လက်ပံတောင်းတောင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

လက်ပံတောင်း ကြေးနီစီမံကိန်း မြေယာခြံခတ်မှုအတွင်း လူသေဆုံးတဲ့အထိ ဖြစ်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့မှု မြင်ကွင်း၊

ခုတစ်ပါတ်အတွင်း သတင်းမီဒီယာလောကကို ဖုံးလွှမ်းသွားခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခပြသနာ နဲ့ အဲဒီ ဖြစ်ရပ်နဲ့ ဆက်စပ် ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေပါ။ ဒီဇင်ဘာ ၂၂ ရက်နေ့က ကျေးရွာသူ တစ်ယောက် သေဆုံးသည် အထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပေါ် မူတည်ပြီး ဆင်နွဲှနေကြတဲ့ ဆန္ဒပြပွဲတွေဟာ နှစ်ကုန်ချိန်နီးလာတဲ့ ဒီကနေ့ အချိန်ထိ မပြီးဆုံးသေးပဲ ရန်ကုန်မှာ ဆိုရင် တရုတ်သံရုံးရှေ့ လမ်းကို ပိတ်ဆို့ပြီး အစိုးရက လုံခြုံရေး ယူပေးရတဲ့ အခြေအနေ ရောက်နေပါပြီ။ ဒါတင်မက တရုတ်ဝမ်ပေါင် ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြမှုတွေဟာ မြန်မာတွေ နေထိုင်တဲ့ နိုင်ငံခြား တိုင်းပြည်တွေအထိ ပျံ့နှံ့သွားမယ့် အလားအလာကလည်း ရှိနေပြန်ပါသေးတယ်။ ဒီ ပဋိပက္ခ ဘယ်လို ဖြစ်ခဲ့တာပါလဲ၊ ဘာကြောင့် ပြသနာတွေ ပေါ်ရတာပါလဲ၊ ဘယ်သူတွေမှာ အဓိက တာဝန်ရှိပါသလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့အတိုင်း အခုနောက်ဆုံး ပဋိပက္ခ စတင်ပေါ်ပေါက်လာတာဟာ လယ်ယာမြေ သိမ်းဆည်းမှု လျော်ကြေးရယူထားခြင်း မရှိတဲ့ ရွာသားတွေပိုင် မြေကို ရဲလုံခြုံရေး အစောင့်အရှောက် အကာအကွယ် ရယူပြီး ကြေးနီစီမံကိန်း ဝန်ထမ်းတွေက ခြံစည်းရိုး ခတ်တာကနေ စ ပြီး ဖြစ်လာတာပါ။ ဒီလို ခြံစည်းရိုးခတ်တာကို ကျေးရွာသူ၊ ကျေးရွာသားတွေက အနာခံ၊ အသေခံပြီး ရတဲ့နည်းနဲ့ တားဆီးဖို့ ကြိုးစားကြပါတယ်။ မြေကော်တဲ့ ဘူဒိုဇာကြီးတွေရှေ့ လှဲအိပ်တာမျိုး အပါအဝင် ခြံစည်းရိုးကာတဲ့ တိုင်တွေကို ဝင်လုတာ အဆုံး မရ ရတဲ့နည်းနဲ့ အသည်းအသန် တုန့်ပြန် ခဲ့ကြတာပါ။ ဒီမှာတင် ခြံစည်းရိုးကာတဲ့ စီမံကိန်း လုပ်သားတွေကို အကာအကွယ်ပေးတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပဋိပက္ခ ဖြစ်ပွားပြီး မိုးကြိုးပြင် အလယ်ရွာက အသက် ၅၀ အရွယ် တောင်သူ ဒေါ်ခင်ဝင်း ဦးခေါင်းမှာ သေနတ်ကျည်ဆံ ထိမှန် သေဆုံးခဲ့တာပါ။ ကျေးရွာသား အများအပြားလည်း ဒါဏ်ရာရခဲ့ကြပါတယ်။

