Your browser doesn’t support HTML5
အခုရက်ပိုင်းအတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းတစ်ပုဒ်ကတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ စင်ကာပူနိုင်ငံ ခရီးစဉ်အတွင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့၊ မလိုအပ်တော့ဘူးလို့ ပြောလိုက်တဲ့ မှတ်ချက်စကားနဲ့ အဲဒီစကားကို အခြေပြုပြီး ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲ ဂယက်တွေအကြောင်းပါပဲ။ အခုဆိုရင် မဘသ အဖွဲ့ကြီးက အစည်းအဝေး တစ်ခု ကျင်းပပြီး ဦးဖြိုးမင်းသိန်းရဲ့ အဲဒီ ပြောစကားနဲ့ ပတ်သက်ပြီး (၇) ရက်အတွင်း ပြန်ဖြေရှင်းပေးဖို့၊ တကယ်လို့ ပြန်ဖြေရှင်းပေးတာမျိုး မလုပ်ရင် ဆန္ဒပြတာ၊ လက်မှတ်တွေ စုဆောင်းကောက်ခံပြီး တင်ပြတာ စတဲ့ လှုံ့ဆော်မှုတွေ လုပ်မယ်လို့ ကြေငြာချက် ထုတ်ပြန်ထားပြီလည်း ဖြစ်ပါတယ်။ မဘသ အဖွဲ့ကြီးဟာ ဘယ်လို အဖွဲ့မျိုးလဲ၊ ဒီအဖွဲ့ကြီး ဘယ်လို ကြီးထွားလာသလဲ၊ ပေါ်ပေါက်ခဲ့တဲ့ သုံးနှစ်တာကာလ ဘာတွေ လုပ်ခဲ့သလဲ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောစကား မှတ်ချက် အချိန်ကိုက် ဖြစ်ရဲ့လား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။
မဘသ အဖွဲ့ဆိုတာ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောက်ရေး လုပ်မယ်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ်။ မြန်မာနိုင်ငံမှာ အစဉ်အဆက် ရှိခဲ့တဲ့ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းတွေအရ မဟန လို့ခေါ်တဲ့ မြန်မာနိုင်ငံ ဂိုဏ်းပေါင်းစုံ သံဃာ့မဟာနာယက အဖွဲ့ကြီးဟာ တစ်ခုတည်းသော သံဃာ့ အဖွဲ့အစည်းကြီး ဖြစ်ပြီး မဟန ကလွဲရင် အခြား သံဃာ့အဖွဲ့အစည်းတွေ ဖွဲ့စည်း တည်ထောင်ခွင့် မရှိပါဘူး။ ဒါပေမယ့် မဘသ အဖွဲ့တည်ထောင်သူတွေက သူတို့ရဲ့ အဖွဲ့အစည်းကို သံဃာ့အဖွဲ့အစည်း အနေနဲ့ တည်ထောင်ထားတာ မဟုတ်ဘူး၊ မဟန ဆရာတော်ကြီးတွေရဲ့ ခွင့်ပြုချက်နဲ့ အတူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ သံဃာနဲ့ လူတွေ ပေါင်းစပ် ဖွဲ့စည်းတည်ထောင်ထားတဲ့ အသင်းအပင်း အဖွဲ့အစည်းမျိုး ဖြစ်တယ်လို့ ဆိုကြပါတယ်။
တည်ထောင်ခဲ့ပြီးတဲ့ ကာလ တွေကို ပြန်ကြည့်ရင် မဘသ အဖွဲ့ကြီးထဲမှာ တကယ့်ကိုပဲ ဗုဒ္ဓဘာသာ အမျိုးဘာသာ သာသနာ စောင့်ရှောက်လိုသူ သံဃာနဲ့ လူပုဂ္ဂိုလ်တွေ ပါဝင်ကြသလို၊ တစ်ချို့ ဘာသာမတူသူတွေကို ခွဲခြား ဆက်ဆံလိုတဲ့၊ အမုန်းပွားလိုတဲ့၊ ရန်ပြုတိုက်ခိုက်လိုတဲ့ သံဃာနဲ့ လူပုဂ္ဂိုလ်တွေလည်း ပါဝင်တာ တွေ့နိုင်ပါတယ်။ တစ်ချို့သံဃာနဲ့ လူပုဂ္ဂိုလ်တွေကတော့ နောက်ကွယ်မှာ နိုင်ငံရေး ရည်ရွယ်ချက် ရှိသလားလို့ သံသယ ပွားရလောက်အောင် အရင် သမ္မတ ဦးသိန်းစိန်ရဲ့ တည်ဆဲအစိုးရ၊ တည်ဆဲအာဏရ ပါတီကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ လှုပ်ရှား ပြောဆိုမှုတွေ လုပ်ကြတာကိုလည်း တွေ့မြင်ခဲ့ကြရပါတယ်။ အဓိက ပြသနာ တစ်ခုကတော့ မဘသ ဗဟို အဖွဲ့ကြီးဟာ အောက်ခြေ အဖွဲ့အစည်း အသီးသီးရဲ့ လုပ်ရပ်တွေကို တာဝန်ယူမှု မရှိတာပါပဲ။ အောက်ခြေ မြို့နယ်၊ ပြည်နယ် အဖွဲ့အစည်းတွေကနေ အခြား ဘာသာဝင်တွေ အပေါ် အမုန်းတရားပွားစေတဲ့ ကြေငြာချက်မျိုးထုတ်တာ၊ အမုန်းတရား ပွားစေတဲ့ လှုပ်ရှားမှုမျိုး လုပ်ကိုင်တာတွေနဲ့ ပါတ်သက်ပြီး မဘသ ဗဟိုက သူတို့နဲ့ မသက်ဆိုင်တဲ့ အကြောင်း၊ အောက်ခြေ မဘသ အဖွဲ့တွေရဲ့ သူတို့သဘော သူတို့ဆောင်တဲ့ လုပ်ရှားမှုတွေသာ ဖြစ်ကြောင်း ငြင်းချက်ထုတ်လေ့ရှိပါတယ်။
မဘသ အဖွဲ့ကြီးရဲ့ အဓိက လုပ်ဆောင်ခဲ့ချက်ကို ပြပါ ဆိုရင် မျိုးစောင့်ဥပဒေ (၄) ခု ပြဌာန်းနိုင်ရေး ကြိုးပမ်း အားထုတ်ခဲ့တာပါ။ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်နဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်တွင်းမှာရော နိုင်ငံတကာမှာပါ အငြင်းပွားစရာ ဖြစ်တဲ့ အဲဒီ မျိုးစောင့်ဥပဒေတွေ ပြဌာန်းပေးဖို့ ပြည်သူလူထုဆီကနေ လက်မှတ်တွေ စုဆောင်းကောက်ခံပြီး အစိုးရဆီ တင်ပြတောင်းဆိုတဲ့ လှုပ်ရှားမှု လုပ်ခဲ့ပါတယ်။ မျိုးစောင့်ဥပဒေ လေးခု အတည်ပြုနိုင်ခဲ့တဲ့ ဖြစ်စဉ်ကို ပြန်ကြည့်ရင် ဥပဒေတွေ အတည်ပြုပေးဖို့ မဘသ အဖွဲ့ကြီးက သမ္မတ ဦးသိန်းစိန်ဆီ စာရေး တင်ပြ တောင်းဆိုပါတယ်။ သမ္မတ ဦးသိန်းစိန် က ဒါဟာ ဥပဒေ ပြုရေး ကိစ္စ ဖြစ်တယ် ဆိုပြီး လွှတ်တော် နာယက သူရဦးရွှေမန်းဆီ ဆက် ပေးပို့ပါတယ်။
သူရဦးရွှေမန်းအနေနဲ့ ဒီ ဥပဒေမျိုး ပြဌာန်းဖို့ လိုသလား၊ မလိုဘူးလား၊ လိုတယ်ဆိုရင် ဥပဒေ ဘယ်နှစ်ခု ပြဌာန်းမလဲ၊ ဘယ်သူ့ကို ရေးဆွဲခိုင်းမလဲ စတာတွေကို လွှတ်တော်တွင်း ဆွေးနွေးတာမျိုး လုံး၀ မလုပ်ပဲ သူ့တစ်ဦးတည်း သဘောနဲ့ ဥပဒေ လေးခု ရေးဆွဲပေးဖို့ အစိုးရအဖွဲ့ဘက် တိုက်ရိုက် တာဝန် ပြန်ပေးခဲ့ပါတယ်။ အစိုးရဘက်က ရေးဆွဲပေးတဲ့ အဲဒီ ဥပဒေ လေးခုကို ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေ ကြီးစိုးတဲ့ လွှတ်တော်က နည်းနည်းပါးပါး ပြင်ဆင်တာလောက် လုပ်ပြီး အတည်ပြုပေးခဲ့တာ တွေ့နိုင်ပါတယ်။
လွန်ခဲ့တဲ့ ၃-၄ နှစ်တာကာလ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကို ပြန်ကြည့်ရင် မြန်မာနိုင်ငံထဲမှာ ဘာသာခြားတွေ အပေါ် အမုန်းတရားထားတဲ့ ပြောဆို ပြုမူ လှုပ်ရှားမှုတွေ များပြားလာတာ၊ ဘာသာခြားတွေ အပေါ် အကြမ်းဖက်ဖို့ လှုံ့ဆော်မှုတွေ ပေါ်ပေါက်လာတာ၊ အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာ စတာတွေ တွေ့နိုင်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး မဘသ အဖွဲ့ကြီးမှာ တာဝန်ရှိတယ်လို့ တိုက်ရိုက် မပြောဆိုနိုင်ပေမယ့် မဘသ အဖွဲ့ကြီး ပေါ်ပေါက်လာပြီးမှ ဖြစ်ပေါ်လာတဲ့ ပြသနာတွေလို့ ပြောဆိုမယ် ဆိုရင်တော့ ရနိုင်ပါတယ်။ နောက်ပြသနာ တစ်ခုကတော့ မဘသ ဦးဆောင်ဆရာတော် တစ်ပါး ဖြစ်တဲ့ အရှင်ဝီရသူရဲ့ ပြောဆို ပြုမူပုံတွေပါ။ အရှင်ဝီရသူရဲ့ တရားပွဲတွေမှာ ဟောပြောမှု၊ အင်တာနက် လူမှုကွန်ယက် စာမျက်နှာတွေမှာ ရေးသားမှုတွေကို ကြည့်ရင် ဘာသာခြားတွေအပေါ် အမုန်းတရား ပွားစေတဲ့ ဟောပြောရေးသားမှုတွေ ဖြစ်နေတာ တွေ့ရမယ် ဖြစ်ပါတယ်။ အရှင်ဝီရသူရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ ကို ပြည့်တန်ဆာနဲ့ ခိုင်းနှိုင်း ခေါ်ဝေါ်ခဲ့တဲ့ လုပ်ရပ်ကတော့ ဟိုးလေး တစ်ကြော်ပါပဲ။ ပြောရရင် မဘသ အဖွဲ့အစည်း ပေါ်ပေါက်လာပြီး နောက်ပိုင်း ကမ္ဘာမှာ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ ပုံရိပ် ကျဆင်းလာတာကတော့ ငြင်းလို့ မရတဲ့ အချက်ပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ သံဃာနဲ့ လူတွေ အများကြီး ပါဝင်ဖွဲ့စည်းထားတဲ့ မဘသ အဖွဲ့ကြီး မလိုအပ်တော့ဘူး ဆိုတဲ့ စကားမျိုး ပြောဆိုတာကတော့ အချိန်စောလွန်းနေပါသေးတယ်။ မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတာက အမုန်းတရား ဖြန့်ဖြူးနေတာတွေ ရပ်တန့်သွားဖို့၊ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ၊ အကြမ်းဖက်တာတွေကို ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူနိုင်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် စီမံခန့်ခွဲ အုပ်ချုပ်နိုင်မှာဖြစ်ပြီး တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖော်နိုင်မှာ ဖြစ်ပါတယ်။
တိုင်းပြည်မှာ အမုန်းတရား ဖြန့်ဖြူးနေတာတွေ ရပ်တန့်သွားဖို့၊ ဗုဒ္ဓဘာသာရဲ့ စစ်မှန်တဲ့ တရားတော်တွေ ပျံ့နှံ့ဖို့၊ မတူညီတဲ့ ဘာသာဝင်တွေ တစ်ယောက်နဲ့ တစ်ယောက်ကြား ငြိမ်းချမ်းတဲ့ ဆက်ဆံရေးတွေ တည်ရှိဖို့ ကိစ္စတွေကို ဗုဒ္ဓဘာသာ ဆရာတော် သံဃာတော်တွေ ဦးဆောင် လှုပ်ရှားပါမှ အောင်မြင်မှု ရနိုင်မှာပါ။ အလားတူ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ ပုံရိပ် မြင့်တက်လာအောင်လည်း ဆရာတော် သံဃာတော်တွေကပဲ ပြန် ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ဒီအတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အစိုးရ တာဝန်ရှိသူတွေ လုပ်ကိုင်ဆောင်ရွက်သင့်တာက အဖွဲ့အစည်း တစ်ခုခုကို ထိပ်တိုက် ရင်ဆိုင်ရေး ဆိုတာထက် လုပ်ရပ်တစ်ခုချင်းအပေါ်၊ သံဃာနဲ့ လူပုဂ္ဂိုလ် တစ်ဦးချင်းရဲ့ ပြုမူဆောင်ရွက်ချက်တွေအပေါ် အရေးယူဆောင်ရွက်တာမျိုးက ပိုပြီး သင့်တော်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။