ခုချိန်ဟာ လွှတ်တော်တွင်းမှာ လာမယ့် အစိုးရအဖွဲ့သစ်ကို ဦးဆောင်ဖို့ သမ္မတ၊ ဒုသမ္မတ တွေ ရွေးကောက်တင်မြှောက်နေချိန်၊ သမ္မတ ကလည်း သူဦးဆောင်မယ့် အစိုးရအဖွဲ့မှာ ဝန်ကြီးဌာန ဘယ်လောက်ထားမယ်၊ ဝန်ကြီး ဘယ်နှစ်ယောက်ခန့်မယ် စသဖြင့် တင်ပြနေချိန်လည်း ဖြစ်ပါတယ်။ သိပ်မကြာခင် သမ္မတသစ် အစိုးရအဖွဲ့သစ်ဟာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဆီကနေ တာဝန်လွဲှပြောင်းရယူပါတော့မယ်။ ဒီလို တာဝန်လွဲှပြောင်း ရယူတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၂ ခုနှစ်က စခဲ့တဲ့ တိုင်းပြည်ကို စစ်အာဏာရှင် ဒါမှမဟုတ် စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေကပဲ အုပ်ချုပ်တဲ့ ခေတ်တစ်ခေတ် အဆုံးသတ်သွားချိန်လို့လည်း ပြောနိုင်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီလို အချိန်မျိုးမှာပဲ အရင် ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် ဖြစ်ခဲ့ဖူးတဲ့၊ ၁၉၉၇ ခုနှစ်အရောက်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဖြုတ်ချခြင်း ခံလိုက်ရတဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးထွန်းကြည်ရဲ့ ကိုယ်ရေး အထုပ္ပတ္တိ ပဉ္စမပိုင်း ထွက်လာပါတယ်။ ဒီ စာအုပ်မှာတော့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးထွန်းကြည်ဟာ သူကြုံခဲ့ရတဲ့ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ် ရက်စက် ယုတ်မာမှုတွေကို ကောင်းကောင်း ဖွင့်ချထားပါတယ်။ ခုလို သမိုင်းဝင် အသွင်ကူးပြောင်းရေးကာလမှာ ဗိုလ်ချုပ်ထွန်းကြည် စာအုပ်ထဲကနေ ဘာသင်ခန်းစာတွေ ရယူနိုင်မလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
တကယ်တော့ အရင် စစ်အာဏာရှင်ခေတ်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတွေ အပါအဝင် ဖိနှိပ်ရက်စက် ခံခဲ့ရသူတွေ ရေးသားတဲ့ စာအုပ်ပေါင်းများစွာ ထွက်ခဲ့ပြီးပါပြီ။ ကိုယ်တိုင် အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်ရဲ့ ကိုယ်တိုင်ရေး စာအုပ်လည်း ထွက်ဖူးပါတယ်။ ဒါပေမယ့် ဦးခင်ညွန့်စာအုပ်ထဲမှာ ဒီပဲရင်း လူသတ်ပွဲကြီးနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက် ညွှန်ကြားသူ ဖြစ်တယ်ဆိုတဲ့ အချက်လောက်က လွဲပြီး ကျန်တာတွေက သိပ် စိတ်ဝင်စားစရာ မကောင်းပါဘူး။ အခု ဗိုလ်ချုပ်ထွန်းကြည်ရဲ့ ပဉ္စမမြောက် စာအုပ်မှာတော့ အဲဒီအချိန်က စစ်အာဏာရှင်တွေရဲ့ သရုပ်သကန်၊ စစ်အာဏာရှင်တွေရဲ့ ကောက်ကျစ် ရက်စက် ယုတ်မာမှုတွေကိုပါ ဖတ်ကြရပါတယ်။
