ကိုပါကြီး သေဆုံးမှုနဲ့ တပ်မတော် ဂုဏ်သိက္ခာ

အလွတ်သတင်းထောက်ကိုပါကြီး

အစိုးရသစ် တက်လာစဉ်က စပြီး အပြောင်းအလဲ လုပ်လာတဲ့ တပ်မတော်အပေါ် တိုင်းရင်းသား ပြည်သူတွေ နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အထင်အမြင် လွဲမှု ဖြစ်ပေါ်စေတဲ့ အလွတ်သတင်းထောက် ကိုပါကြီး ခေါ် ကိုအောင်ကျော်နိုင် သေဆုံးမှု မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တရားရုံးမှာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ အရပ်ဘက် တရားရုံးတစ်ခုမှာ စစ်ဆေးနေဆဲ ဖြစ်ပေမယ့် စစ်ဘက်ဆိုင်ရာ တရားရုံးကတော့ အမှုနဲ့ ပတ်သက်နေတဲ့၊ ကိုပါကြီးကို သေနတ်နဲ့ ပစ်ခဲ့တဲ့ တပ်မတော်သား နှစ်ယောက်ကို စစ်ဆေးပြီး လွှတ်မိန့်တောင် ချခဲ့ပြီးပါပြီ။ မြို့ပေါ်မှာ အဖမ်းခံရတဲ့ ကိုပါကြီး၊ သေဆုံးသည်အထိ ဘယ်လို ဖြစ်ရတာပါလဲ၊ စစ်ဘက်ဆိုင်ရာ တရားရုံးက တရားသေ လွှတ်မိန့်ချလိုက်တာဟာ သင့်တော်ပါရဲ့လား၊ ကိုပါကြီး အမှုကြောင့် တပ်မတော် ဂုဏ်သိက္ခာ ထိခိုက်နိုင်သလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

ဖြစ်စဉ် အကျဉ်းကတော့ ပြီးခဲ့တဲ့ ၂၀၁၄ စက်တင်ဘာ ၂၆ ရက်နေ့က မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းက ကျေးရွာ တစ်ရွာမှာ ဒီကေဘီအေ တပ်ဖွဲ့ဝင်တစ်ချို့ဟာ အစိုးရပိုင်နက် နယ်မြေအတွင်း လက်နက်ကိုင်ဆောင် ဝင်ရောက်လာတာကို နယ်မြေ တာဝန်ရှိ အာဏာပိုင် အဖွဲ့အစည်းတွေက တားဆီးရာကနေ တိုက်ပွဲတွေ စ ပြီးဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲ စတင်ဖြစ်ပွားတဲ့အချိန်မှာ ရဲ၊ ပြည်သူ့စစ်နဲ့ တပ်မတော်သား တစ်ချို့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီး ထားတာ ခံရပြီး တစ်ချို့ ပစ်ခတ်ခံရမှုကြောင့် ဒါဏ်ရာတွေ ရခဲ့ပါတယ်။ နောက်ပိုင်း ဒီကေဘီအေ အဖွဲ့က ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးခဲ့ပေမယ့် လက်နက် ၁၀ လက်ကျော်ကိုတော့ သိမ်းဆည်းသွားခဲ့တယ်လို့ ဆိုပါတယ်။ အဲလို လက်နက်တွေ သိမ်းယူပြီး ဆုတ်ခွာဖို့ ကြိုးစားတဲ့ ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေကို တပ်မတော်ဘက်က ဝိုင်းရံ ပိတ်ဆို့ တိုက်ခိုက်ရာကနေ နောက်ထပ် တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ပါ။