Your browser doesn’t support HTML5

လက်ပံတောင်းတောင် ပြဿနာ ဘယ်သူ့မှာ တာဝန်ရှိသလဲ

အဲဒီလို တောင်သူတစ်ယောက် သေနတ်ကျည်ဆံ ထိမှန် သေဆုံးခဲ့ပြီးတာတောင် တရုတ်ကုမ္ပဏီဘက်က ခြံစည်းရိုးကာတာကို မရပ်တန့်ခဲ့ပါဘူး။ ဒီသတင်း မီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြ၊ အစိုးရနဲ့ တရုတ် ကုမ္ပဏီကို မြန်မာပြည်သူတွေ ဒေါသ အမျက်ချောင်းချောင်း ထွက်လာတဲ့ အခါကျမှသာ ခြံစည်းရိုးကာတာကို ရပ်လိုက်တာ ဖြစ်ပါတယ်။ ဒီ ပြသနာနဲ့ ပါတ်သက်ရင် အရေးအကြီးဆုံး အချက်က ကျေးရွာသူရွာသားတွေဟာ ဖမ်းဆီး ထောင်ကျခံရမှာလည်း မကြောက်၊ ကိုယ့်မှာလည်း ဘာ လက်နက် တစ်စုံတရာမှ မရှိပဲ အနာခံ၊ ဒါဏ်ရာအရခံ၊ အသေခံပြီး ခြံစည်းရိုးခတ်တာကို ဘာကြောင့် တားမြစ်ကြရသလဲ ဆိုတာပါ။

တိုတိုတုတ်တုတ် ပြောရရင် ဘိုးဘွားအစဉ်အဆက် နှစ်ပေါင်းများစွာ သူတို့အသက်ရှင်သန်ဖို့ ဖန်တီးပေးခဲ့တဲ့ ဒီ မြေကြီးတွေကို မတရားသိမ်းပိုက် ရယူသွားမယ့် ကိစ္စဟာ သူတို့ အသက်ရှင်မှုနဲ့ သူတို့ ဘ၀ တွေကို ဖျက်ဆီးပစ်တာပဲလို့ နားလည်ယုံကြည်နေကြလို့ပဲ ဖြစ်ပါတယ်။ ဒီမြေတွေကို မတရားရယူသွားလို့ သူတို့ဘ၀ ဘာမှ ထိခိုက်နစ်နာမှု မရှိဘူး ဆိုရင် ဘယ်သူကမှ အနာခံ၊ အသေခံ၊ ဥပဒေကို အံတုဖက်ပြိုင်ပြီး ရတဲ့နည်းနဲ့ တားမြစ်ကြမှာ မဟုတ်ပါဘူး။

