဒီလိုနဲ့ နဂို မြို့သစ် စီမံကိန်းပြသနာ ပေါ်ထွက်ပြီး တစ်နှစ်နီးပါးအကြာ ၂၀၁၅ ဇွန်လ ၁၀ ရက်နေ့ ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးမှာ တိုင်းအစိုးရ အဖွဲ့ကိုယ်စား မြို့တော်ဝန်က “မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း ၂၀၄၀ အစီရင်ခံစာ ” ဆိုတာကို တင်ပြလိုက်ပါတယ်။
အဲဒီ စီမံကိန်းမှာ အဆင့်(၇) ဆင့် ဖော်ပြထားပြီး နဂို ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ စီးပွားရေး သမားတွေ အကောင်အထည် ဖော်လိုတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကတော့ “ရန်ကုန် အနောက်တောင်ပိုင်း မြို့သစ် စီမံကိန်း” ဆိုပြီး နာမည်တစ်မျိုးနဲ့ ပြန်ပါလာပါတယ်။ အဲဒီအချိန်က လွှတ်တော်ထဲမှာ စီမံကိန်းကြီး တစ်ခုလုံးကို အတည်ပြုပေးလိုက်တဲ့ အတွက် ဝန်ကြီးချုပ် ဦးမြင့်ဆွေဟာ နဂို စီမံကိန်းကို နာမည် အသစ်နဲ့ ပြန်အကောင်အထည် ဖော်ပါတော့တယ်။
ဒီတစ်ကြိမ်မှာတော့ ဦးမြင့်ဆွေက နည်းနည်းပါးနပ်သွားပါပြီ။ စီမံကိန်းအတွက် စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ပါတယ်။ အဲဒီမှာ စိတ်ဝင်စားတဲ့ ကုမ္ပဏီပေါင်း ၅၄ ခု လျောက်လွှာတွေ လာယူကြတယ်လို့ ဆိုပါတယ်။ ဒါက တကယ်လည်း ဖြစ်နိုင်သလို အလံရှူးကုမ္ပဏီတွေနဲ့ အရည်အတွက် များအောင် လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆုံးအဆင့် ကိုတော့ ကုမ္ပဏီ သုံးခုပဲ လျောက်လွှာတင်တော့တယ်လို့ ဆိုပါတယ်။ အဲဒီ ကုမ္ပဏီတွေကတော့ အရင် “မြန်မာ့စေတနာ မြို့သစ် အများပိုင် ကုမ္ပဏီ”ကို နာမည်ပြောင်းထားတဲ့ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ၊ Business Capital City Development Co.,ltd နဲ့ ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်တို့ ပါဝင်ပါတယ်။
တကယ်လို့သာ ဒီ ကုမ္ပဏီတွေထဲက ကုမ္ပဏီ တစ်ခုခုကို ရွေးချယ် လုပ်ပိုင်ခွင့်ပေးရမယ် ဆိုရင် ဝန်ကြီးချုပ်ဦးမြင့်ဆွေနဲ့ ဆက်စပ်ပတ်သက်တဲ့ ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ က ရဖို့ လမ်း သိပ်မမြင်ပါဘူး။ အကြောင်းကတော့ ဆောက်လုပ်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းကောင်းတွေ မရှိတာရယ်၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ကို မယ်မယ်ရရ တင်ပြနိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဝန်ကြီးချုပ် ဦးမြင့်ဆွေက ကုမ္ပဏီ တာဝန်ရှိသူ သုံးလေးယောက်လောက်ကို ဖိတ်ခေါ် တွေ့ဆုံပြီး စီမံကိန်းကြီးကို ကုမ္ပဏီ သုံးခုစလုံး ပူးပေါင်း ဆောင်ရွက်ကြ ဆိုပြီး လမ်းညွှန်ချက် ပေးလိုက်တယ်လို့ သိရပါတယ်။ ဒီနေရာမှာလည်း ဦးမြင့်ဆွေဟာ ပါးနပ်ပါတယ်။ သူနဲ့ နီးစပ်တဲ့လူတွေရဲ့ “ရန်ကုန် အနောက်တောင် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီ” ကို ဦးဆောင် ကုမ္ပဏီအဖြစ် ထပ်ဆင့် တာဝန်ပေးလိုက်တာပါ။ အကြောင်းပြချက်ကတော့ အဲဒီ ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ထဲမှာ ဒေသခံ တစ်ချို့ပါတယ်၊ အကောင်အထည် ဖော်မယ့် လယ်မြေ အများစု အဲဒီ ကုမ္ပဏီ လက်ထဲမှာ ရှိနေတယ် ဆိုတဲ့ အချက်ကြောင့်လို့ ဆိုပါတယ်။
ပြည်သူတွေက ဘယ်လိုပဲ ကန့်ကွက်ခဲ့၊ ကန့်ကွက်ခဲ့၊ ဝန်ကြီးချုပ် ဦးမြင့်ဆွေကတော့ အဲဒီ စီမံကိန်းကို သူနဲ့ နီးစပ်တဲ့ ကုမ္ပဏီကို တာဝန်ပြန်ပေးပြီး သူ့လက်ထက်မှာ မရ အရ ဇွတ် အကောင်အထည် ဖော်သွားမယ် ဆိုတဲ့ သဘော မြင်တွေ့နေရပါပြီ။ ပြောရရင် ဒီ စီမံကိန်း ကို ဘာကြောင့် မြန်မြန် အကောင်အထည် ဖော်ဖို့ လိုရသလဲ ဆိုတဲ့ အကြောင်းပြချက်၊ တင်ဒါ ခေါ်နည်း ခေါ်ပုံ၊ စီမံကိန်းပါ လုပ်ငန်း ဆောင်တာ အားလုံးမှာ အားနည်းချက်တွေ၊ မမှန်မကန် လုပ်ကိုင်မှုတွေ ပါဝင်နေတာမို့ နောင် NLD အစိုးရ တက်လာရင် တက်လာလာခြင်း ပြန်လည် စိစစ်၊ သုံးသပ် ပြီးမှ အကောင်ထည် ဖော် သင့်မသင့် ဆုံးဖြတ်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။