Your browser doesn’t support HTML5

ကိုပါကြီး သေဆုံးမှုနဲ့ တပ်မတော် ဂုဏ်သိက္ခာ

ဒီလိုနဲ့ စက်တင်ဘာ ၃၀ ရက် မနက်ပိုင်း မွန်ပြည်နယ် ကျိုက်မရောမြို့နယ် မြို့မ ရဲစခန်း အနီးမှာ ဘာလက်နက်မှ ကိုင်ဆောင်ထားခြင်း မရှိတဲ့ ကိုပါကြီးကို ရဲတပ်ဖွဲ့က မသင်ကာလို့ ဆိုပြီး ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။ ကျိုက်မရော မြို့မ ရဲစခန်း နေရာဟာ စစ်မြေပြင် မဟုတ်ပါဘူး။ စစ်အုပ်ချုပ်ရေး ဥပဒေလည်း ပြဌာန်းထားခြင်း မရှိပါဘူး။ တရားဥပဒေ စိုးမိုးတဲ့ အဖြူရောင်နယ်မြေသာ ဖြစ်ပါတယ်။ တကယ်တော့ ကိုပါကြီးဟာ တောတွင်းလက်နက်ကိုင် တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ရင်တောင် လက်နက်မဲ့ ဖမ်းမိတဲ့ စစ်သုံ့ပန်း ဖြစ်ပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခုလို ဖမ်းဆီးရမိသူတစ်ယောက်ကို သက်ဆိုင်ရာ ရဲစခန်း၊ အဲဒီကနေ တဆင့် တရားရုံး တင်ပို့ပြီး ဥပဒေ အတိုင်း စစ်ဆေး ဆောင်ရွက်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် ဖမ်းဆီးရမိတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဥပဒေ အတိုင်း လုပ်ကိုင်ဆောင်ရွက်ခြင်း မပြုပဲ ပထမဦးဆုံး ခမရ (၂၀၄) နောက် ခမရ (၂၀၈) နောက်ဆုံး အောက်တိုဘာ ၄ ရက်နေ့မှာ လှုပ်ရှားစစ်ကြောင်းဆီ အဆင့်ဆင့် လွဲှပြောင်းပေးအပ်ခဲ့ရာကနေ ရှေ့တန်းစခန်းမှာ ကိုပါကြီးက အစောင့်ရဲဘော်ဆီကနေ လက်နက်လုလို့ အသေ ပစ်ခတ် ဖမ်းဆီးလိုက်ရတယ် ဆိုတဲ့ ဇာတ်လမ်း ဖြစ်လာတာပါ။

အခုလို နိုင်ငံသား တစ်ယောက် သေဆုံးရတာနဲ့ ပတ်သက်ပြီး ရှေ့ပိုင်းမှာ တပ်မတော်ဘက်က ဘယ်သူ့ကိုမှ အကြောင်းမကြားသလို၊ ဘာသတင်းမှလည်း မထုတ်ပြန်ပါဘူး။ နောက်ပိုင်း ကာယကံရှင် အသိုင်းအဝိုင်းနဲ့ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာတော့မှသာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က သွားရောက်စစ်ဆေးတာ၊ စစ်ဆေးတွေ့ရှိချက်တွေအရ ကိုပါကြီးအမှုကို အရပ်ဘက် တရားရုံးမှာ စစ်ဆေးသင့်တဲ့အကြောင်း အကြံပြုတာ လုပ်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း တပ်မတော်ဘက်ကတော့ ကိုပါကြီး သေဆုံးမှုနဲ့ ပတ်သက်ပြီး ၂၀၁၄ နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက အစောင့်စစ်သားနှစ်ယောက် ဖြစ်တဲ့ ဒု တပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့နှစ်ယောက်ကို တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၁၊ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ တို့နဲ့ စစ်ဘက်ဆိုင်ရာ တရားရုံးမှာ စစ်ဆေးခဲ့ပြီး ဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဧပြီလ အတွင်း လူ့အခွင့်အရေးကော်မရှင်ဆီ အကြောင်းကြားခဲ့ပါတယ်။ အကြောင်းကြားစာမှာ ကိုပါကြီး သေဆုံးမှုဟာ တန်းပြည့် စစ်မှုထမ်းချိန်အတွင်း ဖြစ်ပွားကြောင်း အခိုင်အမာ ပေါ်ပေါက်ခဲ့တဲ့အတွက် တပ်မတော် အက်ဥပဒေ ပုဒ်မ ၇၂ အရ စစ်တရားရုံးရဲ့ စီရင်ခွင့်အာဏာအတွင်း ကျရောက်နေကြောင်းနဲ့ စစ်ဆေးပြီးနောက် တရားသေ လွှတ်မိန့်ချမှတ်ခဲ့ကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ကိုပါကြီးသေဆုံးမှုကိုကြည့်ရင် အပိုင်းနှစ်ပိုင်း ရှိတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပထမ တစ်ပိုင်းဟာ တရားဥပဒေ စိုးမိုးတဲ့ နယ်မြေမှာ လက်ရဖမ်းဆီးမိတဲ့ မသင်္ကာစရာ နိုင်ငံသား တစ်ယောက်ကို ဥပဒေအရ အရေးယူဆောင်ရွက်ခြင်းမပြုပဲ၊ စစ်တပ်လက် အပ်လို့ရသလား၊ စစ်တပ်ကလည်း တရားခံ တစ်ယောက်ကို ရှေ့တန်း စစ်မြေပြင်နား ရောက်သည်အထိ တစ်ဖွဲ့ပြီး တစ်ဖွဲ့ အဆင့်ဆင့် လွှဲပြောင်း ပေးအပ်လို့ ရသလား ဆိုတာပါ။ ဒုတိယ ပိုင်းမှာတော့ ထွက်ပြေးလို့ ပစ်ခတ်ဖမ်းရင်း သေဆုံးရတယ် ဆိုတဲ့ ပြသနာ ဖြစ်ပါတယ်။