လက်ပံတောင်း ဒေသက ကျေးရွာသူ ကျေးရွာသားတွေ အဲလို ယုံကြည် နေရလောက်အောင်လည်း စီမံကိန်း အကောင်အထည် ဖော်နေတဲ့ တရုတ်ကုမ္ပဏီနဲ့ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် ဘက်က ကျေးရွာသားတွေ အကျိုး ဘာမှ လောက်လောက်လားလား အကောင်အထည် ဖော်မပေးခဲ့လို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ လက်ပန်းတောင်းတောင် စီမံကိန်း ပြသနာနဲ့ ပါတ်သက်ပြီး သံဃာတော်တွေ မီးလောင်ဗုံးနဲ့ အပစ်ခံရ၊ ဒါဏ်ရာတွေ အကြီးအကျယ် ရတဲ့ အခြေအနေ ဆိုက်ခဲ့စဉ်တုန်းက အစိုးရနဲ့ တရုတ်ကုမ္ပဏီ အကြပ်အတည်း ဆိုက်ခဲ့ပါတယ်။ တရုတ်- မြန်မာ နှစ်နိုင်ငံ အကြပ်အတည်း ဆိုက်တဲ့ အခြေအနေအောက်မှာ အဲဒီ ပြသနာ ပြေလည်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေး ကော်မရှင်က ကြားဝင်ဆောင်ရွက်ပေးခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်ဟာ အစီရင်ခံစာ တစ်စောင်ပြုစုပြီး မြန်မာအစိုးရ အနေနဲ့ နိုင်ငံတကာ ကတိကဝတ်ကို မဖျက်ရလေအောင်၊ မျက်နှာ မပျက်ရလေအောင်၊ တရုတ် ကုမ္ပဏီဘက်ကလည်း စီမံကိန်း ဆက်ပြီး လုပ်ကိုင်နိုင်အောင်၊ စီမံကိန်းကြောင့် လယ်ယာမြေ တွေ အသိမ်းခံရ၊ ကျေးရွာတွေ ဖျက်ပေးရတဲ့ တောင်သူတွေလည်း ဘ၀ ပိုမို ဖွံ့ဖြိုးတိုးတက်မှုရှိအောင်၊ သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံးဖြစ်အောင် နည်းနာရှာ အကြံပြုပေးခဲ့ကြပါတယ်။ အဲဒီ အချက်တွေထဲမှာ မြေယာလျော်ကြေးတွေကို ခေတ်ကာလ နဲ့ လျော်ညီတဲ့ ဈေးနှုန်းတွေ ပေးဖို့၊ အသိမ်းခံရတဲ့ မြေတွေအစား အခြား မြေလွတ်မြေရိုင်းတွေကို စိုက်ပျိုးနိုင်တဲ့ မြေအဖြစ် ပြုပြင်ပေးပြီး လယ်သမားတွေကို အစားထိုး ပြန်ချပေးဖို့၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်ဖို့ စတဲ့ အချက်တွေ အများအပြား ပါဝင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ အစီရင်ခံစာ တင်ပြီးတာနဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပြည်ထောင်စု ဝန်ကြီးဦးလှထွန်းကို ဥက္ကဌ ခန့်ပြီး ကော်မရှင် အစီရင်ခံစာ အကောင်အထည် ဖော်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ တရုတ်ကုမ္ပဏီ၊ ဦးပိုင် နဲ့ အစိုးရတာဝန်ရှိသူတွေဘက်က အစီရင်ခံစာပါ အချက် အတော်များများ အကောင်အထည် ဖော်ပေးခြင်း မရှိခဲ့ပါဘူး။ ဒီအတွက် နဂိုကတည်းကမှ စီမံကိန်းကို ယုံကြည်မှုမရှိလို့ မြေယာလျော်ကြေး ရယူခဲ့ခြင်းမရှိတဲ့ တောင်သူတွေအနေနဲ့ ပိုပြီး မယုံကြည်မှုကိုပဲ ဖြစ်စေပြီး ခုလို ခြံစည်းရိုးခတ်တာကို အသေခံ၊ အနာခံ တားဆီးတဲ့ အဆင့်အထိ ရောက်လာရတာ ဖြစ်ပါတယ်။ ခုဆိုရင် အစိုးရ ရဲတပ်ဖွဲ့ရဲ့ ဒီလို လူသေဆုံးသည် အထိ ကိုင်တွယ်ခဲ့တဲ့ ဆန္ဒပြပွဲ နှိမ်နင်းမှု ဂယက် ကုမ္ပဏီ နှစ်ခုစလုံးရော၊ နှစ်နိုင်ငံ အစိုးရတွေပါ ခံနေကြရပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံ အစိုးရဘက်ကလည်း သူ့ကုမ္ပဏီကို သတိပေးနေရပြီ ဖြစ်သလို၊ တရုတ်ကုမ္ပဏီကလည်း မြန်မာအစိုးရဘက်က လုပ်ရပ်တစ်ချို့ကို ဝေဖန်စ ပြုလာနေပြီဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြသနာ မြန်မာ့ရေမြေ၊ မြန်မာ့ အချုပ်အခြာအာဏာပိုင်စိုးမှုအောက်မှာ ဖြစ်ရတာ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုကြောင့် ဖြစ်ရတာမို့ မြန်မာအစိုးရဘက်ကပဲ အပြည့်အ၀ တာဝန် ရှိတာ ဖြစ်ပါတယ်။

ဒီအတွက် လုပ်ဖို့လိုအပ်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဒေါ်ခင်ဝင်း ကျည်သင့် သေဆုံးမှု အဖြစ်မှန် စုံစမ်းဖော်ထုတ်ပါ။ တကယ့်တာဝန်ရှိတဲ့ အဆင့်ကို အရေးယူပါ။ သေဆုံးသူ မိသားစုဝင်တွေကို ကျေနပ်သည် အထိ တောင်းပန်၊ လုံလောက်တဲ့ လျော်ကြေးပေးပါ၊ တကယ့်အရေးအကြီးဆုံးက ဒေါ်အောင်ဆန်းစုကြည်နဲ့ စုံစမ်းရေးကော်မရှင်က အကြံပြုထားချက်တွေကို တိတိကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်ပါ။ ဒီလို အကောင်အထည် ဖော်နေမှုကို ကော်မရှင် အဖွဲ့ဝင်တွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် လေ့လာကြည့်ရှုခွင့်ပေးပါ။ နောက်ဆုံး စီမံကိန်းကို ဒေသခံတွေ နားလည် လက်ခံလာမှ ခြံစည်းရိုးခတ်တာမျိုး ဆက်လုပ်ဖို့ သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။