ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး ပြည်တွင်း သတင်းမီဒီယာ အားလုံးမှာ ဖော်ပြခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သတင်းစာ ရှင်းလင်းပွဲ အကြောင်းပဲ ဖြစ်ပါတယ်။ သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့အတူ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေပါ ပါဝင်ပြီး သတင်းမီဒီယာသမားတွေ မေးသမျှကို ရှင်းလင်း ပြောဆိုခဲ့ကြပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲမှာ ပါတဲ့ အကြောင်းအရာတွေကိုကြည့်ရင် ဒီကနေ့ တပ်မတော်ရဲ့ ရပ်တည်ချက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့အပေါ် သဘောထား၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး အတွက် ရပ်တည်ချက် စတာတွေ စုံစုံလင်လင် ပါဝင်တာမို့ စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ ဒီကနေ့ တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ သဘောထားတွေဟာ ရွေးကောက်ခံ အစိုးရသစ် ဖော်ဆောင်နေတဲ့ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းတွေမှာ အထောက်အကူ ဖြစ်စေမှာလား၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ပိုပြီး လွယ်ကူချောမွေ့စေမှာလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောတဲ့ အဓိက အကျဆုံး အချက်ကတော့ တပ်မတော်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ခိုင်ခိုင်မာမာ ရပ်တည်နေတယ် ဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ နိုင်ငံရဲ့ အထွဋ်အထိပ် အကြီးအကဲဟာ နိုင်ငံတော်သမ္မတ ဖြစ်တာကြောင့် သူတို့ တပ်မတော်ခေါင်းဆောင်တွေဟာလည်း သမ္မတကြီး ဦးထင်ကျော်ရဲ့ ဦးဆောင်မှုကို လိုက်နာလျက်ရှိတယ်လို့ ဆိုပါတယ်။ တစ်ပြိုင်နက်တည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်အရ တပ်မတော်ဟာ ထူးခြားတဲ့ အဖွဲ့အစည်း တပ်ရပ် ဖြစ်တာနဲ့အညီ တပ်မတော်ရေးရာ ကိစ္စတွေကို တပ်မတော်ခေါင်းဆောင်တွေကပဲ လွတ်လွတ်လပ်လပ် အကောင်အထည်ဖော် ဆောင်ရွက်နေတယ် ဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ဟာ သီးခြား ရပ်တည်ခွင့်ရှိနေတယ် ဆိုပေမယ့် တစ်ဗိုလ်တစ်မင်း တစ်စင်ထောင်တာမျိုး မလုပ်ဘူး၊ သမ္မတရဲ့ လက်အောက်မှာပဲ နေတယ်၊ သမ္မတရဲ့ ဦးဆောင်မှုကိုတော့ ခံယူတယ် ဆိုတဲ့ သဘောပါ။
Your browser doesn’t support HTML5
နိုင်ငံအတွက် အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့လည်း တပ်မတော်ဘက်က တက်တက်ကြွကြွ လိုလိုလားလား ရှိနေတဲ့အကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာတောင် အခု အစိုးရ ၅ နှစ်သက်တမ်းအတွင်း ငြိမ်းချမ်းရေး ရအောင်ကြိုးစားကြမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ချမှတ်ထားတဲ့ မူဝါဒတွေအတိုင်း ဆက်ပြီး ရပ်တည်နေတယ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ပါတယ်။ အဲဒါတွေကတော့ အပစ်အခတ် ရပ်စဲရေး NCA စာချုပ် လက်မှတ် ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ လက်မှတ်ထိုးကြဖို့ လိုတယ် ဆိုတဲ့အကြောင်း၊ အပစ်မရပ်ပဲနဲ့ နိုင်ငံရေးစကားဝိုင်းထဲ ဝင်ဖို့ မဖြစ်နိုင်ကြောင်း၊ ကိုးကန့်၊ တအာန်း ပလောင်နဲ့ ရခိုင်AA တပ်ဖွဲ့သုံးဖွဲ့ နဲ့ ပတ်သက်လို့ကတော့ လက်နက်စွန့်ပြီးမှသာ နိုင်ငံရေးကိစ္စ လက်ခံဆွေးနွေးမှာ ဖြစ်တဲ့အကြောင်း ရှင်းလင်းခဲ့ကြပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း သတင်းစာဆရာတွေ စိတ်တဝင်စား မေးမြန်းခဲ့ကြတဲ့ မေးခွန်းတစ်ခုကတော့ အခု ၂၀၁၆ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အနေနဲ့ အသက် ၆၀ ပြည့်ပြီ၊ တပ်မတော် တာဝန်ကနေ အငြိမ်းစား ယူမှာလား ဆိုတာပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တပ်မတော် ဥပဒေအရ အသက် ၆၀ ကျော်သည်အထိ ဆက်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိကြောင်း၊ အရင် ၁၉၇၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ အမိန့်တစ်ရပ်အရ ပြန်တမ်းဝင် အရာရှိတွေဟာ အသက်အကန့်အသတ် မရှိ တာဝန်ထမ်းဆောင်နိုင်တဲ့ သဘော ပါဝင်နေတဲ့အကြောင်း၊ သူတို့လက်ထက်မှာတော့ ဒါကို မဖြစ်သင့်ဘူးလို့ ယူဆတဲ့အတွက် ဗိုလ်ချုပ်ဆို ဘယ်နှစ်နှစ်၊ ဗိုလ်ချုပ်ကြီးဆို ဘယ်နှစ်နှစ် အကန့်အသတ်နဲ့ ဆက်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိတဲ့အကြောင်း၊ သူကတော့ အသက် ၆၀ ပြည့်ပေမယ့် အနားယူဦးမှာ မဟုတ်တဲ့အကြောင်း၊ တပ်မတော် တာဝန်ကိုပဲ ဆက်ပြီး ထမ်းဆောင်သွားဦးမယ် ဆိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဗိုလ်ချုပ်ဆို ဘယ်နှစ်နှစ်၊ ဗိုလ်ချုပ်မှူးကြီးဆို ဘယ်နှစ်နှစ် ဆက်ပြီး တာဝန်ထမ်းဆောင်ခွင့် ရှိတယ်ဆိုတဲ့ သတ်မှတ်ထားချက် အတိအကျကိုတော့ ထုတ်ဖော်ပြောဆိုသွားတာ မရှိခဲ့ပါဘူး။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီလို အမိန့်ကြေငြာချက်မျိုးကို ထုတ်ဆင့်လို့ရတဲ့အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟာ သူ တာဝန်ထမ်းဆောင်လိုတဲ့ အသက်ကာလ အပိုင်းအခြား အထိ တာဝန်ထမ်းဆောင်နိုင်တဲ့ သဘောလည်း သက်ရောက်နေတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲအတွင်း တပ်မတော်အနေနဲ့ လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ရယူထားတာကနေ ဘယ်တော့ စွန့်လွှတ်မလဲ၊ တနည်း လွှတ်တော်ထဲကနေ ဘယ်တော့ ထွက်ခွာမလဲ ဆိုတဲ့ မေးခွန်းလည်း မေးခဲ့ကြပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ နဂို ဖြေနေကြ ထုံးစံအတိုင်း တိုင်းပြည်မှာ လက်နက်ကိုင် တိုက်ပွဲတွေ ချုပ်ငြိမ်း၊ ငြိမ်းချမ်းရေး အပြည့်အ၀ ရလာပြီဆိုရင်တော့ ပြည်သူတွေ ဖြစ်စေချင်တဲ့အတိုင်း ဖြစ်စေရပါမယ်လို့ အဖြေပေးခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ကောင်းမွန်တဲ့ အချက်တွေ အနေနဲ့ ဖွဲ့စည်းပုံအရ သမ္မတကြီးဦးထင်ကျော်ရဲ့ ဦးဆောင်မှုကို လိုက်ပါနေတယ်၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်၊ ငြိမ်းချမ်းရေး ရဖို့ အကောင်အထည် ဖော်ရာမှာလည်း စိတ်အားထက်သန်မှု ရှိနေတယ် ဆိုတဲ့ အချက်တွေ တွေ့ရပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် အကောင်အထည် ဖော်မယ့် လုပ်ငန်းစဉ် အတိုင်း လိုက်ပါဆောင်ရွက်မယ် ဆိုတာထက် အရင် သမ္မတ ဦးသိန်းစိန် လက်ထက်က စွဲကိုင်ခဲ့တဲ့ ရပ်တည်ချက်တွေအတိုင်း ဆက်ပြီး ရပ်တည်သွားမယ် ဆိုတာမျိုးကတော့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို အခက်အခဲ တွေ့စေနိုင်ပါတယ်။ ဒါ့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကို သီးခြား အဖွဲ့အစည်းတစ်ရပ်အဖြစ် ပြဌာန်းထားတာကို ဆုပ်ကိုင်ထားတဲ့အချက်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် စစ်ခေါင်းဆောင်တွေဟာ သူတို့ သဘောဆန္ဒအလျောက် တပ်မတော် တာဝန်တွေကို ဆက်ပြီး ယူထားနိုင်တယ် ဆိုပြီး တကယ်လည်း အသက် ၆၀ ပြည့်တဲ့တိုင် အနားမယူကြတဲ့ အချက် စတာတွေကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင် စနစ် ပြန် ပေါ်မလာစေရေး၊ ဒီမိုကရေစီ နိုင်ငံ ထူထောင်ရေး အတွက်ကတော့ ရင်မအေးနိုင်သေးပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က သူတို့ရဲ့ သဘောထားရပ်တည်ချက်တွေကို ထုတ်ဖော်ပြောဆိုလာကြပြီမို့၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အစိုးရ၊ လွှတ်တော် ဘက်ကနေ တိုင်းပြည်မှာ အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ရလာအောင်၊ တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒီမိုကရေစီ ထွန်းကားလာအောင် တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ လက်တွဲဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တပ်မတော် ခေါင်းဆောင်တွေ ကိုင်စွဲထားတာတွေထဲက ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အဟန့်အတား ဖြစ်စေနိုင်တဲ့၊ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ အခက်အခဲဖြစ်စေမယ့် ရပ်တည်ချက်တွေကနေ ပြောင်းလဲလာအောင်တော့ စည်းရုံး ဆွဲဆောင်ကြရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။