ပြောရရင် အရင် စစ်အာဏာရှင် ခေတ်အဆက်ဆက်က တပ်မတော်ဟာ ပြည်သူတွေကို ပေါ်တာတွေအဖြစ် ဖမ်းဆီးခိုင်းစေတာ၊ လူသားမြေမြှုပ်မိုင်းရှင်းကရိယာ အဖြစ် အသုံးချတာမျိုး လုပ်ခဲ့သလို၊ စစ်မြေပြင်မှာ ဖမ်းဆီးရမိသူတွေ၊ အလင်းဝင်ရောက် လာသူတွေကိုလည်း ခုလိုပဲ တိုက်ပွဲနယ်မြေထဲမှာ လမ်းပြပြန်လုပ်ခိုင်းတာ၊ လူသားမြေမြှုပ်မိုင်းရှင်းကရိယာ အဖြစ် အသုံးပြုတာ စသဖြင့် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖေါက်မှု၊ ဥပဒေချိုးဖေါက်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြဖူးပါတယ်။

အခုနောက်ပိုင်း အဲလို အမူအကျင့်မျိုးတွေ ပြုပြင်လာပြီလို့ ယူဆနိုင်စရာ အထောက်အထား ဓာတ်ပုံတွေ ကိုးကန့်တိုက်ပွဲ ဖြစ်စဉ်မှာ တွေ့မြင်ရပါတယ်။ ခက်ခဲတဲ့ ရှေ့တန်း စစ်မြေပြင်မှာ တပ်မတော်သားတွေဟာ တိုက်ပွဲမှာ သုံးမယ့် လက်နက်ကျည်ဆံ ဗုံးသီးတွေတင်မက စားရေရိက္ခာတွေကိုပါ သူတို့ဖာသာ သူတို့ သယ်ဆောင် တိုက်ပွဲဝင်နေကြတာမျိုးပါ။ အရင် ခေတ်ကလို အရပ်သား အထမ်းသမားနဲ့ အကျဉ်းသမား ပေါ်တာတွေ အသုံးပြုနေတယ် ဆိုတဲ့ သတင်းမျိုး မကြားသိရပါဘူး။ တပ်မတော်ဘက်က ခုလို ပြုပြင်ပြောင်းလဲရေးတွေလုပ်၊ အပင်ပန်းခံ၊ အနာခံ၊ အကျခံ တိုက်ပွဲဝင်နေချိန် နိုင်ငံသား တစ်ယောက်ကို ဖမ်းဆီးပြီး ဥပဒေမဲ့ ရှေ့တန်းနယ်မြေပို့ လမ်းပြလုပ်ခိုင်းရင်း သေဆုံးမှုဖြစ်ပွားတာ တစ်ခုအတွက် အကြီးအကျယ် ဝေဖန်ခံနေရတာ ဖြစ်ပါတယ်။ ဒီအတွက် တပ်မတော်အနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရကျိုး မနပ်ဘူးလို့တောင် ပြောရမလို ဖြစ်နေပါတယ်။

ဒါကြောင့် ခု ပြသနာမှာ ကိုပါကြီးကို ဘယ်သူတွေက ဖမ်းဆီးပြီး ဘာကြောင့် စစ်တပ်ကို လွဲှရသလဲ၊ ဘယ်သူတွေက တောင်းယူခဲ့သလဲ၊ ဘယ်သူတွေက လက်ခံခဲ့သလဲ စတာတွေ ပြန်လည် စစ်ဆေးပြီး တာဝန်ရှိသူတွေကို အပြစ်ပေး အရေးယူပြဖို့ လိုပါတယ်။ ဒါ့အပြင် ကိုပါကြီး သေဆုံးသည် အထိ ဖြစ်ခဲ့ရတာကိုလည်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က အစီရင်ခံ အကြံပြုထားသလို အရပ်ဘက် တရားရုံးမှာ ပွင့်လင်းမြင်သာစွာ ပြန်လည် စစ်ဆေးစီရင် ဆုံးဖြတ်သင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။