Your browser doesn’t support HTML5
သူ့စာအုပ်ပါ ရေးသားချက်အရ ၁၉၈၈ ခုနှစ် စက်တင်ဘာမှာ အာဏာရှင်ဟောင်း ဦးနေဝင်းရဲ့ ညွှန်ကြားချက်နဲ့ စစ်တပ်က အာဏာသိမ်းပါတယ်။ အဲလို အာဏာသိမ်းတာကို ကြေညာတော့မှ သူဟာလည်း အာဏာသိမ်း အဖွဲ့ ခေါင်းဆောင် တစ်ယောက်အနေနဲ့ ပါဝင်နေတာ သိရတယ်လို့ ဆိုပါတယ်။ နောက်တော့ သူဟာ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့ နဝတ အဖွဲ့ဝင် စစ်ခေါင်းဆောင် တစ်ယောက် ဖြစ်လာပါတယ်။ သူနဝတ အဖွဲ့ဝင် အဖြစ် တာဝန်ယူရတဲ့ ၉ နှစ်တာကာလ အတွင်း နဝတ အစည်းအဝေး အကြိမ်ကြိမ် လုပ်ခဲ့တဲ့ အကြောင်း၊ အစည်းအဝေးမှာ တင်ပြခြင်းနဲ့ ဆွေးနွေးခြင်းလောက်ပဲ လုပ်နိုင်ပြီး ပါဝင် ဆုံးဖြတ်ခြင်းမျိုး လုံး၀ မရှိခဲ့ကြောင်း၊ အားလုံး နဝတ ဥက္ကဌ တစ်ယောက်တည်းက ဆုံးဖြတ်ချက်ချတယ် ဆိုပြီး ဖွင့်ချထားပါတယ်။
တပ်မတော်ရဲ့ အစဉ်အလာအရ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ ပါးစပ်က ထွက်သမျှ အမိန့်အဖြစ် ခံယူရတဲ့အကြောင်း၊ ဘယ်သူမှ စောဒက တက်တာ၊ ငြင်းဆန်တာ၊ ဝေဖန်တာ၊ ဆန့်ကျင်တာ လုပ်လေ့ မရှိတဲ့အကြောင်း၊ လုပ်ရင် ချက်ခြင်း ပြုတ်မှာသေခြာတယ်။ ကံဆိုးရင် ထောင်ပါ ကျနိုင်တယ် ဆိုပြီး ဖော်ပြထားပါတယ်။ ဒါတွေကတော့ စစ်အာဏာရှင် စနစ်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်တဲ့ ရေးသား ဖော်ပြချက်တွေပဲ ဖြစ်ပါတယ်။
နောက်ပိုင်း သူနဲ့ သူ့လက်အောက်ငယ်သားတွေကို နဝတ ခေါင်းဆောင်တွေနဲ့ ထောက်လှမ်းရေးက ဘယ်လို အရေးယူသလဲ ဆိုတာ “ မြန်မာ့မြေပေါ်မှ ငရဲခန်းများ” ခေါင်းစဉ်တပ်ပြီး ကွက်ကွက်ကွင်းကွင်း မြင်အောင် တင်ပြပါတယ်။ သူရေးထားတဲ့အတိုင်း ဖတ်ပြရရင် “ကျွန်တော့်ကို ချဖို့ အချက်အလက်က သူတို့ထံမှာ လုံလုံလောက်လောက် မရှိသေးတော့ ကျွန်တော့်တပည့်တွေကို ခေါ်ယူ ညှဉ်းပန်း အကျပ်ကိုင်စစ်ဆေးပြီး သူတို့လိုချင် တဲ့ သတင်းတွေ ညှစ်ယူသည်။ ညှစ်လို့မရတော့ အားလုံး အင်းစိန်ထောင်ပို့သည်။ ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ အချို့ နှစ်ကျွန်း ပြစ်ဒဏ် ချသည်။ ထောင်ဒဏ် အနှစ်တစ်ရာကျော် ခံရသူ တွေလည်း ပါသည်။ နိုင်ငံတော်ကို ပုန်ကန်သူ လည်း မဟုတ်၊ လူသတ်မှု၊ ဓားပြမှု၊ မုဒိမ်းမှုလည်း ကျူးလွန်သူများ မဟုတ်။ နည်းမှန်လမ်းမှန် ဥပဒေ အတိုင်း မဟုတ်။ ကျွန်တော်တို့ လူကြီးတွေက ခိုင်းတဲ့အတိုင်း တရားသူကြီးက ချကြရသည်။” လို့ ရေးထားပါတယ်။
စစ်ထောက်လှမ်းရေးတွေ ညစ်ပတ်ပုံကိုလည်း ခုလို ဖော်ပြထားပါသေးတယ်။ “ကျွန်တော့်တပည့်တွေ စစ်ရုံနဲ့၊ သူတို့လိုချင်တဲ့ အချက်အလက်၊ သက်သေအထောက်အထား မရလို့လား သို့မဟုတ် ကျွန်တော့်ဂုဏ်သိက္ခာ ကို ထိခိုက်အောင်လားတော့ မသိ။ ကျွန်တော့် ရုံးက အမျိုးသမီးလေးတွေကို တစ်ယောက်ပြီး တစ်ယောက် ခေါ်စစ်သေးသည်။” “ဝသီပါနေလို့လား မသိ။ ကိုယ့်ညီမအရွယ်၊ အမျိုးသမီးငယ်လေးများကို ခေါင်းအိတ်စွပ်ပြီး ခေါ်သည်။ သူတို့က ပြစ်မှုကျူးလွန်သူများလည်း မဟုတ်။ ထွက်ပြေးမည့်သူလည်း မဟုတ်။ ခေါင်းအိတ်စွပ်ဖို့ လိုသလား။ တမင်ကြောက်လန့်အောင် လုပ်ခြင်းဖြစ်သည်။ စသုံးလုံးရောက်တော့လည်း နည်းမျိုးစုံဖြင့် ကြောက်အောင် ခြောက်သည်။ သူတို့လိုချင်တာ မရမချင်း တစ်ညလုံး လူလဲနှင့် စစ်သည်။ အစားအစာလည်း ကောင်းကောင်း မကျွေး။ အခြားလူတွေက အကုန်ထွက်ဆိုပြီးပြီ။ မင်းမထွက်ရင် ဘယ်တော့မှ ပြန်မလွှတ်ဘူး။ မင်းအမေနဲ့လည်း ဘယ်တော့မှ မတွေ့ရတော့ ဘူးလို့ စသည်ဖြင့် ကိုယ်ရောစိတ်ပါ အမျိုးမျိုး ကျအောင် လုပ်သည်။ အမျိုးသမီးငယ်များဖြစ် ၍ သူတို့ရဲ့ဒဏ်ကို ကြာရှည်မခံနိုင်ကြ။ သူတို့ ခိုင်းတဲ့အတိုင်း လုပ်ကြ ထွက်ဆိုကြရတော့သည်။ အကြောက်တရားကြောင့် အရှက်တရားနောက် မှာထားပြီး မမှန်မကန် ထွက်ဆိုကြရသည်။” လို့ ဖော်ပြထားပါတယ်။
ဗိုလ်ချုပ်ထွန်းကြည် ရေးသားဖော်ပြချက်ကို ကြည့်ရင်ပဲ စစ်အာဏာရှင် စနစ်ဆိုတာ ဘယ်လောက် ဆိုးယုတ်တယ်၊ တိုင်းပြည်နဲ့ ပြည်သူကို မဆိုထားနဲ့ တပ်မတော်သားတွေကို မဆိုထားနဲ့၊ သူ့ ရဲဘော်ရဲဘက် စစ်ဗိုလ်ချုပ် အချင်းချင်းကိုတောင် အာဏာနဲ့ ပတ်သက်ရင် မတရား အနိုင်ပြုကျင့်တယ်၊ ရက်စက်တယ်၊ ယုတ်မာတယ်၊ ဗိုလ်ကျတယ် ဆိုတာ ထင်ထင်ရှားရှား တွေ့မြင်နိုင်ပါတယ်။
ဒီစာအုပ်ကနေ ပေးတဲ့ သင်ခန်းစာကတော့ မြန်မာနိုင်ငံကို နောင် ဘယ်သောအခါမှ စစ်အာဏာရှင် စနစ် ပြန် ရောက်မလာစေရေး၊ စစ်အာဏာရှင် စနစ် ပြန် မရှင်သန်လာရေးပါ။ ဗိုလ်ချုပ်ထွန်းကြည်ရဲ့ အဲဒီ အတွေ့အကြုံရေးသားချက်ကနေ လက်ရှိ တပ်မတော် စစ်ခေါင်းဆောင်တွေ အနေနဲ့ မှန်ကန်တဲ့ သင်ခန်းစာ ထုတ်ယူဖို့ လိုပါတယ်၊ တစ်ဆက်တည်း တိုင်းပြည်ကို ဦးဆောင်သွားမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဘက်ကလည်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ပြန်ပြီး အမြစ်တွယ်မလာရလေအောင် အသွင်ကူးပြောင်းရေးကို အတူလက်တွဲ သွားရမယ့် တပ်မတော် စစ်ခေါင်းဆောင်တွေကို နွေးနွေးထွေးထွေး စည်းရုံး ဆွဲဆောင် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။